တော်နှင်းဆီတွင် သတင်းစာရှင်းလင်းပွဲဦးဆောင်သူ ကိုကျော်နိုင်ဦးကို RFA မှ မေးမြန်းခြင်း..။

Thursday, September 20, 2012


မင်းတို့ဉာဏ်အမြင် တစ်မိုက်တစ်ထွာမျှရယ်နဲ့ ငြင်းဖို့သန်လျှင် မိုက်ရာကျပါလိမ့် . . . မောင်သွေးချွန်း )

သူတို့ ပြန်လာကြလေပြီ။ သူတို့ဆိုတာ 'ကျောင်းသားတပ်ဖွဲ့'လို့ ပြောနိုင်တဲ့ ABSDF အဖွဲ့ကြီးရဲ့ ဥက္ကဋ္ဌဟောင်းများဖြစ်ကြတဲ့ ဒေါက်တာနိုင်အောင်၊ ကိုမိုးသီးဇွန်နဲ့ ကိုထွန်းအောင်ကျော်တို့ အပါအ၀င်ဖြစ်တဲ့ လူတစ်စုပါပဲ။ သူတို့ဟာ ၂၀၁၂ ခုနှစ် စက်တင်ဘာလဆန်းမှာ ပြည်တော်ပြန်လာကြတယ်။ သူတို့ကို ခရီးဦးကြိုပြုလိုက်တာကတော့ '၉၂ ပါဂျောင် ရှင်းတမ်း' ဖြစ်ပါတယ်။ ၂၀၁၂ခုနှစ် သြဂုတ်လ ၃၁ ရက်မှာ အေဘီမြောက်ပိုင်းပြန် ရဲဘော်များက ၁၉၉၂ ပြည်ထောင်စုနေ့ လူသတ်ပွဲ ကြီးအကြောင်းကို '၉၂ ပါဂျောင်ရှင်းတမ်း'အဖြစ် သတင်းစာ ရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။ မြောက်ပိုင်းဒေသက ABSDF အတွင်း ကျောင်းသားစစ်စစ်တွေကို 'ထောက်လှမ်းရေး'လို့ စွပ်စွဲပြီး ငရဲသားတွေက အဘခေါ်ရလောက်အောင် နှိပ်စက်ညှဉ်းပမ်း သတ်ဖြတ်ခဲ့ပုံတွေကို ကျွန်တော်တို့ ကြားသိခဲ့ပြီးဖြစ်ပါတယ်။ ပြောရရင် ရှစ်လေးလုံး အရေးတော်ပုံကြီးအပြီး ကျောင်းသားတွေ တောခိုသွားခဲ့ကာ ABSDF အဖွဲ့ ပေါ်လာပုံကစပြီး ABSDF
ဖရိုဖရဲ ပြိုကွဲသွားပုံအထိ ကျွန်တော်တို့ မျက်ခြည်မပြတ်ခဲ့ပါ။


၉၂ ပါဂျောင်ရှင်းတမ်းရဲ့ နိဒါန်းအစလို့ ဆိုနိုင်တဲ့ ပန်းချီထိန်လင်းရဲ့ 'ကျွန်တော် လူကက်ဆက်' ရင်ဖွင့် ဖော်ထုတ်ချက် စာတမ်းကို ၁၂ဖေဖော် ၀ါရီ ၂၀၁၂ ခုနှစ် နေ့စွဲနဲ့ အွန်လိုင်းပေါ်က ရခဲ့ပါတယ်။ နောက်တော့ Popular News ဂျာနယ်နဲ့ Messenger ဂျာနယ်တွေမှာ တရားဝင်ဖော်ပြလာတာ ဖြစ်ခဲ့ရပါတယ်။ ပန်းချီထိန်လင်း ကောက်ကြောင်း အပိုင်းအစမျှ ခြစ်ရာပေးလိုက်တဲ့အပေါ်မှာ စုတ်ချက်ကြမ်းကြမ်းနဲ့ သွေးရောင်လွှမ်းတဲ့ အနိဋ္ဌာရုံ ရုပ်ပုံများအဖြစ်'အောင်မိုးဝင်းရေးတဲ့ မြောက်ပိုင်းဒေသမှ အရိုးတွန်သံများကို'ရှာဖွေတွေ့ရှိခဲ့ပြီး ရင်တလှပ်လှပ် စုတ်တသပ်သပ် ဖတ်ခဲ့ရပါတယ်။

၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ ကိုအောင်မိုးဝင်းရဲ့ 'အရိုးတွန်သံများ'စတင် ပဲ့တင်ခဲ့ပါတယ်။ ၂၀၁၂ ခုနှစ် ပြည်ထောင်စုနေ့ အကြို ဖေဖော်ဝါရီလ ၁၁ ရက်အထိဆိုရင် အရိုးတွန်သံများ (အပိုင်း-၉) အထိ အတော်အသင့် ပြည့်စုံတဲ့ သမိုင်းမှတ် တမ်းများဆက် ဖတ်ခွင့်ရခဲ့ပါတယ်။ မြောက်ပိုင်းမှာ ဖြစ်ခဲ့တာတွေကို တောင်ပိုင်းနဲ့ ဆက်စပ်ကြည့်နိုင် အောင်ကိုထက်အောင်ကျော်ရဲ့ 'သူပုန်ကျောင်းသားတစ်ဦးရဲ့ မာရသွန်ခရီး' ဆိုတဲ့ စာတမ်းရှည်ကြီးကိုလည်း ရှာဖွေလေတွေ့ရှိလေဆိုတာ လို ဖတ်မှတ်ခဲ့ရပြန်ပါတယ်။ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၂၃ကနေ ၂၀၁၂ုခုနှစ် ဇွန်လ ၇ ရက်အထိ (အပိုင်း ၁၉ မှ၃၃ အထိ) အေဘီ-တောင်ပိုင်းရဲ့ ပုံရိပ်များကို စိတ်ဝင်တစား ဖတ်မှတ်ခဲ့ရပါတယ်။

အဲဒီနောက်တော့ အားလုံးပဲ မြည်းစမ်း ဖတ်ရှုပြီးဖြစ်လောက်တဲ့ မောင်မောင် (ရွှေကရ၀ိတ်) ရဲ့ 'ဟင်္သာ ကိုးသောင်းပုံပြင်' စာအုပ် ၂၀၁၂ ခုနှစ် ဇူလိုင်လထဲမှာ စာပေစိစစ်ရေး ခွင့်ပြုချက်နဲ့ တရားဝင် ထုတ်ဝေလာပါတယ်။ ဒီစာအုပ်နဲ့ ပတ်သက်ပြီး ကျွန်တော်ရဲ့ ရှုမြင်သုံးသပ်ချက်ကို၆-၇-၁၂ ထုတ် 'မန္တလေးအလင်းဂျာနယ်'မှာ ရေးသားဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။

ကျွန်တော် ကြားသိဖတ်မှတ်ခဲ့ရတာတွေကို အနှစ်ချုပ်ကြည့်လိုက်တော့ အေဘီမြောက်ပိုင်း လူသတ်ပွဲကြီးရဲ့ တာဝန်ရှိသူတစ်ဦးအဖြစ် 'ဒေါက်တာနိုင်အောင်'ရဲ့ အမည်ကို တညီတညွတ်တည်း ဖော်ပြထားတာ တွေ့ခဲ့ရပါတယ်။ ကျွန်တော်တွေ့ရှိ သိမြင်သကဲ့သို့ပင် ကျွန်တော့်ထက် သိမြင်နိုင်စွမ်းအား အဆမတန်ပို၍ ကြီးမားသော နိုင်ငံတော်အစိုးရကလည်း ဧကန်မုချသိနေမှာပါပဲ။ ဒီလိုအခြေအနေမှာ ဒေါက်တာနိုင်အောင်နဲ့ ချိတ်ဆက်ပြီး လက်ကမ်းခဲ့တာဟာ နိုင်ငံတော်ရဲ့ သဘောထားကြီး ပုံကို ပြတာလား၊ ဘာလားညာလား စိတ်ဝင်စားစရာ ဖြစ်ခဲ့ပါတယ်။

မြောက်ပိုင်းပြန် ကျောင်းသား ရဲဘော်ဟောင်းများကတော့ ' . . . မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိနေသည့် ဒေါက်တာနိုင်အောင် အပါအ၀င် လူပုဂ္ဂိုလ် ၁၃ ဦးကို ညှဉ်းပမ်း သတ်ဖြတ်မှုများအတွက် တာဝန်ရှိသူများ ဖြစ်ကြောင်း စွပ်စွဲထားသည်။ ယင်း ဖြစ်စဉ်များနဲ့ ပတ်သက်ပြီး အမှုဖွင့် တရားစွဲဆိုမှုများ ပြုလုပ်ရန် ကြိုးစားနေကြောင်း၊ အမှုဖွင့်ရာတွင် အခြားသူများအား စွပ်စွဲတိုင်ကြားသည့်အမှုကို လက်ခံခဲ့သော်လည်း ဒေါက်တာနိုင်အောင် အမည်တပ်ကာ စွဲဆိုသော အမှုကို ခွင့်မပြုသေးကြောင်း . . .' ၆ စက်တင်ဘာ ၂၀၁၂ ထုတ် ၇ ရက် သတင်းဂျာနယ် စာမျက်နှာ ၂၇ မှာ ဖော်ပြထားပါတယ်။

အမှုဖွင့်တာကို ခွင့်မပြုဆိုတဲ့ အကြောင်းအရာကို တရားဥပဒေ စိုးမိုးရေးလို့ ကြွေးကြော်နေသူများ၊ အကောင်အထည်ဖော်ဖို့ ကြိုးစားနေသူများက ထူးခြားဖြစ်စဉ်အဖြစ် မှတ်တမ်းတင်ထားစေချင်ပါတယ်။ (အေဘီ-မြောက်ပိုင်း လူသတ်ပွဲ သမိုင်း ရှင်းတမ်းက သူ့လမ်းသူထွင်ပြီး ဆက်လျှောက်သွားနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။)

အခု ကျွန်တော် ဆွေးနွေးချင်တာကတော့ ဒေါက်တာနိုင်အောင်နဲ့ ကိုမိုးသီးဇွန်တို့ရဲ့ ဂျာနယ်တွေထဲက အင်တာဗျူးအဖြေစကားများအပေါ် မြော်မြင်သုံးသပ်ကြည့်ချင်တာပါပဲ။ သူတို့နှစ်ယောက်လုံးဟာ အေဘီရဲ့ ဥက္ကဋ္ဌဟောင်း နှစ်ဦးဖြစ်နေခဲ့တာကို ကြည့်ရင် အေဘီမှာနေရာ (အာဏာ) လုခဲ့တာ ထင်ရှားသိသာလှပါတယ်။ ပြီးတော့ သူတို့နှစ်ယောက် ခေါင်းဆောင်တွေဖြစ်ပါလျက် နောက်လိုက်တွေကို စွန့်ခွာခဲ့သူများအဖြစ်လည်း တွေ့မြင်ခဲ့ရပါတယ်။ သူတို့ တည်ထောင်ခဲ့တဲ့ အဖွဲ့အစည်းကို ကျောခိုင်းခဲ့သူများလို့လည်း ဆိုနိုင်ပါတယ်။

ဒီနေ့ မြန်မာပြည်မှာ အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေးရအောင် သူတို့ ပါဝင်လုပ်ဆောင်မယ်လို့ ပြောနေပါပကောလား။
--------------------------------------------------------------------------------

ကယားပြည်နယ် လောပိတက လျှပ်စစ်မီးထုတ်ယူပြီး ကယားပြည်နယ်ကိုတော့ မှောင်ကြီးချခဲ့တာတွေ၊ ရခိုင်ကျောက်ဖြူဒေသက စွမ်းအင်တွေ တရုတ်ကို ရောင်းစားလိုက်ပြီး ရခိုင်ဒေသ မှောင်ကြီးကျနေတာတွေ စသည်ဖြင့် ဒါတွေကို ဗမာပြည်သူ အများစုကြီးကလည်း တိုင်းရင်းသားတွေနဲ့ ထပ်တူ မလိုလားကြပါဘူး။

--------------------------------------------------------------------------------
'သမဂ္ဂါနံတပေါသုခေါ'လို့ ဘုရားဟောခဲ့တာပဲ။ လိုရင်းအဓိပ္ပာယ်ကတော့'ဦးညွတ်မှ ချမ်းသာမည်' ဒီတော့ ကိုယ့်သမိုင်း ကိုယ်ပြန်ကြည့်လိုက် စမ်းပါ။ ကျောင်းသားထုကြီးရဲ့ ညီညွတ်ရေးကို မိမိအတ္တ၊ မိမိနေရာ၊ မိမိအာဏာအတွက် ဖြိုခွဲခဲ့တာ ဘယ်သူ တွေလဲ၊ ကိုယ့်တပ်ကိုယ် ပြန်နင်းခဲ့တာ ဘယ်သူတွေလဲ၊ ညီညွတ်ရေး မရှိဘဲနဲ့ ငြိမ်းချမ်းရေး မဖော်ဆောင်နိုင်၊ အခုရော ခင်ဗျားတို့ချင်း ညီညွတ်ကြလို့လား။

ငါတို့ မိဘပြည်သူတွေမှာဖြင့် ကျောင်းသားတပ်မတော်ကြီးရဲ့ ပြည်တော်ဝင်ခန်းကို သပြေပန်းနဲ့ လက်ကမ်းကြိုမယ်ဆိုပြီး မျှော်လိုက်ရတာ စောင့်လိုက်ရာ မင်းတို့ကတော့ ညီအစ်ကိုချင်း ရဲဘော်ချင်း သွေးချောင်း စီးအောင်သတ်ပြီး မိဘပြည်သူတွေကို ကျေးဇူးဆပ်လိုက်တယ်ပေါ့လေ။ ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်တဲ့ ဗမာ့လွတ်လပ်ရေး တပ်မတော်ကြီးရဲ့ ပြည်တော်ဝင်ခန်းနဲ့တော့ တစ်လမ်းစီ၊ တခြားစီပါပဲ။ ဘာပဲဖြစ်ဖြစ်လေ၊ ဒီနေ့မြန်မာ့မြေမှာ ငြိမ်းချမ်းရေးရအောင် ဖော်ဆောင်မယ်လို့ လွယ်လွယ်လေး ပြောလိုက်တဲ့အပေါ်မှာ သူတို့ရဲ့ နိုင်ငံရေးအတွေးအခေါ် ဘယ်လောက် ရှိ မရှိ ဆန်းစစ်ကြည့်သင့်ပါတယ်။

ဒေါက်တာနိုင်အောင်က စလိုက်ရအောင်။ တိုင်းရင်းသားများနဲ့ အပစ်အခတ်ရပ်စဲ ငြိမ်းချမ်းရေး၊ ပြီးတော့ ဒီနေ့ ရခိုင်-ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး ဒေါက်တာနိုင်အောင်ပြောခဲ့တာတွေကို အစဆွဲထုတ်ကြည့်ရအောင်။

''အဓိကတော့ တိုင်းရင်းသားတွေနဲ့ ပတ်သက်လို့ ပြည်တွင်းစစ်က နှစ် ၆၀ ကျော်ပြီလေ၊ အားလုံးသိကြတဲ့အတိုင်း နာတာရှည် ပြဿနာပေါ့။ ၈၈ ဖြစ်တဲ့အခါကျတော့ ကျွန်တော်တို့ တောထဲကို ရောက်သွားတဲ့အခါ တိုင်းရင်းသားတွေဘ၀နဲ့ သူတို့ တောင်းဆိုမှုကို ဘာလဲဆိုတာ ပိုနားလည်လာသလို တိုင်းရင်းသားတွေဘက်ကိုလည်း ဗမာဆိုတဲ့ လူမျိုးတွေဟာ မဟာဆိုတဲ့ စိတ်မျိုး မရှိပါဘူးဆိုတာလည်း ကျွန်တော်တို့ ရှင်းပြခွင့် ကြုံတာပေါ့။ ၂၄ နှစ်အတွင်းမှာ ကျွန်တော်တို့ လုပ်နိုင်တဲ့ အမြတ်အစွန်းတစ်ခုက အဲဒါပေါ့'' (၁၀ စက်တင် ဘာ ၂၀၁၂ ထုတ် Messenger မှ)

ပင်လုံစာချုပ်ပါ အချက်များကို တိုင်းရင်းသားများ မခံစားရသေးကြောင်းနဲ့ ''နဂိုတုန်းက ကိုယ့်နိုင်ငံလေးတွေနဲ့ နေခဲ့ကြတဲ့ နိုင်ငံတွေအားလုံးဟာ ကိုလိုနီလက်အောင်ရောက်မှ မြန်မာပြည်မြေပုံကြီး ဖြစ်သွားတာကိုး''လို့ ဆက်ပြောထားပါတယ်။

ကိုလိုနီခေတ်မတိုင်ခင်က ရှမ်း၊ ကချင်၊ ကရင်စတဲ့ တိုင်းရင်းသားတွေ နေထိုင်ရာ နယ်မြေဒေသများဟာ နိုင်ငံ (state) အဆင့်ကို ရောက်နေပြီလား၊ (ကျွန်တော့်မှာ စဉ်းစဉ်းစားစားနဲ့ သတိထားပြီး ပြောနေရပါတယ်။) ဒီနေ့ ငြိမ်းချမ်းရေးစကား ပြောနေရာမှာ တိုင်းရင်းသားများ တောင်းဆိုနေတဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အပေါ် လိုလားထောက်ခံပါတယ်။ ဒါပေမဲ့ သမိုင်းအမှန်တရားကိုပြန်ကြည့်ရင် ကိုလိုနီခေတ်မတိုင်မီကတည်းက ဗမာဘုရင်တွေခေတ်ကတည်းက တိုင်းရင်းသားတွေဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရခဲ့ပြီးဖြစ်ပါတယ်။ ဘုရင်ကို သစ္စာခံရုံပါပဲ။ အခွန်အကောက် လက်ဆောင်ပဏ္ဍာ ဆက်သရုံပါပဲ။ တိုင်းရင်းသားတွေရဲ့ အုပ်ချုပ်သူအကြီးအကဲကို ဖယ်ရှားပြီး ဗမာတွေက သွားအုပ်ချုပ်တာမျိုး မရှိခဲ့ပါဘူး။

လွတ်လပ်ရေးရပြီးနောက်ပိုင်း အထူးသဖြင့် ၁၉၆၂ ခုနှစ်နောက်ပိုင်းမှာ စစ်အာဏာရှင်ခေတ်ဖြစ်တဲ့အတိုင်း တိုင်းရင်းသား နယ်မြေတွေမှာ စစ်တပ်တွေပို့ထားပြီး အဲဒီအချိန်ကစပြီး စစ်တပ်ကပဲ ကြိုးကိုင်ခြယ် လှယ်စီမံအုပ်ချုပ်လာခဲ့တာ မဟုတ်ပါလား။ တန်းတူရေးကို ပြောရင် စစ်အာဏာရှင်စနစ်လက်အောက်မှာ ဗမာလူမျိုးဆိုတာလည်း တိုင်းရင်းသားတွေနဲ့ တန်းတူဖိနှပ်ခံရတာပဲ။ ဗမာကမှ ဗမာ၊ ဗမာချင်း စစ်ဗိုလ် မြန်မာက အရပ်သားဗမာကို အနီးကပ် ဖိနှိပ်တာပိုလို့တောင် ခံရပါသေးတယ်။ ထောင်ကျတာလည်း ဗမာတွေ အများစု၊ သေတော့လည်း ဗမာတွေ အများစုပါပဲ။

စစ်အာဏာရှင်စနစ် လက်အောက်မှာ ဗမာပြည်သူတွေလည်း ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် မရခဲ့ပါဘူး။ စေသည်ကျွန်ထွန်သည့်နွားပါပဲ။ ဒါကြောင့်လည်း တိုင်းရင်းသား ညီအစ်ကိုတွေနဲ့အတူ စုပေါင်းပြီး အာဏာရှင်ဆန့်ကျင်ရေး လမ်းကြောင်း၊ ဒီမိုကရေစီလမ်းကောင်းပေါ် အတူတူ တိုက်ပွဲဝင်ချီတက်နေကြတယ် မဟုတ်လား။ တိုင်းရင်းသားတွေရဲ့ ဘာသာစကားကို ကျွန်တော် နားလည်ပါတယ်။ ဗမာတွေကပညာ သင်ကြားရေးကစပြီး လူနေမှုအဆင့်အတန်း ပိုမြင့်တဲ့ အခွင့်အရေးတွေ ခံစားနေကြတာလို့ မြင်နိုင်ပါတယ်။ ဒါတွေဟာ ခေတ်စနစ်အရ ကံကြမ္မာရဲ့ သားကောင်တွေဖြစ်ခဲ့ရတာပါ။ ကယားပြည်နယ် လောပိတက လျှပ်စစ်မီးထုတ်ယူပြီး ကယားပြည်နယ်ကိုတော့ မှောင်ကြီးချခဲ့တာတွေ၊ ရခိုင် ကျောက်ဖြူဒေသက စွမ်းအင်တွေ တရုတ်ကို ရောင်းစားလိုက်ပြီး ရခိုင်ဒေသ မှောင်ကြီးကျနေတာတွေ စသည်ဖြင့် ဒါတွေကို ဗမာပြည်သူအများစုကြီးကလည်း တိုင်းရင်းသားတွေနဲ့ ထပ်တူ မလိုလားကြပါဘူး။

ဒေါက်တာနိုင်အောင်ပြောခဲ့တဲ့ မြန်မာပြည်မြေပုံကြီးကိစ္စကို ရှင်းပြဖို့ လိုလာပါပြီ။ ကိုလိုနီလက်အောက်ရောက်မှ ဒီမြေပုံကြီး ဖြစ်ပေါ်လာတာ မဟုတ်ပါဘူး။ ကုန်းဘောင်ခေတ်ကို အနီးဆုံးထားပြီး ပြန်ကြည့်ရင် အလောင်းဘုရားခေတ် မြန်မာပြည် မြေပုံဟာ လက်ရှိ မြန်မာပြည်မြေပုံထက် ပိုကြီးပါတယ်။ ပိုပြီးကျယ်ပြန့်ပါတယ်။ အာသံ၊ မဏိပူရ၊ အယုဒ္ဓယ၊ ဇင်းမယ်၊ လင်းဇင်းအထိပါပဲ။ စစ်တိုက်ပြီး နယ်ပယ်ချဲ့ထွင်နိုင်ခဲ့တာကို ဂုဏ်ယူပြောဆိုနေခြင်း မဟုတ်ပါ။ ကိုလိုနီခေတ်မတိုင်မီက မြန်မာပြည် မြေပုံကို မှန်မှန်ကန်ကန် သိစေချင်လို့ တင်ပြလိုက်တာပါ။ (ဘုရင့်နောင်ခေတ် မြန်မာပြည်မြေပုံက အလောင်းဘုရားခေတ်ထက်တောင် ပိုပြီးတော့ ကြီးမားကျယ်ပြန့်ပါသေးတယ်)

ဒေါက်တာနိုင်အောင်က တိုင်းရင်းသားအရေးနဲ့ ပတ်သက်ပြီး ''သူတို့ရဲ့ တိုင်းပြည်ပြန်ရခွင့် ပျောက်ဆုံးနေတယ်၊ ဒါကြောင့်မို့လည်း သူတို့က လက်နက်ကိုင် တိုက်ပွဲဝင်နေတာ ဖြစ်တယ်''လို့ ဆက်ပြောထားပါတယ်။

သူတို့ရဲ့ တိုင်းပြည် . . .ဆိုတော့ . . .သတိထားပြီး ပြောကြရအောင် တိုင်းရင်းသားတွေက သီးခြားခွဲထွက်ပြီး 'တိုင်းပြည်၊ နိုင်ငံ' တစ်ခုစီအဖြစ် ထူထောင်ဖို့ လုပ်နေတာလား၊ ဥပမာ ကရင်သမ္မတနိုင်ငံဆိုပါစို့၊ ဒီနေ့ အလောင်းဘုရားခေတ် (ပဒေသရာဇ် ခေတ်) က အခြေအနေတွေနဲ့ လုံးဝမတူခြားနားတဲ့ အခြေအနေကို ရောက်နေပါပြီ၊ ကိုလိုနီခေတ် နှစ်ပေါင်းတစ်ရာခန့်၊ လွတ်လပ်ပြီး နှစ်ပေါင်း ၆၀ ကျော်ခန့်၊ ဒီနှစ်ပေါင်း ၂၀၀ နီးပါး ကာလကြီးမှာ တိုင်းရင်းသားလူမျိုးများ သူ့နယ်ကိုယ့်နယ် ရောနှောနေ ထိုင်ရာ ပြည်ထောင်စုကြီး ဖြစ်နေပါပြီ။

ကရင်နဲ့ မွန်၊ မွန်နဲ့ ပအို့ဝ်၊ နယ်မြေတွေ ထိစပ်နေရုံမျှမက မွန်ဒေသမှာ ကရင်ရှိသလို ကရင်နယ်မှာလည်း မွန်နဲ့ ပအို့ဝ်ကို တွေ့ရမှာပါပဲ။ ရှမ်း နဲ့ ကချင်၊ ရှမ်းနဲ့ဝ၊ ကိုးကန့်ဆိုတာက ပါလာသေး။ ချင်းမှာလည်း ဖလမ်းချင်းနဲ့ တီးတိန်ချင်း မတူပြန်ဘူး။ ဗမာတွေကလည်း ၀န်ထမ်းတွေရော စီးပွားဝမ်းစာရှာသူတွေရော ရေကြည်ရာ မြက်နုဆိုသလို တိုင်းရင်းသားဒေသတွေမှာ အခြေချနေပြီး ဖြစ်နေပြီ။ ရန်ကုန်ကို ဘယ်လိုပြောမလဲ၊ ရန်ကုန်ဆိုတာ ရှေးတုန်းက မွန်တို့ရဲ့ ဒဂုန်ပဲ။ မွန်တိုင်းပြည် မွန်နိုင်ငံ ထူထောင်မယ်ဆိုပြီး ရန်ကုန်က ဗမာတွေကို နှင်ထုတ်လို့ ဖြစ်နိုင်ပါတော့မလား။

ဒီနေ့ ကရင်ပြည်နယ်တစ်ခုတည်းကိုပဲ ကြည့်လိုက်ပါဦးတော့။ ဒီကေဘီအေရယ်၊ ကေအင်ယူရယ်၊ အခြားသော လက်နက်ကိုင် ကရင်အဖွဲ့တွေရယ် သီးခြားစီသူ့နယ်ကိုယ့်နယ် ဖြစ်နေကြတယ် မဟုတ်လား။ တစ်ပြည်ထောင်စီ ခွဲထုတ်လိုက်လို့ ကတော့ ဖြစ်လိုက်မယ့် ပြဿနာတွေ လက်နက်ကိုင် ပဋိပက္ခတွေ၊ မီးခိုးမဆုံး မိုးမဆုံး ဖြစ်လိုက်မယ့် စစ်ပွဲတွေ၊ ငြိမ်းချမ်းရေးစကား ပြောချိန်တောင်ရတော့မှာ မဟုတ်ဘူး။

ဒီလို စစ်မီးတောက်လောင်ပြာကျမယ့်အရေးကို တိုင်းရင်းသားတွေကလည်း မလိုလားပါဘူး။ ဒါကြောင့် 'တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်'ကိုပဲ တောင်းဆိုနေကြတာပါ။ ဒါက တရားမျှတတဲ့ တောင်းဆိုမှုပါ။ ဗမာပြည်ကို အင်္ဂလိပ်ကလာပြီး အုပ်ချုပ်တာ မကြိုက်ရင် ဗမာကလည်း ရှမ်း၊ ကချင်၊ ကရင် စတဲ့တိုင်းရင်းသားတွေအပေါ် လွှမ်းမိုးအုပ်ချုပ်ဖို့ မကြိုးစာသင့်ပါဘူး။ ရပ်ရွာထဲက အိမ်ထောင်စု တစ်ခုချင်းမှာတောင်(ဆွေမျိုးအရင်းချာမှာတောင်) သူ့အိမ်တွင်းရေး ကိုယ်က သြဇာဝင်ပေးတာမျိုး မသင့် တော့ပေဘူး။ သူကျေနပ် လက်ခံသလောက်သာ အကြံဉာဏ်ပေး ကူညီတာမျိုး ဖြစ်ရမယ်။

အခု ကျွန်တော်တင်ပြခဲ့တာတွေက တိုင်းရင်းသားအရေးနဲ့ ပတ်သက်လာရင် ရှေးပဝေသဏီ ဘုရင်ခေတ်၊ ပဒေသရာဇ်ခေတ်တွေကတည်းက အတူတကွ နေထိုင်လာကြတဲ့ ပြည်ထောင်စုသားတွေအတွက် ပြောခဲ့တာပါ။ သေချာတာကတော့ ပြည်ထောင်စုဖွား တိုင်းရင်းသားတွေထဲမှာ ရိုဟင်ဂျာ မပါဘူးဆိုတာပါပဲ။ ဒေါက်တာနိုင်အောင်ကတော့ ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး ဒီလိုပြောဆိုထားပါတယ်။

''ကျွန်တော်တို့ မြန်မာပြည် အတိုင်းအတာနဲ့ ပြောမယ်ဆိုရင်သူတို့က ပြည်နယ်တောင်းပိုင်ခွင့် ရှိတယ်၊ ရခိုင်၊ ကချင်၊ မွန်၊ ရှမ်း၊ ကရင် ရှိသလိုပေါ့''(ရှေးကတည်းက ရှိခဲ့တယ်ဆိုရင် ပြည်နယ်ပိုင်ဆိုင်ခွင့်ရှိတယ်တဲ့)

''အဲဒီမှာ ရှင်းရမှာက ဘာလဲဆိုတော့ အခု ရိုဟင်ဂျာလို့ ပြောနေတဲ့ လူမျိုးတွေက ကျွန်တော်တို့ မြန်မာတွေ၊ ရခိုင်တွေလို အဲဒီကာလကတည်းက အခြေစိုက် နေထိုင်ခဲ့ကြတာမျိုးဆိုရင်သမိုင်းကိစ္စ ကျွန်တော်နားမလည်ဘူး။ အဲဒီလိုမျိုးရှိတယ်ဆိုရင် သူတို့လည်း ပြည်နယ်တောင်းပိုင်ခွင့် ရှိတယ်''(၁၀-၉-၁၂ထုတ် Messenger ဂျာနယ်မှ)

သမိုင်းကိစ္စ နားမလည်ရင် ရိုဟင်ဂျာအရေး ဆွေးနွေးတောင်းဆိုပိုင်ခွင့် လုံးဝမရှိပါဘူး။ ရိုဟင်ဂျာဆိုတဲ့ စကားလုံး စတင်ပေါ်ပေါက် လာတာတောင် သမိုင်းခေတ်တွေနဲ့ပြောရင် ဘာမှမကြာသေးပါဘူး။ ၁၉၅၁ ခုနှစ် သြဂုတ်လ ၂၀ ရက်ထုတ် ဂါဒီယန်သတင်းစာ(The Guardian) မှာ ပါလီမန်အမတ် မစ္စတာဂါဖားရ်က သူတို့ကို ဘင်္ဂါလီလို့ခေါ်ရင် တစ်ဖက်နိုင်ငံက ပြေးလာသူတွေမှန်း သိသွားမှာစိုးလို့ 'ရိုဟင်ဂျာ'လို့ တီထွင် သုံးနှုန်းလိုက်တာပါ။ ရိုဟင်ဂျာလို့ မခေါ်မီ သူတို့ကိုယ်သူတို့ (မူဂျာဟစ် = ဘာသာရေး သူရဲကောင်း) လို့ ခေါ်ဆိုခဲ့ပါတယ်။ လူမျိုးရေးဘာသာရေး အသွင်ဖန်တီးခဲ့တာ သူတို့ဘက် စခဲ့တာပါ။ ပြဿနာအားလုံးရဲ့ အရာရာကို သူတို့ဘက်ကပဲ စခဲ့တာပါ။ ဒီနေ့ ရခိုင်ရိုဟင်ဂျာအရေး မပေါ်ပေါက်မီကပင် ၂၁ မတ် ၂၀၀၉ ခုနှစ် နေ့စွဲနဲ့ သမိုင်းသုတေသန ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမြင့်သိန်းက 'ရခိုင်ဒေသအတွင်းသို့ မွတ်ဆလင်များ ၀င်ရောက်လာခြင်းနှင့် နိုင်ငံရေး လှုပ်ရှားမှု အဆင့်ဆင့်' ဆိုတဲ့စာတမ်းကို ရေးသားတင်ပြခဲ့ပြီး ဖြစ်ပါတယ်။ (ထိုစာတမ်းကို မိတ္တူများစွာပွား၍ လက်ဆင့်ကမ်း ဖတ်မှတ်လေ့လာနေကြပေပြီ)

စာတမ်းရဲ့ အနှစ်ချုပ်ကတော့ ရိုဟင်ဂျာဆိုတာ တိုင်းရင်းသား မဟုတ်၊ အင်္ဂလိပ် ကိုလိုနီခေတ်ဦးက ပင်လယ်ယာလုပ်ကိုင်ဖို့ ရောက်လာရင်း ပွားများလာကာ ၁၉၁၁ ခုမှာပင် စစ်တွေခရိုင်ရဲ့ လူဦးရေ ၇၇% မှာ ဘင်္ဂါလီရိုဟင်ဂျာများဖြစ်ကြောင်း သိရပါတယ်။ အင်္ဂလိပ်တွေ သွေးထိုးပေးခဲ့တဲ့အတွက် ၁၉၄၂ ခုနှစ်မှာ အကြီးမားဆုံး အဓိကရုဏ်းကြီးဖြစ်ခဲ့ပြီး ဘူးသီးတောင်၊ မောင်တောမြို့နယ်များမှာ ရခိုင်ရွာတွေ မီးရှို့ခံရပြီး ရခိုင်လူမျိုးနှစ်သောင်းခန့် သေဆုံးခဲ့ရပါတယ်။ ရိုဟင်ဂျာတို့၏ ရည်ရွယ်ချက်သည် မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင် အနောက်ဘက်ခြမ်း တစ်ခုလုံးကို Arkistan အာကစ္စတန်အမည်ဖြင့် နိုင်ငံတစ်ခု ထူထောင်ရန် ဖြစ်သည်လို့ ဆရာဦးမြင့်သိန်းက တင်ပြထားပါတယ်။ လူ့အခွင့်အရေး အမည်ခံပြီး တိုင်းရင်း သားမဟုတ်ဘဲ ပြည်နယ်တောင်းခြင်း၊ နိုင်ငံထူထောင်ဖို့ ကြိုးစားခြင်းများဟာ ကျွန်တော်တို့ရဲ့ အချုပ်အခြာအာဏာကို ထိပါးစော်ကားလာတာပဲ ဖြစ်ပါတယ်။

ဒေါက်တာ နိုင်အောင်တို့ မိုးသီးဇွန်တို့က ထိုင်းမှာလည်း ဗမာတွေ ငါးသန်းလောက်လာပြီး အလုပ်လုပ် နေတာပဲတဲ့။ ဟုတ်ကဲ့ အဲဒီဗမာငါးသန်းက ယိုးဒယားမှာ ပြည်နယ် မတောင်းပါ။ ရိုဟင်ဂျာတွေက ဘူးသီးတောင်၊ မောင်တောကို လွှမ်းမိုးထားသလို မဲဆောက်ကို အပိုင်ကြံဖို့ စိတ်နဲ့တောင် မပြစ်မှားပါ။ ယိုးဒယားရွာတွေကို မီးမရှို့ပါ။ ယိုးဒယားတွေကို မသတ်ပါ။ လုပ်ခလစာ မှန်မှန်ရဖို့တောင်
ရုန်းကန်နေရရှာတဲ့ ရွှေဗမာတွေပါ။ လူ့အခွင့်အရေးဆိုတဲ့ စကားတစ်လုံး ပြောတတ်ရုံနဲ့ မြန်မာပြည်ရဲ့ တိုင်းရင်းသားအရေး၊ ငြိမ်းချမ်းရေးနဲ့ ရိုဟင်ဂျာအရေးတွေကို ဘယ်လိုပါဝင်ဖြေရှင်းမှာလဲလို့ မေးလိုက်ချင်ပါတယ်။

Sunday, September 9, 2012

.

ကိုယ့်လိပ်ပြာကိုယ်ရှက်ပါ
-------------------------
အမှန်တရားဟာ မီးအလား
စက္ကူနဲ့အုပ်ထား ထုပ်ထားလို့မလုံ...
မီးအဟုန်ကအစွမ်းကုန်အောင်
တောက်လောင်ပေလိမ့်မယ်…။

မပုပ်ရင်မပေါ်
မဟုတ်ရင်မကျော်ပါသကွဲ့
အတော်ရင်နာစရာကောင်းတဲ့ဖြစ်ရပ်
လူသတ်ခဲ့တဲ့အရိုင်း
မြောက်ပိုင်းကျောင်းသားဇာတ်
လျှပ်ပြက်နှယ်ထင်ရှားလူသိများလာချေပြီ…။

တရားသည် မတရားသည်
ကိုယ့်ပေါ်မှာသာမူတည်
မလိမ်လည် မညာစတမ်း
ကိုယ့်ဖါသာကိုယ်တရားစစ်ကြည့်စမ်း…။

မှန်သလား မှားသလား
အငြင်းပွားစရာ မလို
နဂိုရ်ရှိမှ နကိုင်းထွက်
အရိုင်းအစိုင်းဖက်သမျှ
အပိုင်းအပိုင်းထွက်လာမယ်ပ…။

လူလူချင်း စာနာမှုကင်း
အယွင်းအမှား ဇာတ်တူသားစား
အာဏာသားကိုတိုက်တဲ့သူ
မြွေပူရာ ကင်းမှောက်လို့
အမှောက်မှောက် အမှားမှား
အဖေါက်ဖေါက်အပြားပြားနဲ့
လောက်များထက်ဆိုဝါး
အသားထဲက လောက်ထွက်
ပက်စက်တဲ့အကြံနဲ့ရက်စက်ကြပြန်
အမှန်တရား မမြင်တော့ပါလား
လက်တွင်ကိုင်ထား တခွဲသားအာဏာနဲ့
ကျောင်းသားအချင်းချင်း
ညှာတာမှုကင်း ရက်စက်ခြင်းများစွာနဲ့
အားမနာနှိပ်စက် အသက်ထွက်တဲ့အထိ
မိုက်ရိုင်းစွာသတ်ဖြတ်လိုက်ပါဘိ…။

အသိခေါက်ခက် အ၀င်နက်တဲ့သူ
လူမဆန် မူမမှန် တယူသန်သမား
ခုနေအခါများမှာ
ပွဲလန့်ရာ ဖျာဝင်ခင်း
အတင်းနာမည်ဝင်ခံ ပြည်တော်ပြန် သတဲ့..။

အဖြစ်မှန် စနက်တံသည်ကား
ဗုံးကျည်ဆန်အလား
ပေါက်ကွဲလာပါတကား…။

ကိုယ်လုပ်ကိုယ်ခံ အမှန်စံရမှာ
အမှန်သေခဲ့ရ ကြေကွဲခဲ့ရတာက
ဖျက်လို့မရတဲ့သမိုင်း..
သမိုင်းရိုင်းအောင် လုပ်ဆောင်ခဲ့သူမှန်ရင်
ကံတရားက မည်သူမျက်နှာမှမထောက်ထား
အကြောက်တရားကြီးကြီးနဲ့
ဆောက်စားကြီးသူတွေရဲ့မျက်နှာကို
အစိတ်စိတ်အမွှာမွှာ လှီးပစ်မှာ သေချာပါပေတယ်။

တက္ကသိုလ်ဘုန်းကြွယ်
(စက်တင်ဘာ ၉ ၂၀၁၂)

Saturday, September 8, 2012

ဘယ်သူ မဆို မင်းသားဖြစ်ချင်တယ်. . .

ဘယ်သူ မဆို မင်းသားဖြစ်ချင်တယ်. . .
======================
ပြည်တော်ပြန် ABSDF ခေါင်းဆောင်ဟောင်း နှစ်ယောက်နဲ့ ပါတ်သက်ပြီး ရေးသားဖေါ်ထုတ်မှုတွေ ကို လုပ်တာဟာ ခုချိန်မှာ လုပ်သင့်ရဲ့လား၊ သူတို့နဲ့ ညီညွတ်ရေး မလိုဘူးလား လို့ မိတ်ဆွေတယောက်က စာပို့ပါတယ်။
ကျနော်က သူတို့နိုင်ငံရေး ဇာတ်ခုံပေါ်ပြန်တက်လာ၊ အခွင့်ရေး ယူလာမှာစိုးလို့ လို့ ပြန်ဖြေခဲ့တယ်။
တကယ် တော့ ကျနော် ကိုနိုင်အောင် နဲ့ မဆုံဖူးပါဘူး။ ကိုမိုးသီးနဲ့ကတော့ ၈၈-၈၉ ကာလမှာလည်း အလုပ်လုပ်ခဲ့ဖူးတယ်။ ခုလည်း ပြန်ဆုံတယ်။ ခင်မင်ရင်းစွဲလေးလည်း ရှိပါတယ်။ ဒါပေမယ့် သမိုင်းဆိုတာ ခင်မင်ရင်းစွဲနဲ့ သာစေ၊ နာစေ ရေး ရတာ မဟုတ်ဘူး လို့ ကျနော် ခံယူထားပါတယ်။

သူတို့ဟာ ဒီမိုကရေစီ သမားတွေ မဟုတ်ဘူးလား၊ သူတို့ကို တိုက်ရင် ကြံ့ဖွံ့က အမြတ်ထုတ်သွားမှာပေါ့ လို့ တယောက်က ထောက်ပါတယ်။ ကျနော့်အမြင်မှာ ကြံ့ဖွံ့ပဲ ဖြစ်ဖြစ်၊ ဒီမိုကရေစီသမားပဲ ဖြစ်ဖြစ် တိုင်းပြည် ကို အန္တရာယ်ပေးနိုင်တာ လူတဦးချင်းတယောက်ချင်းရဲ့ စိတ်ဓါတ်၊ အကျင့် စာရိတ္တ၊ ခံယူချက်၊ လုပ်ဆောင်ချက်တွေနဲ့ပဲ ဆိုင်ပါတယ်။ ကျနော်အကြောက်ဆုံးကလည်း မြန်မာ့သမိုင်းစာမျက်နှာမှာ တိုင်းပြည်လွတ် လပ်ရေးအတွက် ရွေးချယ်ခဲ့တဲ့ လူငယ် ၃၀ ထဲ ဗိုလ်နေ၀င်းလို့ အခွင့်အရေး သမား တယောက်ပါသွားတဲ့အတွက် ခုချိန်ထိ မဆုံးနိုင်တဲ့ ဆိုးသံသရာမျိုး ထပ်ဖြစ်မှာကိုပါပဲ။

တကယ်တော့ ကျနော်က သမိုင်းကို စိတ်ဝင်စားလေ့လာသူသာဖြစ်ပြီး၊ သမိုင်းပညာရှင်လည်း မဟုတ်၊ သုတေသီလည်း မဟုတ်ပါဘူး။ ဒီကိစ္စတွေ မှာ ဘာကြောင့် ၀င်ပါဖြစ်သလဲ ဆိုရင် အနုပညာသမားတယောက်အနေနဲ့ ကိုယ့်အလုပ်ကိုယ်လုပ်ရင်း ဆွမ်းခံရင်း ငှက်သင့်တယ် ပဲ ထင်ပါတယ်။

ကျနော် ဒီရောက်ပြီး တနိုင်ငံလုံး အနှံ့လျှောက်သွား၊ တောထဲက ဖြတ်သန်း လာခဲ့တဲ့ သူငယ်ချင်းတွေ၊ လုပ်ဖေါ်ကိုင်ဘက်ဟောင်းတွေ၊ ရဲဘော်ရဲဘက်တွေ နဲ့ ဆုံဆည်း စကားပြောရင်း သူတို့ဖြတ်သန်းလာခဲ့တာ တွေကို အခြေခံပြီး နောက်တချိန် ကားရိုက်နိုင်ဖို့ပဲ ရည်ရွယ် အချက်အလက် တွေ စုစောင်းခဲ့တယ်။ ဒါပေမယ့် တကယ်တမ်းကျတော့ နားထောင်ရင်း ရွှေလိုတောက်ပနေတဲ့ အေဘီအက်စ်ဒီအက်ဖ် သမိုင်း ရဲ့ နောက်ကွယ်က အကျည်းတန်ဖြစ်ရပ် တွေကို ကျနော်သိလာ၊ မြင်လာရတယ်။

မတရားမှုတွေဗျာ
အဓမ္မတွေဗျာ...
ရက်စက်လိုက်ကြတာဗျာ။

နောက် ဒီဖြစ်ရပ်တွေ သာ မက၊ ဘာကြောင့် အေဘီအက်စ်ဒီအက်ဖ် နှစ်ခြမ်းကွဲ ခဲ့ရတယ်၊ နိုင်ငံရေး ကို ဖြောင့်မတ်သန့်ရှင်းစွာ လုပ်ကိုင်ခြင်းမရှိဘဲ နည်းမျိုးစုံနဲ့ကလိမ်ကကျစ် လုပ်တတ်တာ ဒါတွေဟာ မြန်မာ့သမိုင်းမှာ ဖြစ်ခဲ့ပြီး၊ ဒါတွေကြောင့် ခုချိန်ထိ သမိုင်းရဲ့ အမွေဆိုးကို ရင်ဆိုင်နေရတာ။ ဒါကြောင့် ဒီလိုလူတွေရဲ့ လုပ်ရပ် တွေကို ကျနော် ဖေါ်ထုတ်ဖို့ကို လိုပါတယ်။

ကျနော်လေ့လာထားသမျှကို ပြတ်ပြတ်သားသားပြောရမယ် ဆိုရင် မြောက်ပိုင်း၊ တောင်ပိုင်း လူသတ်မှုတွေ မတရားဖမ်းဆီးနှိပ်စက်မှုတွေ နဲ့ ပါတ်သက်ပြီး ဒေါက်တာနိုင်အောင် တို့ ဘက်က အဲဒီကာလဗဟိုကော်မီတီတွေ တာဝန်ယူဖြေရှင်းရမှာ ဖြစ်ပါတယ်။ တောင်ပိုင်း ဖမ်းဆီးမှုတွေဟာ တကယ့်ကို အာဏာလုပွဲတွေလို့ပဲ ကျနော်သုံးသပ်မိသလောက် ပြတ်ပြတ်သားသား ရေးပါတယ်။ မကြာခင် ဆရာကိုနေ၀င်းအောင် နဲ့ ကိုထင်ကျော်တို့ရဲ့ အင်တာဗျူးမှတ်တမ်းတွေကို ဆက်တင်ပါ့မယ်။ အဲဒီထဲမှာ လူမဆန်ဆုံးက တဦးတည်းသော အကျဉ်းသူ မမီမီခိုင်ကို အကြိမ်ပေါင်းများစွာ အဓမ္မကျင့် စော်ကားခဲ့တာ။ နှိပ်စက်ခဲ့တာ။ နောက်တော့ မှားလို့ဆိုပြီး အန်န်အယ်လ်ဒီက ပြန်ခေါ်ထုတ်သွားခဲ့တာ။. . မမီမီခိုင်ကို ခုချိန်ထိ ကျနော် မမြင်ဖူးသေးဘူး။ ဒါပေမယ့် သူနေခဲ့၊ သွားခဲ့ တဲ့ နေရာတွေက ကြားရသလောက် လပြည့်လကွယ်တွေမှာ စိတ်တွေ ဂယောင်ချောက်ခြား ဖြစ်ရတာ၊ တွေ့ရာယောက်ျားတွေ ခြေတော်တင်ခံရတာ ဟာ စိတ်နာစရာကြီးဗျာ။ ပညာတတ်အမျိုးကောင်းသမီးလေး တဦး ဒီမိုကရေစီ တော်လှန်ရေးသမားတွေ လို့ နာမည်ခံထားတဲ့ သူတွေ ဖျက်ဆီးတာကြောင့် ဘ၀ ပျက်သွားရတာ။ ဒီလိုပဲ ကိုမြင့်ဦးဆိုတဲ့ လူငယ်လေးဟာ ထိုင်းကို နွားတွေ ကျောင်းပို့ရင်း ကျောင်းသားတပ်မတော် ဆိုတဲ့ နာမည်ကြီး နဲ့ ၀င်လာခဲ့တာပါ။ သူဟာ မြန်မာစာတောင် ရေးတတ်၊ ဖတ်တတ်တဲ့ သူမဟုတ်ပဘူး။ ဒါပေမယ့် သူ့ကိုလည်း ထောက်လှန်းရေး လို့ စွပ်စွဲ ဖမ်းဆီး နှိပ်စက်ခဲ့တယ်။ ဒါတွေကို ဒေါက်တာနိုင်အောင်တို့ အနေနဲ့ မသိဘူး၊ ငြင်းလို့မရဘူး။ ရှင်းကို ရှင်းဖို့လိုပါတယ်။

အဲဒီလိုပဲ အေဘီအက်စ်ဒီအက်ဖ် နှစ်ခြမ်းကွဲ ရတဲ့ ဖြစ်ရပ်တွေနဲ့ ကိုဌေးနိုင်သေဆုံးမှုကိုပါ တာဝန်ယူဖြေရှင်းရမှာ ကိုမိုးသီးဇွန် ရဲ့ တာဝန်တွေပါ။ ကိုမိုးသီးဇွန်ဟာ နိုင်ငံရေး လုပ်တဲ့အခါမှာ အင်မတန်မှာ မဖြောင့်မတ်တဲ့ သူတယောက်ပါ။ အစည်းအဝေးတွေမှာ စည်းမျည်းစည်းကမ်း ကို လိုက်နာ တာ၊ အများသဘောရဲ့ ဆန္ဒကို လေးစားတာ လည်း နည်းပါးသလို၊ သူ့ ကို ဆန့်ကျင်ပြီ ဆိုတာနဲ့၊ သူမနိုင်လောက်ဘူး ဆိုတာနဲ့ အဲဒီပွဲ ကို ဖျက်တတ် တဲ့ အကျင့် ရှိတယ်။
ပြောရရင် ညစ်တတ်တဲ့နိုင်ငံရေး သမား စစ်စစ် ပါ။ အစည်းအဝေး တခုမှာ သူမနိုင်လောက်တော့ဘူး ဆိုရင် ဒီအစည်းအဝေးက ဘယ်လောက် လုံခြုံရေး ရှိသလဲ၊ ထောက်လှန်းရေး မပါဘူး ပြောနိုင်လား ဆိုပြီး ပွဲ ဖျက်တတ်တာ၊ ၈၈-၈၉ နိုင်ငံရေးပါတီအနေနဲ့ ကျောင်းသားပါတီတွေ ထောင် လုပ်ခဲ့ဖူးတဲ့ သူတွေ အားလုံး တွေ့ကြုံခဲ့ရတဲ့ ပြဿနာတွေပါ။
အဲဒီ ပြဿနာမျိုးတွေဟာ လက်နက်ကိုင်တဲ့ တောထဲကိုရောက်သွားတာပါပဲ။ ညီလာခံကွဲ ရ တာ ဘာကြောင့်လဲ ဆိုတာ အသေးစိတ် ဆရာကိုနေ၀င်းအောင် က ဆွေးနွေးတင်ပြထားပါတယ်။
ဆရာကိုနေ၀င်းအောင် ဟာ ပြောရရင် မိုးသီးဇွန်ရဲ့ လူရင်းပါ။ မိုးသီး တာဝန်ပေးမှုအရ မြေပေါ်တာဝန်ခံအနေ
နဲ့လုပ်ဆောင်ခဲ့တယ်။ ဒါပေမယ့် ညီလာခံမှာ မိုးသီးရဲ့ စည်းမျည်းစည်းကမ်း ကို မထေမဲ့မြင်လုပ်မှုတွေကို စိတ်ပျက်လွန်းလို့ အေဘီ အကွဲမှာ နိုင်အောင် ဘက် အခြမ်းကို ရပ်ခဲ့တယ် တဲ့။ မိုးသီးဇွန်ဟာ လူတဘက်သားကို မဟုတ်က ဟုတ်ကလုပ်ကြံတိုက်ခိုက်တတ်တယ်။ နောက် သူနိုင်ဖို့ ရိုးရိုးသားသား မကြိုးစားဘဲ အောက်လမ်း၊ အထက်လမ်း လမ်းပေါင်းစုံနဲ့ လုပ်တတ်တယ်။ ညီလာခံမှာ ဗိုလ်ချုပ်မြ ကိုပါ ခေါ်ပြီး သူ ဥက္ကဌ ဖြစ်ရေး ကြိုးပမ်းခဲ့တယ်။

ညီလာခံမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ကိစ္စ အောင်မြင်ခဲ့တယ်။ နိုင်ငံရေးလမ်းစဉ် ဆွေးနွေးမှုအောင်မြင်ခဲ့တယ်။ စစ်ရေးလမ်းစဉ်ဆွေးနွေးမှု အောင်မြင်ခဲ့တယ်။ နောက်ဆုံး အဆင့် ရွေးချယ်နေရာချထားရေးအခန်းကဏ္ဍမှာ ကွဲကြတာပါ။ နေရာ.. အတွက် ကွဲကြတာပါ။

ကွဲပြီး ပြန်ညှိတော့လည်း ဘယ်လိုမှ ကို စည်းမျည်းစည်းကမ်းနဲ့မညီတာတွေ ပြောပြီး ကို ညှိတဲ့အတွက် ပေါင်းစည်းလို့ကို မရခဲ့တာပါ။

ကဲ. . .ဒါတွေဘယ်လို ဖြစ်ရတယ် ဆိုတာ အသေးစိတ်ကို တင်ပါ့မယ်။

အဓိကပြောချင်တာက ကျနော် က အနုပညာသမားတယောက်အနေနဲ့ သစ္စာ ကိုသာ ကိုးကွယ်ပါတယ်။ အလှ ဟာ သစ္စာမှာပဲ ရှိတယ် လို့ ထင်ပါတယ်။ ကျနော်ကိုယ်တိုင် နိုင်ငံရေးသမား မဟုတ်တဲ့အတွက် ကိုမိုးသီး ကော၊ ကိုနိုင်အောင် ကော ကျနော့် ပြိုင်ဘက်တွေလည်း မဟုတ်၊ ကျနော်ရန်သူလည်း မဟုတ်၊ မိတ်ဆွေ တွေဘဲ ဖြစ်ချင်တာပါ။ ကျနော်အတွက်တော့ ၈၈ ဇာတ်လမ်းထဲ ကိုမိုးသီးဇွန်ဟာ ရယ်စရာကောင်းတဲ့ ဇာတ်ကောင် တကောင်သာ ဖြစ်ခဲ့တယ်။ တခါတလေ သူ့ရဲ့ လုပ်ကွက်တွေ က တခိခိ သဘောကျစရာရယ်ရပါတယ်။ ဒါ သူ့ကို စော်ကားတာမဟုတ်ပါဘူး။ သူဟာ ခင်စရာကောင်းတဲ့လူတယောက်ပါ။ အနီးကပ်ပေါင်းတဲ့သူတိုင်း သူ့ကိုခင်ကြပါတယ်။

ရုပ်ရှင်အနေနဲ့ ဖန်တီးရင် သူ ထွက်လာတိုင်း ပရိတ်သတ် ပွဲကျမယ် ထင်တယ်။

ကျနော် သူတို့ကို ခေါင်းဆောင်တွေပီပီ၊ မှားခဲ့တာတွေ ကို သူရဲကောင်းစိတ်နဲ့ ၀န်ခံ၊ ၀န်ချ၊ ရင်ဆိုင်ဖြေရှင်းစေချင်တယ်။ ပြီးမှ တိုင်းပြည်အတွက်ပြန်ပြီး အလုပ်လုပ်စေချင်တယ်။
ဒါမျိုး လုပ်ပြီး မှားခဲ့တဲ့အမှားတွေ အတွက် ပေးဆပ်ပြီး၊ တိုင်းပြည်အတွက် တကယ်ကောင်းအောင် လုပ်ရင် ကျနော် ထောက်ခံရေးသားဖို့လည်း ၀န်မလေးပါဘူး။ သူတို့ကို မုန်းတီးစိတ်လည်း မရှိသလို၊ တိုက်ခိုက်လိုလို့ရေးနေတာမဟုတ်ဘူး။ ဒါပေမယ့် ရေးတော့ ရေးရလိမ့်မယ်။ ဒါ သမိုင်းပါ။ ပြည်သူ သိသင့်သိအပ်တဲ့ သမိုင်းပါ။ ကျနော့်အနေနဲ့တော့ ရေးရမယ်။ ဆုံးဖြတ်တာ ပြည်သူ့အလုပ်ပါ။

နယူးယောက်ခ် ပွဲမှာ လွမ်းစိမ့် လာကြည့်တော့ လွတ်လပ်တဲ့နယ်မြေမှာ လွတ်လပ်စွာ ကားရိုက်ပါဦး လို့ ကိုမိုးသီး က ပြောရင်း၊ မင်းသားလိုရင်ပြော လို့ အရွှန်းဖေါက်ပါတယ်။ အဲဒီတုန်းက ကျနော်ကလည်း ကိုမိုးသီးရေ. . မင်းသား မဖြစ်ဘဲ၊ လူကြမ်းဖြစ်နေမယ် လို့ ပြောခဲ့ပါတယ်။ သူနဲ့ကျနော် ဆုံဖို့လည်း ပြောထားပါသေးတယ်။ မအားတာနဲ့ကို မဆုံဖြစ်ပါဘူး။ ဆုံလည်း ဆုံချင် စကားစမြီလည်းပြောချင်
ပါသေးတယ်။
လူတိုင်းကတော့ မင်းသားဖြစ်ချင်တယ်။ အနည်းဆုံး ကိုယ့်ဇာတ်လမ်းမှာ။ ဒါပေမယ့် မင်းသား ဆိုတာ မင်းသားကာရိုက်တာ တော့ ရှိရလိမ့်မယ် ဆိုတာ မမေ့စေချင်ဘူး။

ကျနော် ခင်ဗျားတို့အတွက် အကောင်းဆုံး ဇာတ်ညွန်းရေးကြည့်တယ်။

သမိုင်း လှ ဖို့ဆို သတ္တိရှိရှိ သူရဲကောင်းဆန်ဆန် ကိုယ်ကျူးလွန်မိခဲ့တာတွေ ကို ၀န်ချတောင်းပန်၊ ၀န်ခံရင်ဆိုင်၊ ပြီးရင် တိုင်းပြည်အတွက် အလုပ်ပြန်လုပ်ပါ။ ဒါဆိုရင်တော့ လှ တဲ့ မင်းသားတွေ ဖြစ်ကုန်မယ်။ လှရင် မင်းသား တင်ပါ့မယ်။
( ချိုတူးဇော် )

Thursday, September 6, 2012

.

မင်ဟတ်တန်ရောက် အောင်ဝေးသို့ အရေးပေါ်အကြောင်းကြားစာ ( မာဃ )
======================================

ခဗျားထွက်သွားတဲ့ အချိန်ကလောက်
ရန်ကုန်ဟာ မထူတော့ဘူး ကိုအောင်ဝေး
ရန်ကုန်ဟာ မအတော့ဘူး ကိုအောင်ဝေး
ရန်ကုန်ဟာ ဆင်းတုတော်မြင်တိုင်း ဘုရားမထင်တော့ဘူး
ဖွတ်ထွက်မှ တောင်ပို့မှန်းသိခဲ့ကြပေမယ့်
အဲ့တောင်ပို့ ကိုထိုင်ကန်တော့ရလောက်အောင်
ရန်ကုန်ဟာ မတုန်း တော့ဘူး . . .


ပြောပြချင်တယ် ကိုအောင်ဝေး
ကျနော်ဟာ ကိုမိုးသီး လို လက်နက်ကိုင်တော်လှန်ရေးသမားမဟုတ်ဘူး
ကျနော်ဟာ ခဗျားလို နိုင်ငံကျော်နိုင်ငံရေးကဗျာဆရာကြီးမဟုတ်ဘူး
လူပိန်းပြောပြောရရင် လက်နက်မကိုင်ဖူးဘူး
လူသိထင်ရှား နိုင်ငံရေးသမားမဟုတ်ဘူး
၈၈ မှာ လူလားမမြောက်သေးဘူး
ခွပ်ဒေါင်းအရှင်လတ်လတ်ကိုတောင် ၂၀၀၇ မှာမှ မြင်ဖူးခဲ့တာ
ဒါပေမယ့် အေဘီမြောက်ပိုင်း အာဏာသံဝေဂ တွေက
ဖတ်ရသမျှ ရင် ကို ဓါးနဲ့ဆွတယ် . . .

ကိုနိုင်အောင် မှာတာဝန်ရှိသလား
ကိုအောင်နိုင်မှာ တာဝန်ရှိသလား
ခဗျားပြောတဲ့ ဥက္ကဌကြီးပါ ဆိုတဲ့ ကိုမိုးသီးကလွဲချ
အဲ့ဒီတုန်းကအသတ်ခံရတဲ့ ကျောင်းသားရဲဘော်တွေဟာ
လမ်းဘေးက ခွေးတွေမဟုတ်
ရက်ရက်စက်စက် ဖိနှိပ်ခြေမွလိုက်ရအောင် ပုရွက်ဆိတ်တွေမဟုတ်
ခဗျားစကားအရဆိုရင် ဒေါင်းတွေဖြစ်တယ်
ဒေါင်းတောင်မှ ရိုးရိုးဒေါင်းမဟုတ်
သတ္တိသွေး စွေးစွေးနီတဲ့ ခွပ်ဒေါင်းတွေ . . .

လူထောင်မချီတဲ့ အေဘီကို အုပ်ချုပ်ခွင့်ရဖို့အတွက်
ဇက်တူသားခြင်းစား
ကျောင်းသား ကျောင်းသားခြင်းပြန်သတ်
ထွီ ရွံစရာကောင်းလိုက်ပုံက
အဖမ်းခံ အနှိပ်စက်ခံရတဲ့ လူတစ်ရာကျော်ဟာ အစိုးရသူလျို တဲ့လား
အသနားခံသူတွေကို ဇက်ဖြတ် လက်ဖြတ် ခြေဖြတ်
ကိုအောင်ဝေး ခဗျားနှယ်
ကိုထွန်းအောင်ကျော်ကိုမှ အားမနာ
ကိုမိုးသီးလိုလူကို တာဝတီသာ ကိုတင်ရက်
ဒီမှာ ကိုယ်လူ ကိုအောင်ဝေး
သေနတ်ကိုင်ရဲတိုင်း သူရဲကောင်းဆို
ဟောဒီလောကမှာ သူရဲကောင်းဆိုတာ ရေတွက် မရဘူး . . .

ဒီကိစ္စနဲ့ ကိုမိုးသီး ဘာမဆိုင်ရင်
မြန်မာနိုင်ငံကို ဘာသာနဲ့ခြေမွဖို့အကွက်ချ
စည်းဝေးကြတဲ့ မုတ်ဆိတ်ဖွားတွေနဲ့
ကျနော်တို့ရဲ့ ဥက္ကဌကြီး ဘာပြောခဲ့သလဲ
ထချ ဖို့ လက်နက်တွေစု ကြပါ ဟုတ်လား
ကိုအောင်ဝေး
ခဗျားလေသံအရဆို ရီးပဲ
အကြီးကြီးရီးပဲ
အဲ့ဒီလို လူမျိုးကိုမှ အက်ဆစ်နဲ့မပက်ရင်
ရန်ကုန်ကလူတွေ ကိုယ့်မျက်နှာကိုယ် ဓါးနဲ့လှီးပစ်မယ် . . .

ကိုအောင်ဝေး ခဗျားပြောသလို
ကိုမိုးသီးပြည်တော်ပြန်တာ အမျိုးသားသင့်မြတ်ရေးအတွက်လား
ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက်လား
ပြည်တွင်းငြိမ်းချမ်းရေးအတွက်လား
ဒါမှမဟုတ်
လုပ်စားစရာမရှိတော့လို့ ဂွင်သစ်ဖန်တာလား ဆိုတာ
ခဗျားဘယ်လို ခွဲခြားမလဲ
ခဗျား ဘယ်လို အာမခံမလဲ
ရီးပဲ ကိုအောင်ဝေး ရီးပဲ
ကမ္ဘာပါတ်ပြီး အလှူငွေတောင်း
မြန်မာပြည်အတွက်ဆိုတဲ့ အဆင့်မြင့်သူတောင်စားခေတ်က ကုန်သွားပြီ . . .

ရန်ကုန်နိုင်ငံရေး
မြန်မာနိုင်ငံရေး
ဗမာ့နိုင်ငံရေး
ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက်
ပြန်လာမယ်ဆိုရင်
အေဘီက သွေးညှီနံ့တွေကို အရင်ဆေးခဲ့ကြ
ဘန်ကောက်မှာဆေးခဲ့ကြ
မန်ဟက်တန်မှာ ဆေးခဲ့ကြ
ရန်ကုန်ကို သယ်မလာနဲ့
ရန်ကုန်က သွေးညှီနံ့ဖုံးပြီးသား
ထပ်မသယ်နဲ့ . . . ထပ်မသယ်လာခိုင်းနဲ့
ခဗျားရဲ့ အချောင်သမား သူရဲခေါင်းကို
မန်ဟက်တန်သာ ပြန်ခေါ်သွား . . .

မာဃ
https://www.facebook.com/margaluelin

Tuesday, September 4, 2012

ကိုကိုကြီးပြောသော မြောက်ပိုင်းလူသတ်မှု....။

အဓိကက သေတဲ့လူကသေပြီးသွားပြီ။ သေတဲ့လူကပြန်မရှင်တော့ဘူး..ဒါပေမဲ့ ဖြစ်ရပ်အမှန်ကတော့ အမှန်အတိုင်းပေါ်ပေါက်စေချင်တယ်...။
ဒါကျွန်တော်တို့အားလုံးရဲ့ဆန္ဒပါ။
ကျဆုံးသွားတဲ့လူတွေက မြေပေါ်မှာရှိစဉ်ကတည်းက လက်တွဲခဲ့ဖူးတဲ့လူတွေ၊ သူတို့က ကျောင်းသားလှုပ်ရှားမှုမှာ တကယ်ဦးဆောင်ပါဝင်ခဲ့သူတွေ၊အဓိကက ဘာကြောင့်ဖြစ်လဲဆိုတော့ ပိတ်ဆို့ထားတဲ့ကာလတခုမှာ သူ့ကိုယ်မယုံ၊ကိုယ့်သူမယုံနဲ့ သံသယတွေနဲ့ အလုပ်တူလုပ်နေချင်းတူတာတောင် ဘယ်သူကထောက်လှမ်းရေးဖြစ်နိုင်တယ်လို့၊ ဘယ်သူကသတင်းပေးဖြစ်နိုင်တယ်လို့ ဆိုတဲ့ဟာကိုမြေပေါ်မှာလည်းတယောက်နဲ့တယောက်သဘောထားကွဲလွဲမှုတွေဖြစ်ခဲ့ကြတယ်။
တောတွင်းမှာ လက်နက်ကိုင်တဲ့ အခြေအနေမှာဆိုတော့ ပိုဆိုးတာပေါ့။
သံသယရဲ့ဓါးစာခံတွေ သားကောင်တွေ ဖြစ်သွားတယ်။ ပိတ်ဆို့ထားတဲ့ စနစ်ဆိုးကြီးတခုကြောင့်မို့လို့ စတေးခံလိုက်ရတဲ့ သားကောင်တွေအဖြစ်နဲ့ ကျွန်တော်တို့မြင်တယ်။
ဒီလောက်ကြီးကျယ်တဲ့ ပြဿနာကြီးဟာ ဒီကိစ္စမှာ ပါဝင်ပတ်သက်ခဲ့တဲ့သူတွေအနေနဲ့ ဖြေရှင်းရမှာအမှန်ပဲ။ ဒါသူတို့တာဝန်ယူရမှာ။ ကျွန်တော်တို့မြင်တာတော့သူတို့ကကျောင်းသားတွေပဲလေ။ လူတွေပါဒီလောက်ဆိုးဆိုးဝါးဝါးခံစားခဲ့ကြရပြီးပြီ။သေဆုံးခဲ့ကြရပြီးပြီ။ နောက်ပိုင်းမှာ ဖောက်ပြန်လို့၊ ထောက်လှမ်းရေးမို့လို့ဖြစ်ပါတယ်ဆိုတဲ့ နိုင်ငံရေးအရ ထပ်ပြီးလုပ်ကြံခံရတာကိုတော့ မဖြစ်သင့်ဘူးလို့မြင်တယ်။ အဓိကကတော့ ဒီလောက်အကျယ်တ၀င့်ဖြစ်ဖို့တောင်မလိုဘူး။
ဒီကိစ္စနဲ့ပတ်သက်ပြီး နင့်နင့်နည်းနည်းခံစားခဲ့ကြရတဲ့လူတွေက၊ ဒီလူတွေကထောက်လှမ်းရေးကမဟုတ်ဘူး၊ခေတ်ကာလအခြေအနေမှာ မှားယွင်းမှုတွေဖြစ်ခဲ့တယ်။
အဲဒီအတွက် သူတို့ဟာစတေးခံခဲ့ကြရတယ်ဆိုတာလောက် အသိအမှတ်ပြုခဲ့ရင်တောင်မှ သူနဲ့ရင်းနှီးတဲ့သူတွေအားလုံးကနည်းနည်းသက်သာမဲ့၊ စိတ်ခံစားမှုဖြေလျော့မယ့်သဘောရှိတယ်။
ဒီအပေါ်မှာ ကျွန်တော်တို့ဟာ ဘယ်သူ့ဘက်ကပဲဖြစ်ဖြစ် ဒီကိစ္စဟာ မှန်မှန်ကန်ကန်တော့ ဖော်ထုတ်ဖို့လိုတယ်။ ဒီလူတွေဟာ ခေတ်ဆိုးစနစ်ဆိုးတခုထဲမှာ သူတို့ဓါးစာခံဖြစ်ခဲ့ကြတယ်။
အဲဒါကိုပေါ်လွင်ဖို့လိုတယ်။
ဘာဖြစ်လို့လဲဆိုတော့ လူလည်းသေသေး၊နာမည်လည်းသေ၊နိုင်ငံရေးလည်း အသတ်ခံရတဲ့ဟာမျိုးက တကယ်အသတ်ခံရတာထက်ပိုဆိုးတယ်။အဲဒါမျိုးကမဖြစ်သင့်ဘူးလို့မြင်တယ်။

ကျွန်တော်တို့ကတော့ ဖြစ်နိုင်ရင် ဘယ်သူ့ဘယ်သူကိုမှနစ်နာတာ၊ထိခိုက်တာကိုမလိုလားဘူး။
အဓိက အဖြစ်အမှန်ပေါ်ပေါက်ဖို့ပဲ။
ပေါ်ပေါက်ဖို့က လူ့အဖွဲ့အစည်းမှာ ကျွန်တော်တို့က တချို့ကျူးလွန်ခဲ့တဲ့ အပြစ်တွေနဲ့ပတ်သက်ပြီးတော့တောင်မှ ခွင့်လွှတ်နိုင်တယ်။
ဒါပေမဲ့ ဒါတွေကမေ့ပစ်ဖို့တော့မဟုတ်ဘူးဆိုတဲ့ Forgive(ခွင့်လွှတ်မှု)လုပ်နိုင်တယ်။ Forget (မေ့ပစ်ခြင်း) လုပ်လို့မရဘူး။ဒါတွေက သမိုင်းမှာ ဒါတွေဖြစ်ခဲ့တယ်ဆိုတာတော့ မှတ်တမ်းမှတ်ရာတွေကျန်ခဲ့ဖို့ ကြိုးစားနေတယ်။
အားလုံးကဆန္ဒရှိတယ်။
ကိုယ့်ဘက်မှာဖြစ်နေတဲ့ဟာကျမှ ဒါကြီးကိုဖုံးကွယ်ပစ်လိုက်ဖို့ မဖြစ်သင့်ဘူး။
ကိုယ်တွေဖြစ်ခဲ့တာနဲ့ပတ်သက်ပြီး ရဲရဲရင့်ရင့်ဖော်ထုတ်တာမျိုး၊တာဝန်ယူတာမျိုးတော့ ကိုယ်ကနမူနာ ဖြစ်သင့်တယ်လို့မြင်တယ်။
(ဦးကိုကိုကြီးရဲ့ပြောချင်လို့ပြောခဲ့တာတွေစာအုပ်)

Friday, August 31, 2012

ပြည်ထောင်စုနေ့  သတ်ဖြတ်မှုကြီး ( ထက်အောင် )

မိုးသီးဇွန်၊ နိုင်အောင်နှင့်ကျောင်းသားအချင်းချင်းတောထဲမှာ သတ်ဖြတ်ခဲ့ကြတဲ့ လူသတ်သမားတွေ ပြန်တော်ပြန်မယ်ဆိုတော့ လုံးဝ လုံးဝလက်မခံနိုင်ပါ။ AB မြောက်ပိုင်းက ကိုထွန်းအောင်ကျော် အသတ်ခံရတဲ့ကိစ္စ၊ တောင်ပိုင်းမှာ ကိုဌေးတင့်ညီ ကိုဌေးနိုင် အသတ်ခံရတဲ့ကိစ္စတွေကို ဘယ်လိုဖြေရှင်းကြမလဲ။...
မနန်းအောင်ထွေးကြည်တို့၊ မခင်ချိုဦးတို့ကို ဘယ်လိုညှဉ်းပမ်းနှိပ်စက် ခဲ့တယ်ဆိုတာတွေကို လူထုကြားထဲမှာ အမှန်တကယ်ကျူးလွန်ခဲ့တဲ့ လက်မရွံ့လူသတ်သမားတွေ အဲဒီအချိန်မှာ ဥက္ကဋ္ဌရူး ရူးနေကြတဲ့သူတွေ တာဝန်မရှိဘူးလားလို့ မေးစရာရှိတယ်။ကျောင်းသားတွေရဲ့ သမိုင်းမှာ ဒီလိုကျောင်းသားအချင်းချင်း ရာဇ၀တ်မှုတွေကို လူမဆန်စွာ ကျုးလွန်ခဲ့ကြတဲ့သူတွေကို ပြည်တွင်းနိုင်ငံရေးအသိုင်းအ၀ိုင်းက ဒီအတိုင်းပဲ လက်ပိုက်ကြည့်နေကြမယ် ဆိုရင် ရာဇ၀င်တော်တော်ရိုင်းသွားမယ်။


စစ်အာဏာရှင်စနစ်ဆိုးကြီးကြောင့် ၈၈၈၈ အရေးတော်ပုံကြီး မှာ တောခိုသွားခဲ့ကြတဲ့ ကျောင်းသားတွေတော်တော်များများရှိတယ်။ လက်နက်ကိုင်တော်လှန်ရေး လမ်းကိုရွေးချယ်သွားခဲ့ကြတဲ့သူတွေ အောင်မြင်ခဲ့လို့လား။ နှစ်ပေါင်း ၂၀ ကျော်ကျော် သူတို့တွေ ဘာတွေလုပ်နေခဲ့သလဲ။ ပြန်လည်သုံးသပ်ကြည့်ဖို့လိုပြီ။ အရင်ရောက်တဲ့သူက နောက်ရောက်တဲ့သူကို နည်းအမျိုးမျိုးနဲ့ အနိုင်ကျင့်၊ နိုင်ငံခြားတိုင်းပြည်တွေက ထောက်ပံ့ကြေးတွေယူ၊ ငွေအလွဲသုံးစားမှုတွေ ကျူးလွန်၊ လူသတ်မှုတွေကျူးလွန်ကြတယ်။ ဒီမိုကရေစီအရေးတော်ပုံကြီးအတွက် ဘာတွေများ လောက်လောက်လားလားလုပ်ခဲ့ကြသလဲ။ တိုင်းပြည် ခုလိုအခြေအနေကိုရောက်လာမှ ဒီလူတွေ ဘာရည်ရွယ်ချက်နဲ့ ပြန်လာမှာလဲ၊ တိုင်းပြည်နဲ့ကော တန်သေးလို့လား။ သိပ်ကိုရွံစရာကောင်းပြီး သိပ်ကိုရှက်စရာကောင်းတယ်။ ဒီမိုကရေစီလို့ အော်အော်နေပြီး အာဏာရှင်ထက်ဆိုးတဲ့ သူတောင်းစား သာသာအဆင့်ပဲရှိတယ်။ ဘယ်လိုညှဉ်းပမ်းနှိပ်စက်ကြတယ်ဆိုတာ နဲနဲလေးပဲ ပြောပြမယ်။

မခင်ချိုဦးဆိုရင် မိန်းမကိုယ်ထဲကို တံစို့နဲ့အထိုးခံရတယ်။ အဆိပ်တွေထည့်ပြီးတော့ မွှေနှောက်ရှာတယ်။ သားအိမ်ထဲအထိ နှိုက်ပြီးရှာခဲ့တယ်။ တကိုယ်လုံးချွတ်ပြီးတော့ ခေါင်းလေးပဲဖော်ပြီး မြေကြီးထဲကိုမြှုပ်ထားတယ်။ ဒီအလုပ်တွေက ကျောင်းသားတွေလုပ်တဲ့ အလုပ်လားဆိုတာ ပြန်လည်စဉ်းစားကြည့်စေချင်တယ်။ ဘင်္ဂလီထက်တောင်ဆိုးတဲ့ သားစားဘီလူး တွေပါပဲ။ နိုင်အောင်၊ အောင်နိုင်၊ မျိုးဝင်း၊ သံချောင်း၊ လှဆိုင်းတို့နဲ့ သူတို့ရဲ့ အပေါင်းအပါးတွေ ဖြစ်ကြတဲ့ သန်းဇော်၊ ဇော်ဇော်မင်း၊ ကျော်ထင်ဦး၊ သက်လင်း၊ ဖိုးနှောင်းတို့က လုပ်ဖော်ကိုင်ဘက် ကျောင်းသားလူငယ်အချင်းချင်းတွေ အပေါ် ဇာတ်တူသားစားပြီး လုပ်ခဲ့ကိုင်ခဲ့ကြတဲ့ ညှဉ်းပမ်းနှိပ်စက် သတ်ဖြတ်ခဲ့ကြပုံတွေဟာ နောင်မျိုးဆက်တွေအတွက်တော့ ခေတ်သစ်ဖက်ဆစ်တွေလိုပါပဲ။

အစုလိုက်အပြုံလိုက် လူသတ်ပွဲကြီး ကျင်းပတဲ့ ရက်ကတော့ ၁၉၉၂ ခုနှစ် ဖေဖော်ဝါရီလ (၁၂) ရက် ပြည်ထောင်စုနေ့ပါ။ အဖြစ်အပျက်ကြီး ဖြစ်ပွားတဲ့နေရာဟာ မြန်မာနိုင်ငံရဲ့ အရှေ့မြောက်ဘက် စွန်း ဝေးလံသီခေါင်တဲ့ ကချင်ပြည်နယ်နဲ့ တရုတ်ပြည်နယ်စပ် မြန်မာနိုင်ငံဘက်ခြမ်းမှာ ဖြစ်ပါတယ်။အမှန်တရားဆိုတာ ကြာရှည်ဖုံးကွယ်ထားလို့မရပါဘူး။ ဒီကနေ့အထိ ပါဝင်ပက်သက်ခဲ့သူတွေ အများအပြား သက်ရှိထင်ရှားရှိနေကြပါတယ်။ ဘယ်သူတွေအဖမ်းခံခဲ့ရတယ်၊ ဘယ်လိုအစွပ်စွဲခံခဲ့ ကြရတယ်၊ ဘယ်သူကနှိပ်စက်ညှဉ်းပမ်းမှုတွေကို ရက်ရက်စက်စက်လုပ်ခဲ့တယ်၊ ဘယ်သူတွေက ညှာတာမှုရှိတယ်၊ ဘယ်သူကဘယ်လို အနှိပ်စက်ခံခဲ့ရတယ်၊ အနှိပ်စက်ခံနေရရင်း ဘယ်သူသေသွား တယ်၊ ဘယ်သူက လက်ပြတ်သွားတယ်၊ ဘယ်သူက ခြေပြတ်သွားတယ်၊ ဘယ်သူ့ကို ကားစင်တင်ရာ မှာ ကြိုးနဲ့ချည်ပြီးတင်တယ်၊ ဘယ်သူ့ကို ကားစင်ပေါ်မှာ သံချောင်းတွေနဲ့ မီးရှို့တယ်၊ ဘယ်သူတွေက ဘယ်သူ့အသားကို မြေမြှုပ်ပြီးမှ ပြန်ဖော်ပြီး စားခဲ့ကြတယ်၊ ဘယ်သူကတော့ဖြင့် နံချပ်ကူ အရိုက်ကျင့်တာခံရလို့ အသက်ထွက်သွားခဲ့ရတယ်၊ ပြည်ထောင်စုနေ့ အစုလိုက်အပြုံလိုက် လူသတ်ပွဲမှာ ဘယ်သူကသေဒဏ်အမိန့်စာဖတ်တယ်၊ သေဒဏ်အပေးခံရတဲ့လူတွေက ဘာတွေ ပြန်ပြောကြတယ်၊ လူသတ်ပွဲကိုတက်ရောက်ခဲ့တဲ့သူတွေက ဘယ်သူတွေ၊ ဘယ်သူ့ကို ဓားနဲ့ ဘယ်နှချက် ခုတ်သတ်ရတယ်၊ ဘယ်သူ့ကိုတော့ ဓားအပြင် ပေါက်ပြားနဲ့ ခုတ်ခဲ့တယ်၊ ဘယ်သူ့ကို သေနတ်နဲ့ ပစ်သတ်ခဲ့တယ်၊ အသတ်ခံရမည့် အမျိုးသမီးကို ဘယ်လိုအရှက်တကွဲဖြစ်အောင် လုပ်ခဲ့ကြတယ်၊ ဘယ်သူတွေက လုပ်ခဲ့ကြတယ်၊ သေသွားပြီးတဲ့ အမျိုးသမီးရဲ့အလောင်းကို ဘယ်သူက ဘယ်လိုမဖွယ်မရာတွေ လုပ်ခဲ့တယ်၊ အလောင်းတွေကိုကျင်း ဘယ်နှကျင်းတူးပြီး တစ်ကျင်းစီမှာ ဘယ်နှယောက်စီ မြှပ်ထားခဲ့တယ်ဆိုတာတွေကို တိတိကျကျ ပြောနိုင်တဲ့သူတွေ သက်ရှိထင်ရှားရှိနေကြတယ်။

ဒီကနေ့လက်ကျန် ABSDF အဖွဲ့ဥက္ကဋ္ဌကြီး သံခဲရဲ့ဇနီး ခင်ဆွေလှိုင်နဲ့ ယခင် ABSDF(NB) က စစ်ရေးတာဝန်ခံ သံချောင်းရဲ့ အကူရဲဘော်လုပ်ခဲ့တဲ့ မိုးညှင်းသား ကျော်ခိုင်ဝင်းတို့ဟာ ပြည်ထောင်စုနေ့ လူသတ်ပွဲရဲ့ အဓိက မျက်မြင်သက်သေတွေပါပဲ။တရားကိုနတ်စောင့်ပါတယ်။ တချိန်တုန်းက အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ တိုင်းရင်းသားတွေနဲ့ ပင်လုံစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့တယ်။ ကျောင်းသားတပ်မတော်ကြီးက တော့ သမိုင်းဝင်သွားအောင် ကျောင်းသား (၁၅) ယောက်ကို အစုလိုက်အပြုံလိုက် အဲဒီ့နေ့မှာပဲ သတ်ပြစ်ခဲ့တယ်။ အခု အဲဒီလူသတ်တရားခံတွေ ကျွန်တော်တို့နိုင်ငံကို ပြန်လာကြတော့မယ်…။ ကျွန်တော်တို့ ဘာလုပ်သင့်သလဲ၊ ကျွန်တော်တို့ဘာလုပ်ရမလဲ၊ အမှန်တရားဘက်က တိုက်ပွဲဝင်ကြ ရမယ်။ အမှန်တရားဘက်က တိုက်ပွဲဝင်ကြရမယ်။ အမှန်တရားဘက်က တိုက်ပွဲဝင်ကြရမယ်။AB မြောက်ပိုင်းမှ ကိုထွန်းအောင်ကျော်နှင့်အတူကျဆုံးသွားသော ကျောင်းသားရဲဘော်များနှင့် ဒီမိုကရေစီအရေးတော်ပုံကြီး တစ်လျှောက် အသက်ပေးသွားသောရဟန်းရှင်လူ

ကျောင်းသားရဲဘော်များအား ဦးညွှတ်ပါ၏။
လေးစားစွာဖြင့်
ထက်အောင်
(နံနက် ၁း၁၀ မိနစ်) ၂၈.၈.၂၀၁၂

Thursday, August 30, 2012

ဒီမိုကရက်တစ်တပ်ဦး ABSDF(NB) ကျောင်းသားများကို ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်ခဲ့သည်ဆိုသူများအား တရားစွဲမည်
=====================================================
လွန်ခဲ့သော နှစ်ပေါင်းနှစ်ဆယ် ကျော်က မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး၊ အေဘီအက်စ်ဒီအက်ဖ် (မြောက်ပိုင်း) စခန်းအကျဉ်းထောင်၌ မတရားစွပ်စွဲ၍ ညှဉ်းပန်းနှိပ်စက်ခြင်း ခံခဲ့ရသူများက လူသတ်တရားခံအား တရားစွဲဆိုမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ယင်းကိစ္စတွင် ကိုယ်တိုင် ဖြတ်သန်းပါဝင်ခဲ့သူတချို့က မြန်မာ အင်ဒီပဲန်ဒင့်သို့ ပြောသည်။


၁၉၉၂ခုနှစ်က ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ်၊ ပါဂျောင်ဒေသရှိ အေဘီအက်စ်ဒီအက်ဖ်(မြောက်ပိုင်း) စခန်းတွင်ဖြစ်ပွားခဲ့သော ပြည်ထောင် စုနေ့ အစုလိုက် အပြုံလိုက် လူသတ်ပွဲ ကြီး၏ တရားခံကို ထိုစဉ်ကထွက် ပြေး လွတ်မြောက်လာသူများထဲမှ ကျန်ရစ်သူတချို့နှင့် ယင်းတို့၏ မိသားစုဝင်များက တရားစွဲဆိုခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ထိုစဉ်က ကိုယ်တိုင်ဖြတ်သန်းပါဝင်ခဲ့ သူ တစ်ဦးဖြစ်သူ ကိုညီညီက သြဂုတ် ၂၆ ရက် မြန်မာအင်ဒီပဲန်ဒင့်နှင့် တွေ့ဆုံစဉ် ယခုလိုပြောသည်။

““အကျဉ်းသားတွေကို ဆီးသွား ခိုင်းပြီး ကိုယ်သွားထားတဲ့ ဆီးကိုပြန် သောက်ခိုင်းတာတွေ၊ နံနှိမ်တာတွေ၊ ဆဲဆိုတာတွေ၊ ဘာမဟုတ်တဲ့ပြစ်ချက် ကလေးတွေနဲ့ ရိုက်နှက်ပြီးတော့မှ သေတဲ့အထိ အပြစ်ပေးတာတွေ၊ ဘာ စည်းမျဉ်း ဘာဥပဒေမှမရှိဘူး၊ သူတို့ လူတစ်ယောက်က ရိုက်လိုက်လို့ သေ သွားလို့ရှိရင် ဒီကောင်တွေ သေအေး တာပဲဒီလိုပြောတာ။ ဒီနေရာမှာရပ်နေ ဆိုလှုပ်လို့မရတော့ဘူး။ နောက်ဆုံး အဆင့် ညအိပ်ရာဝင်တဲ့အခါမှာတောင် လက်ကြိုးတုပ် ခြေထောက်ကြိုးတုပ် ပြီးတာတောင် တောင်ဘက် မြောက် ဘက်မလှည့်ရဘူး။ စကားပြောမှာစိုး လို့ဆိုပြီးပါးစပ်ထဲမှာ ၀ါးခြမ်းပြားကို ထောက်ထားတာ””ဟု ညှဉ်းပန်းနှိပ် စက်ခံရသည့် အဖြစ်အပျက်များနှင့် ပတ်သက်၍ ယင်းကပြောသည်။

““ရုပ်ပိုင်းညှဉ်းပန်းနှိပ်စက်မှုက တော့ ကမ်းကုန်ပါတယ်။ စိတ်ပိုင်း နှိပ်စက်မှုကလည်းပြင်းပါတယ်။ ဘယ် လောက်တောင်ပြင်းလဲဆိုရင် ညဘက် အိပ်နေတုန်း စစ်ဖိနပ်သံကြားရင်ကို အလိုလိုလန့်နိုးတာ။ စိတ်ဒဏ်ရာတွေ ရခဲ့တာပေါ့ဗျာ၊ တော်တော်များများ ကတော့ စိတ်ဒဏ်ရာတွေ ကျန်နေဦး မှာပါ။ အဲဒီအချိန်မှာ သေလိုက်လို့ရ တယ်။ မသေခဲ့တာဘာလို့လဲဆိုတော့ တစ်ယောက်နဲ့တစ်ယောက် အားတင်း ပြီးတော့ ငါတို့ တစ်ချိန်ချိန်မှာ ဒါကို ပြန်ဖော်ထုတ်ရမယ်ဆိုပြီး အားတင်း ခဲ့ရတာ””ဟု အသက်ရှင်ရန် ကြိုးစား ခဲ့ရသည့် အကြောင်းများနှင့်ပတ်သက် ၍ ကိုညီညီကဆိုသည်။

ဆက်လက်၍ ကိုညီညီကပြော ရာတွင် ယင်းတို့စခန်းတွင်းရှိစဉ်အခါ က ဗဟိုကော်မတီခေါင်းဆောင်ပိုင်းမှ တောခိုကျောင်းသားများအား စစ်တပ် သူလျှိုထောက်လှမ်းရေးဟုစွပ်စွဲ၍ ဖမ်းဆီးနှိပ်စက်ခြင်းများ၊ ညှဉ်းပန်း သတ်ဖြတ်မှုများပြုလုပ်ရာတွင် အမျိုး မျိုးသော နည်းလမ်းပေါင်းစုံဖြင့် လူသား မဆန်သော အပြုအမူများဖြင့် ပြုကျင့်ခဲ့သည်ဟုပြောသည်။ ထိုသို့ ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်ခဲ့သည့် ကိစ္စနှင့်ပတ်သက်၍ ဦးဆောင်သူမှာ ထိုစဉ်က မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦးမှဥက္ကဋ္ဌဖြစ်သူ ဒေါက်တာနိုင် အောင် ကိုယ်တိုင်ပါဝင်ကြောင်း အတိ အလင်းပြောသည်။

““အဲဒီအချိန် တပ်ထဲမှာ ဒေါက်တာနိုင်အောင် ရှိသေးတယ်။ စခန်းထဲမှာရှိနေတယ်၊ သူကိုယ်တိုင် တောင် ကျွန်တော့်ကို ကိုညီခင်ဗျားက ထောက်လှမ်းရေးကဆိုတာ ကျွန်တော် မယုံဘူးလို့ အစ်အောက်ပြီး မေးသေး တယ်။ ကျွန်တော်က ဟုတ်ပါတယ်၊ ကျွန်တော်ထောက်လှမ်းရေးဟုတ်ပါ တယ်လို့ ပြောလိုက်သေးတယ်။ ဘာလို့ လဲဆိုတော့ အဲဒီအချိန်မှာ ထောက် လှမ်းရေး မဟုတ်ပါဘူးလို့ ပြောမိလို့ ဒေါက်တာနိုင်အောင်က ကိုသိန်းထွန်း ကိုလည်း ရိုက်ပြီးပြီ။ နောက်တစ်ခါ ထောက်လှမ်းရေး မဟုတ်ပါဘူးလို့ အမှန်အတိုင်းပြောလို့ ရဲဘော်ဇော်ကြီး ခေါင်းဖြတ်ခံရပြီးပြီ။ အဲဒီတော့ ထောက်လှမ်းရေးလို့ ၀န်ခံပြီးသားလူ တွေဟာ ထောက်လှမ်းရေးမဟုတ်ပါ ဘူးလို့ ထပ်ပြောတာ အင်မတန်အပြစ် ကြီးတယ်။ အဲဒီအချိန်မှာရော်နယ် အောင်နိုင်လည်းအတူရှိနေတယ်””ဟု ဒေါက်တာနိုင်အောင်နှင့် ပတ်သက် သည့် အပိုင်းအားပြောသည်။

ဆက်လက်၍ ယင်းက ယခုလို ဆက်ပြောပါသေးသည်။ ““ကျွန်တော် တို့က မျက်စိမှိတ်ခံထားရတဲ့အခါ ကျတော့ ကျွန်တော်ကိုယ်တိုင်တော့ မမြင်ဘူး။ ဒါပေမယ့်အဲဒီမတိုင်ခင် မသတ်ခင်ကတည်းက တပ်ထဲရောက် နေတယ်ဆိုတာက ကိုသိန်းထွန်းကို သတ်တဲ့ကိစ္စ၊ ကျော်စွာဝင်းမောင်ကို မိုးသီးဇွန်ထောက်လှမ်းရေးကလား ဆိုပြီးစစ်တဲ့ကိစ္စ၊ နောက်တစ်ခါ အဲဒီ အချိန်မှာပဲ ရုပ်ရှင်မင်းသား ဦးဇော်ခင် ရဲ့သားဝဏ္ဏဇော်က နိုင်အောင်ကိုမြင် ခဲ့တဲ့ ကိစ္စတွေရှိထားတယ်။ နောက် တစ်ခါ ကိုမောင်မောင်ကနေပြီးတော့မှ ကျော်ကျော်နဲ့စကားပြောတဲ့အချိန်မှာ ကျော်ကျော်က သူ နိုင်အောင်နဲ့အတူတူ တောင်ပိုင်းကတက်လာတဲ့အကြောင်း၊ ဥက္ကဋ္ဌကြီး နိုင်အောင်ရှိတဲ့အကြောင်း ပြောတယ်။ အဲဒီအချက်တွေအရ နိုင် အောင်ရှိကြောင်း ကျွန်တော်သိရ တယ်”” ဟု ထိုစဉ်က လူသတ်မှုတွင် ဒေါက်တာနိုင်အောင်ရှိခဲ့သည့် အ ကြောင်းကို ပြောသည်။

ယင်းတို့အနေဖြင့် မည်သို့ပင် ဆိုစေကာမူ ပြည်ထောင်စုနေ့လူသတ် တရားခံအစစ်အမှန်မှာ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက် တစ်တပ်ဦးမှ ဥက္ကဋ္ဌဒေါက်တာနိုင် အောင်သာလျှင်ဖြစ်ကြောင်း အတိ အလင်းပြောသည်။ သို့ပါသောကြောင့် ယခုကိစ္စနှင့်ပတ်သက်၍ ဒေါက်တာ နိုင်အောင်အပေါ်ထားရှိသည့် ယင်း တို့၏ သဘောထားအား ယခုလို ဖြည့် စွက်ပြောပါသေးသည်။

““တကယ်တော့သူဟာလူသတ် တရားခံရာဇ၀တ်ကောင် တစ်ယောက် ပါပဲ။ နာဇီပါတီရဲ့လုပ်ရပ်တွေအားလုံး ကို အဒေါ့ဟစ်တလာက တာဝန်ခံရ သလို မြောက်ပိုင်းရဲ့လုပ်ရပ်တွေ အား လုံးကိုလည်း နိုင်အောင်သာ တာဝန်ခံ ရမှာဖြစ်တယ်လို့ ကျွန်တော်တို့အား လုံးက တညီတညွတ်တည်း လက် သင့်ခံကြတယ်။ နာဇီပါတီရဲ့ရက်စက် မှုတွေ၊ သတ်ဖြတ်မှုတွေအားလုံးက သူကိုယ်တိုင်သတ်တာမဟုတ်ပါဘူး၊ သူကအမိန့်ပေးတဲ့ အလုပ်ကလေးပဲ လုပ်တာ။ နိုင်အောင်က သူကိုယ်တိုင် သေနတ်ကိုင်ပြီးမသတ်လို့၊ ဓါးကိုင်ပြီး မသတ်လို့ အပြစ်မရှိပါဘူးလို့ ပြောတဲ့ စကားက တာဝန်မဲ့ပြီး၊ သူရဲဘော ကြောင်တဲ့စကားပါ။ သူက သူ မသတ်ဘူးပြောတာ၊ ရှင်းရဲတယ်တို့ မြန်မာပြည်ပြန်ဝင်လာမယ်တို့ အွန်လိုင်း ပေါ်မှာ ပြောနေတာ၊ သေချာတာက သူ့အနေနဲ့ ခေါင်းရှောင်ပြီးတော့ သူပဲ မလုပ်သလိုလိုပြောနေတယ်”” ဟု ကိုညီညီက ဆိုသည်။

ဒေါက်တာနိုင်အောင်ပြည်တွင်း ၀င်မည့်ကိစ္စတွင် နိုင်ငံတော်ပိုင်းက ဆောင်ရွက်နေမှုနှင့်ပတ်သက်၍ ကိုညီညီကပြောရာတွင် ““နိုင်ငံတော် အစိုးရကတော့ ပေးမှာပဲလေ။ အခု အစိုးရက ကြေးကြော်ထားသလို အားလုံးကို တညီတညွတ်ထဲတစ်ပြေး ညီဆက်ဆံမယ်ဆိုတော့ သူ့ကို တရား မစွဲသေးသ၍ သူကအပြစ်မရှိဘူးလို့ ယူဆထားလို့ရတယ်။ ၀င်လာပေါ့ဗျာ ၀င်လာပြီးအိမ်တွေဘာတွေ ၀ယ်ပြီး နေပေါ့ဗျာ၊ ဒီမှာ နီးနီးနားနားနေတော့ ဖမ်းရတာလွယ်တာပေါ့။ နို့မို့ဆို အင်တာပိုလိုက်ဖမ်းနေရမယ်၊ တစ်ခု တော့ရှိတာက ရာဇ၀တ်ဘေးဆိုတာ ပြေးလို့မလွတ်ပါဘူး။ လွတ်မယ်ထင် လို့ရှိရင် ဒါဟာသက်သက်မဲ့ စိတ်ကူး ယဉ်တာမျိုးပဲဖြစ်မှာပါ””ဟု ဆိုသည်။

လွန်ခဲ့သော နှစ်ပေါင်းနှစ်ဆယ် ကျော် ၁၉၈၈ လူထုအုံကြမှုအပြီး ယုံကြည်ချက်ကြောင့် တောခိုခဲ့ကြ သည့်နိုင်ငံရေးကျောင်းသားလူငယ်လေး များအား ဒေါက်တာနိုင်အောင်၊ ရော်နယ် အောင်နိုင်၊ မျိုးဝင်း၊ သံချောင်း၊ လှဆိုင်းတို့နှင့် အပေါင်းပါများဖြစ် ကြသော သန်းဇော်၊ ဇော်ဇော်မင်း၊ ကျော်ထင်ဦး၊ သက်လင်း၊ ဖိုးနှောင်း တို့က လုပ်ဖော်ကိုင်ဖက်ကျောင်းသား လူငယ်အချင်းချင်းအပေါ် ညှဉ်းပန်း နှိပ်စက်သတ်ဖြတ်ခဲ့သည်ဟု ထိုစဉ်က အသက်မသေဘဲ လွတ်မြောက်လာ သူများ၏ ပြောပြချက်အရသိရသည်။ ယခုအခါတွင် နိုင်ငံတော် သမ္မတ ကြီးက သဘောထားအမြင်မတူသည့် အတွက် ပြည်ပကို ရောက်ရှိနေကြသည့် သူများသာမက လက်နက်စွဲကိုင် တော်လှန်ရေး လုပ်ခဲ့သူများကိုပါ နိုင်ငံတော် တည်ဆောက်ရေးလုပ်ငန်း များတွင် လက်တွဲပါဝင်နိုင်ရန် ပြည် တွင်းသို့ပြန်လာနိုင်ကြောင်း ဖိတ်ခေါ် ထားသည်။

ထိုသို့ပြည်တွင်းသို့ ပြန်လည်ဝင် ရောက်ခွင့်ပြုထားသည့်အတွက် ထို စဉ်က မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်း သားများဒီမိုကရက်တစ် တပ်ဦးမှ ခေါင်းဆောင်ပိုင်းတချို့လည်း ပြည် တွင်းသို့ ပြန်လည်ဝင်ရောက်မည်ဟု သတင်းများထွက်ပေါ်နေသည့်အတွက် ထိုကိစ္စနှင့်ပတ်သက်၍ ထိုစဉ်က ညှဉ်းပန်း နှိပ်စက်သတ်ဖြတ်ခံခဲ့ရ သူများအနက်မှ အသက်မသေဘဲ ထွက်ပြေးလွတ်မြောက်လာသူတချို့ နှင့်အသတ်ခံခဲ့ရသည့် မိသားစုအသိုင်း အ၀ိုင်းတချို့မှ ကျေနပ်မှုမရှိသည့် အတွက် အထက်ပါအမှုကျူးလွန်ခဲ့ သူများကို လူသတ်တရားခံအဖြစ် သတ်မှတ်ကာ တရားစွဲဆိုမှုများပြု လုပ်သွားမည်ဟု သတင်းရရှိပါသည်။

ထိုကိစ္စနှင့်ပတ်သက်၍ မတရား စွပ်စွဲခံရကာ ညှဉ်းပန်းနှိပ်စက်ခံရင်း သေဆုံးသွားသော ဦးစိန်အတွက် ရန်ကုန်မြို့၊ မြောက်ဥက္ကလာမြို့နယ်နေ သမီးဖြစ်သူ မစိမ့်စိမ့်သူမှ ယင်း၏ ဖခင် သေဆုံးမှုနှင့်ပတ်သက်၍ သက် ဆိုင်ရာမြို့နယ်ရဲစခန်း၌ ယခုနှစ် သြဂုတ် ၂၀ ရက်တွင် (ပမ-၈၆၉/ ၁၂)ဖြင့် အမှုဖွင့် တိုင်ကြားထား ကြောင်း သိရသည်။ ထိုဖြစ်စဉ်နှင့် ပတ်သက်၍လည်း မြန်မာနိုင်ငံလုံး ဆိုင်ရာကျောင်းသားများ ဒီမိုကရက် တစ် တပ်ဦး (မြောက်ပိုင်း)ကျောင်း သား ရဲဘော်ဟောင်းများက ထောက် ခံကြိုဆိုကြောင်း သဘောထားထုတ် ပြန် ကြေညာထားသည်။

ထိုစဉ်က ယုံကြည်ချက်ကြောင့် တောတွင်းဝင်ရောက်ခဲ့သည့် ကျောင်း သားဟောင်းတစ်ဦးဖြစ်ပြီး အင်္ဂလန် နိုင်ငံတွင် သွားရောက်နေထိုင်နေသူ မြန်မာနိုင်ငံသား အနုပညာရှင်ပန်းချီ ထိန်လင်းကလည်း မြန်မာနိုင်ငံသို့ ခေတ္တအလည်လာစဉ် မြန်မာအင်ဒီပဲန် ဒင့်နှင့်တွေ့ဆုံ၍ ယင်း၏သဘော ထားအား ယခုလိုပြောသည်။

““ပြည်ထောင်စုနေ့မှာ သတ်တာ လည်း ဟုတ်တယ်။ အစုလိုက် အပြုံ လိုက် သတ်တာလည်း ဟုတ်တယ်။ ခေါင်းဖြတ်သတ်တာလည်း ဟုတ် တယ်။ သတ်တဲ့အချိန်တုန်းက ကိုမျိုး ၀င်းရှိတယ်။ ရောနယ်အောင်နိုင်က ဥက္ကဋ္ဌတာဝန်ယူထားတယ်။ တောင်ပိုင်း ဥက္ကဋ္ဌ ဒေါက်တာနိုင်အောင်လည်းရှိ တယ်။ သူတို့ရဲ့သဘောတူညီမှုနဲ့ လုပ် တယ်လို့လည်း နောက်ပိုင်းမှာသိရ တယ်။ ဒါကတော့ သူတို့ရှင်းရမယ့် ကိစ္စပါ။ ကျွန်တော့်အနေနဲ့တော့ မြောက်ပိုင်းကိစ္စကြောင့် ပြည်ဝင်ခွင့် မပေးသင့်ပါဘူးဆိုတဲ့ သဘောထားမျိုး တော့မရှိပါဘူး။ ၀င်ချင်တယ်မ၀င်ချင် ဘူးဆိုတာကတော့ သူ့ရဲ့အခွင့်အရေး ပါ။ ၀င်ခွင့်ပေးတာ မပေးတာ၊ တရားစွဲ ရေးမစွဲရေးဆိုတာကတော့ တာဝန်ရှိ သူတွေရဲ့အလုပ်ပေါ့။ ပထမအချက်က တော့ အမှုမှန်အတိုင်း တရားသဖြင့် ရှင်းရှင်းလင်းလင်းပေါ်လာရင် ကောင်း မယ်””ဟုပန်းချီထိန်လင်းကပြောသည်။

ထို့နောက် တရားခံဟု သတ် မှတ်ခြင်းခံထားရသူများနှင့်ပတ်သက် ၍ တရားစွဲဆိုခြင်းများ ပြုလုပ်ရန် ပြင်ဆင်နေမှုအပေါ် ယင်း၏သဘော ထားအား ပြောရာတွင် ““မိသားစုဝင် တချို့ရဲစခန်းမှာ စပြီးတော့အမှုဖွင့် ထားတယ်လို့ကြားပါတယ်။ တရားရုံး က လက်ခံလားလက်မခံလားတော့ မသိသေးဘူး။ ကျန်တဲ့ ရဲဘော်တွေဆီ ကလည်းသတင်းရထားတယ်။ တရား စွဲတဲ့ကိစ္စနဲ့ ပတ်သက်လို့ရှိရင်တော့ အဲဒါသူ့အခွင့်အရေးပဲလေ။ သူ့ကို မေးကြည့်ဖူးပါတယ်။ ဘာပြောစရာရှိ လဲလို့။ သူကပြောတာတော့ သမီး တစ်ယောက်လုပ်ရမယ့် အလုပ်ကို လုပ်လိုက်တာပါလို့ သူကပြောပါ တယ်။ တချို့မိသားစုတွေမှာလည်း အခုထက်ထိ စိတ်ဒဏ်ရာတွေရှိနေ သေးတယ်”” ဟု မစိမ့်စိမ့်သူက အမှု ဖွင့်ထားခြင်းနှင့်ပတ်သက်၍ ပန်းချီထိန် လင်းကကိုယ်စားရှင်းလင်းပြောပြသည်။

ယင်းအနေဖြင့် သက်ဆိုင်ရာ မိသားစုဝင်များ၏ စိတ်ဒဏ်ရာရရှိနေမှု များအပေါ်တွင်လည်း လွန်စွာစိတ်မ ကောင်းဖြစ်ရပါကြောင်း၊ ကိုယ်တိုင် ဖြတ်သန်းပါဝင်ခဲ့ရသူတစ်ယောက်အနေ ဖြင့် တရားစွဲဆိုသူများဘက်မှ မားမား မတ်မတ်ရပ်တည်သွားမည်ဖြစ်ကြောင်း၊ တရားစီရင်မှုအပိုင်းများကိုလည်း မှန်မှန်ကန်ကန်ထိထိရောက်ရောက် လုပ်ဆောင်စေလိုပါကြောင်း ဖြည့်စွက် ပြောပါသေးသည်။

ဆက်လက်၍ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများဒီမိုကရက် တစ်တပ်ဦး(မြန်မာပြည်မြောက်ပိုင်း) ဗဟိုကော်မတီဝင် ထိုစဉ်ကကိုယ်တိုင် ဖြတ်သန်းကြုံတွေ့ခဲ့ရသူ ကိုညီညီကျော် နှင့်တွေ့ဆုံမေးမြန်းခဲ့ရာ ယင်းက ယခု လိုပြောသည်။ ““ကျွန်တော်တို့ ဖြတ်သန်းခဲ့တဲ့ သမိုင်းစဉ်မှာ လူတ ချို့ ပြည်တွင်းကို ပြန်ဝင်လာခြင်းဟာ ထူးခြားပြောင်းလဲမယ့်ကိစ္စတော့မဟုတ် ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပြည်တွင်း မှာရှိနေခြင်း၊ ပြည်ပမှာရှိနေခြင်းဟာ ပြဿနာမဟုတ်လို့ဘဲ။ ကျွန်တော်တို့ ဘယ်သူ့ကိုပဲဖြစ်ဖြစ်။ ရင်မဆိုင်ရဲစရာ အကြောင်းဘာမှမရှိပါဘူး။ ရင်ဆိုင် တယ်ဆိုတာ တွေ့ခြင်းမတွေ့ခြင်းကို ဆိုလိုတာ မဟုတ်ပါဘူး၊ ရှင်းရှင်း ပြောရရင် သမိုင်းမှန်ကို ပြောင်းလဲ စေမယ့် တွေ့ဆုံခြင်းမျိုးဟာ လက်ခံ စရာအကြောင်းမရှိဘူး”” ဟု တရားခံ ဟုသတ်မှတ်ခြင်းခံရသူများ ပြည်တွင်း သို့ဝင်လာရန် ပြင်ဆင်နေခြင်းနှင့် ပတ်သက်၍ ယင်း၏သဘောထားကို ပြောသည်။

နှစ်ပေါင်း နှစ်ဆယ်ကျော်ကြာ ခဲ့ပြီဖြစ်သည့် မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ်၊ ပါဂျောင်ဒေသ ပြည်ထောင်စုနေ့အစုလိုက်အပြုံလိုက် လူသတ်ပွဲကြီးနှင့်ပတ်သက်သည့် ဖြစ်ရပ်အမှန်အား မန္တလေးမြို့ အခြေ စိုက်စာရေးဆရာမောင်မောင်ရွှေ (ရွှေကရ၀ိတ်)က“ကျွန်တော် သိသော ခေတ်သစ်ဟင်္သာကိုးသောင်းပုံပြင်” စာအုပ်တွင် သမိုင်းဆိုင်ရာအချက် အလက်များဖြင့် ရေးသားထုတ်ဝေခဲ့ သည်။ ယခုလည်း အဆိုပါ လူသတ် ပွဲကြီး၏ တရားခံအစစ်အမှန်အား တရားစွဲဆိုရန်နှင့် သမိုင်းဖြစ်ရပ်မှန် အား တင်ပြလိုသည့် ရည်ရွယ်ချက်ဖြင့် ရေးသားပြုစုထားသည့် စာရေးဆရာ ဆမားညီညီ၏ “၀ံပုလွေများထံမှလွတ် မြောက်ခြင်း”သမိုင်းဖြစ်ရပ်မှန်စာအုပ် အား စက်တင်ဘာလ ဒုတိယအပတ်မှ စတင်၍ ထုတ်ဝေနိုင်ရန်စီစဉ်နေ ကြောင်း အဆိုပါ စာရေးဆရာက မြန်မာအင်ဒီပဲန်ဒင့်သို့ ပြောသည်။

၁၉၉၂ ခုနှစ် မေ ၃၁ ရက်စွဲဖြင့် ထုတ်ပြန်သော ABSDF ဥက္ကဋ္ဌ ဒေါက်တာနိုင်အောင်၏ သတင်းစာ ထုတ်ပြန်ချက်(အင်္ဂလိပ်ဘာသာ)တွင် ယင်းအနေဖြင့် သူလျှို ၁၅ ဦးအား ကွပ်မျက်ခဲ့သည့်ကိစ္စနှင့် ပတ်သက် ၍ မှန်ကန်မှုရှိခြင်းအား ထပ်မံ အငြင်း မပွားလိုတော့ကြောင်း၊ ယင်းကိစ္စအား ဗဟိုကော်မတီက ဆုံးဖြတ်ရာတွင် ယင်းအနေဖြင့် ပါဝင်ခဲ့ခြင်းမရှိခဲ့သော် လည်း ဥက္ကဋ္ဌတစ်ဦးအနေဖြင့် ဗဟို ကော်မတီကိုယ်စား တာဝန်ရှိသည်ဟု ဆိုပါကြောင်း၊ နိုင်ငံတကာ အသိုင်း အ၀ိုင်းအားလည်း ကျန်ရှိနေသေးသည့် ထိန်းသိမ်းခံ သူလျှိုများအရေးနှင့် ပတ်သက်ပြီး အပြုသဘောဆောင် သော ဖြေရှင်းနည်းများဖြင့် ဖြေရှင်း သွားနိုင်ရန် ဆောင်ရွက်သွားသင့်သည် ကို သိပါသည်ဟု ရှင်းပြလိုကြောင်း စသည်ဖြင့် ရေးသားဖော်ပြလက်မှတ်ရေး ထိုးထားပါသည်။ http://www.myanmarij.com/?p=5045

Saturday, February 25, 2012

မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ ( အပိုင်း - ၁၁ )

မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ ( အပိုင်း - ၁၁ )
“ ပေးဆပ်ခဲ့သမျှ အတွက် ၊ မမေ့ကောင်းရာအဖြစ်၊ သစ္စာပန်းတစီး” ……..ကိုမင်းကိုနိုင်
“သမိုင်းရဲ့ အမှန်တရား ဆုံးဖြတ်ချက်ကို ဘယ်အရာနဲ့မှ ပြောင်းလဲလို့မရနိုင်ပါ” …ကိုမြတ်စံ

ကျောင်းသားတပ်မတော် မြောက်ပိုင်းဒေသမှာ ကျဆုံးသွားတဲ့ ကျောင်းသားရဲဘော်တွေအတွက် ရန်ကုန်၊ မန္တလေးမြို့တွေမှာ အခမ်းအနားလုပ်တဲ့အခါ ကိုမင်းကိုနိုင် နဲ့ ကျောင်သားတချို့ဟာ အပြင်းအထန် နေမကောင်းတဲ့ ကြားကနေ အခမ်းအနားကို တက်ခဲ့ကြတယ်၊ တိုင်းပြည်အတွက် အလုပ်များနေတဲ့ကြားကနေ၊ တခုတ်တရ တက်ရောက် ပြောဆိုဆွေးနွေးကြတယ် လို့ ဆိုတယ်။ သူတို့ရဲ့ စကားလုံးတွေကလည်း ရင်ကိုထိခပ် ခံစားစေခဲ့တယ်။ သမိုင်းရဲ့ အလင်းအမှောင်ကို နားလည်တန်ဘိုးထား သူတွေက၊ အဖြစ်အပျက်တွေကို ရှင်းရှင်းလင်းလင်း သုံးသပ်ခံစားတယ်။ လူ့အဖွဲ့အစည်းမှာ တရားမျှတမှုတွေ၊ မေတ္တာတွေထွန်းကားဖို့အတွက်၊ တည်ငြိမ်စွာဖြတ်သန်းကြတယ်။ ဆုံးရှုံးမှုနဲ့ ညီညွတ်မှုတွေရဲ့ အပေးအယူကို နားလည်ကြတယ်။
မြောက်ပိုင်းအရိုးတွန်သံများရဲ့ အဆင့် (၃) ကို ဖြတ်ကြတဲ့အခါ၊ ကျနော်တို့ကြိုတင်မျှော်လင့်ထားတဲ့အတိုင်းပဲ မျက်နှာဖုံးတွေ ကွာကျလာမယ်။ စိတ်ဓါတ်အဆင့်အတန်းတူရာ စုကြမယ်။ နိုင်ငံရေးသုံးသပ်နိုင်စွမ်းရေချိန်အနှိမ့်အမြင့်ပေါ်မှာ မူတည်ပြီး၊ ယုတ်မာ ရိုင်းစိုင်းမှု့ကို မလိမ့်တပတ်ကာကွယ်ချင်သူတွေ၊ အရက်ပုန်းရောင်းသူဆီမှာ တောက်တိုမယ်ရ အသုံးခံရသူတွေရဲ့ သွေးရူးသွေးတန်းတွေ စကားသံတွေကိုလည်း ရံဖန်ရံခါကြားနေရမယ်။ သူတို့ကိုတော့ “ ကမ္ဘာပျက်နေတဲ့အချိန်မှာ ရွာက ဇာတ်မင်းသားဂိုက် နဲ့ စတီဒီယို အဆိုတော် ဖြစ်ချင်သူတွေပါလား” လို့ နားလည်ပေးလိုက်ပါတယ်။ တကယ်တော့ ဒီလိုလူတွေကို စဉ်းစားနေစရာအကြောင်းမရှိပါဘူး။ ရာဇဝတ်မှုရဲ့ အရိပ်တွေက နွယ်မြက်ရိုင်းတွေလို တရိပ်ရိပ်တက် ချည်နှောင်နေတဲ့အချိန်မှာ ကြွင်းထဲက ကြွက်တွေဆိုတာ အပေါ်ကို မော့ကြည့်ရင်း စုတ်တသတ်သတ် ကျန်ရစ်ခဲ့ကြရမှာပါ။
ခွေးအ နှစ်ကောင်ကို အမဲလိုက်ခြင်း
တခါတုံးက လူဆိုးလူမိုက်ဆန်ဆန်အုပ်စုဖွဲ့ပြီး သခင်အားရ ကျွန်ပါးဝလုပ်၊ သူများတွေကို ဆဲဆို ခြိမ်းခြောက်လေ့ရှိတဲ့ လူတယောက်ကို မေးကြည့်မိဘူးတယ်။ ခြင်္သေ့ နဲ့ ခွေးအ ရဲ့ ကွာခြားမှုကို ရှင်းရှင်းလင်းလင်း နားလည်လား ဆိုတဲ့မေးခွန်းပါ။ ခြင်္သေ့ ဆိုတဲ့ ကောင်က တကောင်တည်းအမဲလိုက်ဖို့ဝန်မလေးဘူး။ လတ်လတ်ဆတ်ဆတ်အသားကို စားလေ့ရှိတယ်။ ခွေးအ ကတော့ အုပ်စုရှိမှ အမဲလိုက်ရဲလေ့ရှိတယ်။ သူတို့ရဲ့ထောင်ချောက်ထဲကို ဝင်လာမှ ကိုက်သတ်ရဲတဲ့ သတ္တိရှိတယ်။ သူများတွေရဲ့ စားကြွင်းစားကျန်တွေကို ကိုက်ချီစားသောက်ဖို့ ဝန်မလေးသလို၊ ယုတ်မာ ကောက်ကျစ်တဲ့အကြံတွေ ကျင့်သုံးဖို့လည်း ဝန်လေးသူတွေ မဟုတ်ဘူး။ အဖွဲ့အစည်း အသီးသီးက လူတွေဟာ အမှန်တရားကို ရှာဖွေတဲ့အခါ၊ မိမိတို့အနေနဲ့“ ခွေးအတွေ လား၊ ခြင်္သေ့ လိုမျိုး သတ္တိရှိသူတွေ လား” ဆိုတဲ့အချက်ကို ကိုယ့်ဘာသာ မေးခွန်းထုတ်ကြဖို့ လိုပါလိမ့်မယ်။
ဇော်ဇော်မင်း ( မိုးညှင်း) နဲ့ သန်းဇော် ( မန္တလေး) ဆိုတာ ကျောင်းသားတပ်မတော် ( မြောက်ပိုင်း) ဒေသဆီက အလင်းပြန်ဝင်လာတဲ့ ရာဇဝတ်ကောင် နှစ်ယောက်ပါ။ ဖေဖေါ်ဝါရီ (၁၂) အာသံကုန်းပေါ်က ခေါင်းဖြတ်သတ်ပွဲမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့သူတွေဖြစ်တယ်။ ဖမ်းခံထားရတဲ့ ကျောင်းသားတွေကို ရက်ရက်စက်စက် ညှင်းဆဲ နှိပ်စက်ခဲ့သူတွေဖြစ်တယ်။ ကျောင်းသားတွေကို သတ်ဖြတ်၊ လက်နက်ကိုင်တော်လှန်ရေးကို ဦးကျိုးအောင်ခဲ့၊ ကျောင်းသားတပ်မတော် ( မြောက်ပိုင်း) ကို သမိုင်းရဲ့ အပုတ်နံ့တွေ ထဲမှာ ပိုးစိုးပက်စက် ထားပစ်ခဲ့ပြီးတဲ့နောက်၊ သူတို့ဟာ တာဝန်တခုပြီးဆုံးသွားပြီ လို့ ယူဆ ဟန်တူပါတယ်။ ဗမာပြည်ထဲကို လက်နက်ချ အလင်းဝင်လာခဲ့ကြပါတယ်။ မြောက်ပိုင်းဒေသမှာ ရန်သူ့သူလျှို လို့ စွပ်စွဲခံရတဲ့သူတွေက စစ်အစိုးရရဲ့ အကျဉ်းထောင်တွေထဲမှာ ခါးသီးနာကျင်စွာ ရှင်သန်နေရချိန်မှာ၊ ရာဇဝတ်ကောင် နှစ်ဦးဖြစ်တဲ့ ဇော်ဇော်မင်း နဲ့ သန်းဇော် တို့ကတော့၊ စစ်ထောက်လှမ်းရေးတွေနဲ့ စီးပွားရေးလုပ်အကာအကွယ်ယူပြီး ဆောင့်ကြွား ဆောင့်ကြွား လျှောက်သွားနေခဲ့ကြပါတယ်။ ပြန်တွင်းကို ထွက်ပြေးလွတ်မြောက်လာတဲ့ ကျောင်းသားတွေက “ ခင်ဗျားတို့က ဘာတွေလဲ ကျနော်တို့ကိုကျတော့ ရန်သူ့ထောက်လှမ်းရေး လို့ စွပ်စွဲ၊ နှိပ်စက် ညှင်းပမ်းခဲ့ပြီး အခုကျတော့ ခင်ဗျားတို့က စစ်ထောက်လှမ်းရေးတွေနဲ့ပေါင်း ဒီမိုကရေစီအင်အားစုတွေကို၊ ချေမှုန်းနေတယ်။ နှောက်ရှက်တားဆီးနေတယ်” လို့ မျက်နှာချင်းဆိုင်သွားပြောပြီး စိန်ခေါ်ကြတဲ့အခါ၊ အဲ့ဒီ ရာဇဝတ်ကောင် နှစ်ကောင်က စစ်ထောက်လှမ်းရေးတွေဆီ ပြေးကပ်ပြီး ကျောင်းသားတွေဟာ သူတို့ကို ရန်လုပ်နေတဲ့အတွက် အကာအကွယ်ပေးပါ လို့ အကူအညီတောင်းခဲ့ကြပါတယ်။ စစ်ထောက်လှမ်းရေးတွေကလည်း သူတို့ရဲ့ လူနှစ်ယောက်ကို အကာအကွယ်ပေးခဲ့ပါတယ်။ “ဇော်ဇော်မင်းနဲ့ သန်းဇော်ကို နှောက်ရှက်တဲ့သူ ဘယ်သူမဆို၊ အဖမ်းခံရမယ်” အထိ ပေါ်ပေါ်တင်တင် ခြိမ်းခြောက်ခဲ့ကြပါတယ်။
ကျောင်းသားတပ်မတော် မြောက်ပိုင်း မျက်နှာဖုံးစွပ်ထားခဲ့ပြီး၊ စစ်ထောက်လှမ်းရေးနဲ့ ပလူးပလဲလုပ်နေတဲ့ ဇော်ဇော်မင်းနဲ့ သန်းဇော် တို့ဟာ တောထဲမှာ သူတို့နှိပ်စက်သတ်ဖြတ်ခဲ့တဲ့ ကျောင်းသားတွေ၊ ဝိညာဉ်တွေအပေါ်မှာ၊ ယနေ့တိုင် မထေမဲ့မြင် ပြုလုပ် စော်ကားနေဆဲဖြစ်ပါတယ်။ ဒါပေမဲ့ ပါဂျောင်ဒေသတုံးကလို ကျောင်းသားတွေကို နှိပ်စက်သတ်ဖြတ်ဖို့၊ သူတို့အတွက် အခွင့်မသာတော့ဘူး ဆိုတာကိုလည်း နားလည်နေပုံရပါတယ်။ ဒီလို ခွေးအ နှစ်ကောင် ဟာ ရွှေဝါရောင်တော်လှန်ရေးမတိုင်ခင်က ကျောင်းသားခေါင်းဆောင်တွေ၊ ဒီမိုကရေစီရေး အင်အားစုတွေကို အုပ်စုဖွဲ့ အနိုင်ကျင့်ဖြိုခွဲခဲ့တဲ့ စွမ်းအားရှင်တွေနဲ့ အဆင့်အတန်းအတူတူပဲဖြစ်တယ်။ စွမ်းအားရှင်တွ၊ ကြံ့ဖွံ့တွေ ဆိုတာ တယောက်ချင်းစီ နေထိုင်နေတဲ့အခါ သိတ်ကြောက်တတ်ပါတယ်။ အုပ်စုရှိမှ၊ အကာအကွယ်ရှိမှ မိုက်ရိုင်းကြမ်းကြုတ်တဲ့အလုပ်ကို လုပ်ရဲခဲ့ကြတာပါ။ ဘယ်လိုပဲဖြစ်ဖြစ်၊ စိတ်ရောဂါပညာရှင်တွေရဲ့အဆိုအရတော့ အကြမ်းဖက်မှုတွေကို မီးကုန်ယမ်းကုန် ကျူးလွန်ခဲ့မိသူတိုင်းမှာ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာနှစ်ခုစလုံးမှာ အကြီးမားဆုံး ချို့ယွင်းချက်၊ အားနည်းချက်တွေ အပြည့်ရှိကြတယ် လို့ဆိုတယ်။ အာသံတောင်ကုန်းရဲ့ လူမသိသူမသိ တောနက်နက်ထဲမှာ ကျောင်းသားသွေးကို သောက်ခဲ့တဲ့ ခွေးအ နှစ်ကောင်ရဲ့ အားနည်းချက်ကို စောင့်ကြည့်ကြရပါမယ်။ မန္တလေး၊ မိုးညှင်း၊ မိုးကောင်း ဘက်က သတင်းမီဒီယာသမားတွေ၊ ဒီမိုကရေစီ အင်အားစုတွေ အနေနဲ့ သူတို့ရဲ့ လက်ရှိပုံပန်းသဏ္ဍန်တွေ၊ လှုပ်ရှားမှုတွေ ကို အဆက်မပြတ်မှတ်တမ်းတင်ထားပြီး၊ ဓါတ်ပုံတွေကို ပြည်သူလူထုကြားမှာ ဖြန့်ထားပေးသင့်ပါတယ်။ တချိန်ချိန်မှာ အသုံးဝင်လာမှာမို့ပါ။
၁၉၉၀ ဗကသများ ညီလာခံ

အမေရိကားမှာ ABSDF ခေါင်းဆောင်တယောက်နဲ့ ဆုံတွေ့တုံးက “ ၁၉၉၀ မန္တလေးမှာ ကျင်းပတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ ညီလာခံမှာ ကျောင်းသားတပ်မတော် ( မြောက်ပိုင်း) ကိုယ်စားလှယ်တွေ လာရောက်တက်ခဲ့ကြတာ သိလား” လို့ မေးခဲ့မိတယ်။ သူက မြေပေါ်ကျောင်းသားလှုပ်ရှားမှု သမိုင်းနဲ့ တော်တော်အလှမ်းဝေးပါတယ်။ “ မသိဘူး” တဲ့။ ကျနော် စိတ်တော်တော်လေသွားတယ်။ တခါတလေ ဒီလူတွေ မြေပေါ်ကျောင်းသားလှုပ်ရှားမှု့ သမိုင်းကို မသိပဲနဲ့ ခင်ဗျားတို့ ဘယ်လို တော်လှန်ရေးလုပ်လဲ လို့ မေးကြည့်ချင်တယ်။ ဘာမှလည်း ဇြစ်လာမှာမဟုတ်တော့ မမေးဖြစ်ခဲ့ပါဘူး။
တကယ်တော့ မစိုးရိမ်တိုက်ဟောင်းထဲမှာ ဗကသ ရဲဘော်တွေရဲ့ ဧည့်ဝတ်ကျေမှုကို မြိန်ရည်ရှက်ရည် စားခဲ့ကြတဲ့ မြောက်ပိုင်းဒေသမှ ကျောင်းသားတပ်မတော်ရဲဘော်တွေအနေနဲ့ မန္တလေး၊ ရန်ကုန်မှ တောခိုလာတဲ့ကျောင်းသားတွေဟာ ရန်သူ့ သူလျှို မဟုတ်ဘူး ဆိုတာ ကောင်းကောင်းသိကြပါတယ်။ ဒါဖြင့် ဒီလို ရက်ရက်စက်စက် နှိပ်စက် ညှင်းပမ်းမှုကြီးကို ငြိမ်သက်စွာ ထိုင်ကြည့်နေခဲ့တာဟာ ဇော်ဇော်မင်း တို့နဲ့ အတူ ပူးပေါင်းကြံစည်ခဲ့တာလား။ မတတ်သာလို့ ဝင်ရောက် မစွက်ဖက်ခဲ့တာလား။ ခွပ်ဒေါင်းအလံတော်အောက်မှာ ကိုယ့်ရဲဘော်ချင်း လုပ်ကြံသတ်ဖြတ်မှုကို ကျူးလွန်ခဲ့သူတွေက သူတို့ရဲ့ လိပ်ပြာတွေကို ဘယ်လိုသန့်စင်ကြမလဲ။ သစ္စာအဖောက်ခံလိုက်ရတဲ့ မြို့က လူတွေအတွက်တော့၊ အမှန်တရား ပေါ်ပေါက်ရေးကလွဲလို့ မည်သည့်အဖွဲ့အစည်းကိုမှ ဂရုစိုက်နေမှာ မဟုတ်ဘူး ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း နားလည်ထားဖို့ လိုကြပါလိမ့်မယ်။ ကျောင်းသားထု ညီညွတ်ရေး နဲ့ အဖွဲ့အစည်းခေါင်းဆောင်တွေရဲ့ ဂုဏ်သိက္ခာရှိမှု၊ မရှိမှု ဆိုတာ၊ အမှန်တရားပေါ်မှာ ဘယ်လောက် သတ္တိရှိရှိ ရပ်တည်တိုက်ပွဲဝင်သလဲ ဆိုတဲ့အချက်ပေါ်မှာ အဓိက မူတည်ပါတယ်။ တရားမျှတမှုကို “ဘူး”ကွယ် ငြင်းပယ်နေတဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေနဲ့ ညီညွတ်စရာ အကြောင်းတစက်မှ မရှိပါ။

သတင်းမီဒီယာခေတ်ကြီးမှာ၊ ဇီဝလက်နက်၊ ဓါတုလက်နက်တွေနဲ့ အကြမ်းဖက်နေတဲ့ ခေတ်ကြီးမှာ ----
အနှစ်မပါတဲ့ ဟန်ရေးပြမှုတွေကို ကျော်လွန်ပြီး ၊ တယောက်နှလုံးသားကို တယောက် အကဲခပ်တတ်ဖို့ လိုပါလိမ့်မယ်။

မြောက်ပိုင်းဒေသမှာ ဖြစ်ပွားခဲ့တဲ့ အစုလိုက်အပြုံလိုက်လူသတ်ပွဲနဲ့ ပတ်သက်ပြီး၊ ကာယကံရှင်တွေရဲ့ ပြောဆိုသံတွေကို ဆက်လက်နားစွင့်သွားပါမယ်။ ဘယ်သူ ဘာလဲ ဆိုတာရှင်းရှင်းလင်း သိရှိနားလည်နေကြမှတော့၊ ကိုယ့်ရဲ့ နည်းဗျူဟာတွေကို စံနစ်တကျ တည်ဆောက်ကြရပါလိမ့်မယ်။ တရားကို နတ်စောင့်ပါတယ်။ နစ်နာခံစားရသူတွေအားလုံးအတွက် တရားမျှတတဲ့ မနက်ခင်း မကြာခင် လင်းလက်တောက်ပနိုင်စေရပါမယ်။
အောင်မိုးဝင်း

Thursday, February 23, 2012

အေဘီမြောက်ပိုင်းကေ့စ်ကို ဖြန့်ကျက်တွေးတောမိသောအခါ...

အေဘီမြောက်ပိုင်းကေ့စ်ကို ဖြန့်ကျက်တွေးတောမိသောအခါ...

2011 ရဲ့ ဒီဇင်ဘာညချမ်း တိတိကျကျ ပြောရရင်တော့ (18)ရက်နေ့ ညမှာ အမတစ်ယောက်တင်လိုက်တဲ့ လင့်ခ်ကိုဝင်ဖတ်မိပါတယ် ပန်းချီထိန်လင်းရေးတဲ့ ကျနော်သန်းကြွယ်သူဌေး ဖြစ်ခဲ့စဉ်က ဆိုတဲ့ ပို့စ်ကလေးပါ... ပန်းချီဆရာရဲ့ ပန်းချီကိုတခါမှ မကြည့်ဖူးပေမဲ့ ပန်းချီဆရာရေးတဲ့ပို့စ်က တော်တော်လေးပေါက်ပြီး အဖြစ်အပျက်တွေကို ကွက်ကွက်ကွင်းကွင်း မြင်လာအောင် စာဖတ်သူတွေကို ချပြနိုင်ခဲ့ပါတယ်... ဒါက ပထမဆုံး ခေါင်းလောင်းထိုးသံလေးပါ... ဒါတွေကို ကိုမောင်မောင်ဝမ်းကလဲ မှန်မှန်ကြီး တင်ဆက်ပေးနေပါတော့တယ်... အဲ့ဒီနောက်မှာတော့ ကိုကျော်ကြီးအေဘီ(ညီညီကျော်)၊ ကိုအောင်မိုးဝင်း၊ ကိုလင်းဝေအောင်၊ ကိုမောင်မောင်(ရွှေကရဝိတ်)၊ မနန်းအောင်ထွေးကြည်(မငယ်) စသည်ဖြင့် နာမည်အရင်းတွေနဲ့ ရဲရဲရင့်ရင့် ပြတ်ပြတ်သားသား ချရေးပြကြပါတယ် (ရေးကြသူတွေများ
လို့ကျနော် မေ့ကျန်သူတွေလဲရှိနိုင်ပါတယ်)၊ ပို့စ်ချရေးသမျှ လူတွေမှာ အေဘီလူဟောင်းတွေရော၊ အပြင်လူတွေပါ အားဖြည့် လာကြပါတယ်... နောက်ဆက်တွဲ အဖြစ်နဲ့ ပန်းချီထိန်လင်းက ကျနော်လူကက်ဆက် အပိုင်းနှစ်ခုကလဲ ခရေစေ့တွင်းကျ ချပြနိုင်လိုက်လေတော့ စာဖတ်သူတွေ ဟာကနဲ ဟင်ကနဲ ဖြစ်သွားကြရှာပါတယ်... စိတ်မကောင်းစရာပါ အဖြစ်အပျက်က ပြန်ရေးပြရတာတောင် ရင်နာစရာပါ... သို့သော်လဲ စာရေးသူတွေဟာ အေဘီအက်စ်ဒီအက်ဖ်ကို ထိခိုက်သွားစေခြင်း တစုံတရာမပါအောင် ဂရုတစိုက်ရေးချပြနိုင်ကြပါတယ် (သဘောထားကြီးကြပါတယ်.. ကျနော်ဆိုအဲ့လိုမလုပ်နိုင်ပါဘူး)... ခုချိန်မှာ အေဘီကမဟုတ်သူ ကျနော်ကသာ (အေဘီကို ဘာရုပ်မှ မပေါက်တော့ဘူး) (ကျီးအာသီးလိုဖြစ်နေပြီ) (ကင်ဆာပြန့်နှံ့နေတဲ့ လူမမာလိုပဲ ဖုတ်လှိုက်ဖုတ်လှိုက်နဲ့ သေတော့မှာ) စသည်ဖြင့် အမနာပ ကွန်မန့်ရေးပါတယ်... ဘာကြောင့်ဒီလို ရေးသလဲ ဆိုတော့ ကျနော် အားကျခဲ့ဘူးတဲ့ အေဘီမှာ အေဘီဟောင်း/လက်ရှိအေဘီ တော်တော်များများတွေဟာ ရဲဘော်ရဲဘက်စိတ် မရှိကြပါဘူး အမတစ်ယောက် ရေးတဲ့ပို့စ်တခုပဲ ဖတ်ခဲ့ရဖူးပါတယ်... အေဘီကို အမည်ခံပြီး ကိုယ့်လွတ်မြောက်မှု့ကို ခုချိန်ထိ အားထုတ်နေကြလို့ပါ... စိတ်မနာပါနဲ့ ပြန်စမ်းစစ်ကြည့်ပါ... အခုကေ့စ်ကို ဖော်ပြနေသူအေဘီဟောင်းတွေက သမဂ္ဂရဲ့ အလံတော်အောက်မှာ သီချင်းဆိုနေကြတုန်း ချစ်နေကြတုန်းပဲ... စီနီယာတွေ၊ ရဲဘော်တွေ (ဘယ်သူမှ မကယ်လို့ ကိုယ်တိုင်ထွက်ပြေး လွတ်မြောက်လာသူတွေ) ကို မကဲ့ရဲ့ပါနဲ့... ဘယ်သူမှ လွှတ်မပေးလို့ ကိုယ်တိုင်ကြိုးစားခဲ့ရတာပါ... ပါဂျောင်ထောင်အပြင် ရွှေပြည်ကြီးက ထောင်တွေမှာပါ ကျခံရသူတွေပါ... ဒါတွေကို ရေးပြရတာက ဆင်ခြင်သုံးသပ်နိုင်အောင်ပါ ကိုယ်တဖက်တည်း မှန်ကန်ပါတယ် ထင်နေရင်လဲ ထောင့်ပေါင်းစုံကနေ လေ့လာပါ... မြောက်ပိုင်းကေ့စ်ကို ရေးကြသူတွေက ပြတ်ပြတ်သားသား စိန်ခေါ်နေတာပါ လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှ မြည်တာပါဗျာ... တဖက်ကလူတွေက ငြိမ်ပြီးတီးဖို့ မကြိုးစားလေတော့ သူတို့ခမျာ တဖက်တည်းနဲ့ ရသလိုတီးရတော့ လက်ဖျောက်တီးပြီး ခွေးခေါ်သလို ဖြစ်နေတယ်... တချို့တလေကတော့ ပို့စ်အနေနဲ့ မရေးရဲကြလေတော့ ကွန်မန့်ထဲမှာ လာလာအာတာမြင်ရပါတယ်... အထောက်အထားတွေ၊ သက်သေတွေ၊ စာရွက်စာတမ်းတွေ ရှိပါသတဲ့... ချပြပါမြင်ချင်ပါသေးတယ် ဗဟုသုတရတာပေါ့... နောက်ပြီး ဒီလူတွေ ရေးတာ အမှားတွေပါတဲ့ အမှန်သိချင်ရင် အေဘီမှတ်တမ်းရုံးမှာ လာလေ့လာဦးဆိုတော့ ဦးဇင်းဒသပြောသလို နောက်တခါ သတ်ချင်သေးလို့ ထင်ပါရဲ့ ထားပါတော့လေ... အေဘီအပေါ်မှာ စေတနာမှန်ရင် ရေးသားရဲကြပါလို့ တိုက်တွန်းလိုက်ပါတယ် အမည်လဲမပါ လိပ်စာလဲမသိ ဘယ်နိုင်ငံက လူတွေမှန်းမသိတဲ့ ကြေငြာချက်တို့ စာတမ်းတို့ လာမချပြပါနဲ့ တော်ကြာ ဟိုတလောက လူ၁၀၀ သတ်ဖူးတယ် လူ၁၀၀၀ သတ်ဖူးတယ်ဆိုတဲ့ ရီစရာကောင်းတဲ့ လူတွေလို ဖြစ်နေတယ်... အခုကေ့စ်မှာ 1992 ကနေ ယနေ့အထိ အေးရာအေးကြောင်း နေလာကြပြီးပြီပဲ ပါဝင်ပတ်သတ်သူတွေ ကိုယ်တိုင်ကလဲ မငြင်းကြပါဘူး လူတွေသတ်ခဲ့ပါတယ်တဲ့ သိကြကြားကြ သူတွေကလဲ အမှန်တကယ်ဖြစ်ခဲ့တာကို ပြောပေးကြလို့ ကျေးဇူးပါ ဒါဆိုလူသတ်မှု့ (လူသေမှု မဟုတ်ပါ) ဖြစ်ကြောင်း သေချာသွားပါပြီ... ပထမတော့ လူသတ်သမားက လက်ဆယ်ချောင်းတောင် မပြည့်ပါဘူး... အောင်နိုင်၊ မျိုးဝင်း၊ သံချောင်း၊ လှဆိုင်း၊ သန်းဇော်၊........။ နောက်တော့ သေသူတွေထဲမှာ ဗဟိုကလူတွေလဲ ပါတယ်ဆိုတော့ ဗဟိုပါ ပါသွားပြီ... တောင်ပိုင်းက လာရောက် ပူးပေါင်းသူတွေလဲ ပါတယ်၊ တယောက်ကိုပဲ ကယ်တင်ပြီး ကျန်သူတွေကတော့ မသိဘူးတဲ့ တောင်ပိုင်းပါ ပါဝင်လာပါတယ်... ဇာတ်ကတော်တော် ရှုပ်လာပါပြီ... အခြားအဖွဲ့အစည်းတွေကရော... လူတွေမေးလာကြပြီ ကေအိုင်အေက မငယ်ကို ကယ်သွားလို့ အခုမှ မချိတင်ကဲ မသတ်လိုက်ရလေခြင်း ဆိုပြီး စိတ်မကောင်း ဖြစ်နေကြတယ်ဆိုပဲ စိတ်ပျက်စရာပါ အေဘီဖွဲ့ကာစက အမတယောက်ရေးထားတာ ဖတ်ရတဲ့ အတွက် အေဘီကို ဘယ်လိုထူထောင်တယ် ဘယ်လို အခက်အခဲတွေကြောင့် နေရာတွေ ခွဲသွားကြရတယ် ဆိုတာ ဖတ်ပြီးတဲ့နောက်မှာ အေဘီဟာ မနုနယ်တော့တဲ့ သက်တမ်းလေးနှစ်သား အဖြစ် 1992က အဲ့ဒီကေ့စ်ဖြစ်နေစဉ် မြင်တွေ့ပြီးနောက်မှာ မတော်တဆ အမှား မဟုတ်ပါဘူး(ရည်ရွယ်ချက်ရှိရှိ)လို့ သုံးသပ်မိပါတယ်... အေဘီဟာ စည်းကမ်းတကျ ဖြစ်နေပြီ ဆိုတာ အဲ့ဒီအမက ချရေးပြလိုက်တာပါ... အေဘီမှာ အဲ့ဒီအဖြစ်ကို မဆွေးနွေးကြဘူးလား မသုံးသပ်ကြဘူးလား ဝက်တကောင်ကို ကြိုးတုပ်ပြီး ခုတ်သတ်သလိုမျိုး ဖြစ်မနေဘူးလား အေဘီကလူတွေက ဒီရဲဘော်တွေ (လက်တွဲလုပ်ကိုင်ဖူးသူတွေ ရှိနေပါသေးတယ်) မသိကြလို့လား သူလျိုဖြစ်နေရင်တောင်မှ ဒီလိုလုပ်ခွင့် ရှိပါသလား(သူလျိုမဟုတ်ဘူးလို့ ရေးတင်ကြသူတွေရဲ့ စာတွေ ဖတ်ကြပါဦး) ထွက်ပြေးလာသူတွေကတော့ ထားပါတော့ အသတ်ခံရသူတွေက တကယ့် တော်လှန်ရေးသမားစစ်စစ်ကြီးတွေ မြေပေါ်ကော မြေအောက်ကော(ဗကသ/အေဘီ) မှာပါ လှူပ်ရှားဖူးသူတွေ မဟုတ်ဘူးလား ထင်ရှားတဲ့ အမာခံကျောင်းသားတွေချည့်ပဲ ဖက်ဆစ်ဂျပန်ထက် ဆိုးတဲ့ နည်းတွေနဲ့ သတ်ဖြတ်ပြစ်ကြတယ် ချုပ်နှောင်ထားသူတွေကိုလဲ ထပ်သတ်ဦးမှာပဲ (ဒါကြောင့် ထွက်ပြေးကြတာ) အသတ်မခံရ အချူပ်နှောင်မခံရသူတွေကလဲ သူတို့ဘယ်နေ့ အဲ့ထဲကို ရောက်မလဲ တွေးပူနေရမှာပဲ... ဒါကြောင့် ဒီလိုမတရားလုပ်နေတာကို အံကြိတ်လက်ပိုက် ကြည့်နေကြရတာ ဖြစ်မှာပါ... ဗဟိုကလူတွေ လာတယ် သွားတယ် တောင်ပိုင်းက သိတယ် ကယ်တယ်/မကယ်ဘူး ဒါတွေအပြင် ကြားဖူး မြင်ဖူး တွေ့ဖူးသူတွေကရော နှုတ်ပိတ်နေကြတာ အင်မတန် ရှက်စရာ ကောင်းပါတယ် ရွံစရာလဲ ကောင်းပါတယ်... အေဘီပျက်စီးရာ ပျက်စီးကြောင်းဆိုရင် အဲ့လူတွေကို လက်ညိုးထိုးကြပါ... စသိကာစကတော့ ပိုက်ကွန်နဲ့ အုပ်လိုက်ရုံပဲ ထင်ထားတာ နောက်တော့ အဝိုင်းအဝန်းက ကျယ်လာပါတယ် ကမ်းနားမှာတင် ဆွဲပိုက်ဆွဲသလို ဆွဲတင်လိုက်ရင် ပြီးပြီလို့ ထင်ထားမိတာ... အခုတော့ ခောတ်မှီသင်္ဘောတစင်းနဲ့ ပင်လယ်ပြင်အနှံ့ သုံးထပ်ပိုက်ကြီးချပြီး ခဲကော သဲကော အမှိုက်ကော အကုန်ဆွဲတင်ဖို့ ဖြစ်သွားပြီ... ကျနော့်အမြင် လူတရာကျော်ကျော် ပါဝင်ပတ်သတ်နေပြီး တချို့ဆိုရင် သတင်းမှန်မှန်ကြီး တင်ပေးနေရာကနေ မြောက်ပိုင်းကေ့စ်ကို မပတ်သတ်တော့ဘူးတဲ့ အံ့သြစရာပါ... မင်းသားကြီး မလုပ်ရလို့ ပတ်မကြီး ထိုးဖောက်တယ်လို့ သုံးခါထက်မနဲ ပြောသွားတဲ့ သူကိုလဲ သနားလိုက်တာ "ကျနော် ကမ္ဘာမကျော်ချင်ဘူးဗျာ... အဲ့ဒါ တကမ္ဘာလုံးသိအောင် ဘယ့်နှယ့်လုပ်ရမတုန်း" ဆိုတာမျိုးဖြစ်နေတယ်... ပထမတော့ ဒီလူတွေ ဒေဝဒတ်ကို ဆရာတင်မိနေပြီလို့ ထင်ပြီးသနားနေတာ အပြောအဆိုတွေကလဲ ရွံစရာတောင်ကောင်းတယ် တိုင်းပြည်က ဒီမိုလမ်းကြောင်းပေါ် လျှောက်နေပြီမို့လို့ အေဘီက (အလင်းဝင်ဖို့) ကြိုးစားနေတာကို မသမာသူတွေက ဖျက်ဆီးနေသတဲ့... 1992 ကနေ အခုအထိ ပါဝင်ပတ်သတ် နေကြတယ်... အားနာပါးနာနဲ့ မေးလိုက်ဦးမယ် ဝါရင့်သဘာရင့်ကြီးတွေတောင် 1992 ကအမေရိကား ရောက်သေး/မရောက်သေး ဆိုတာကော သိဖို့မလိုဘူးလား... ဥက္ကဌကြီးကိုလဲ မေးလိုက်ပါဦး မှော်(ဖားကန့်)ထဲမှာ ကိုရန်ရှင်းနဲ့ မန္တလေးက ရဲဘော်တယောက် ဘယ်လို အသတ်ခံရသလဲ လဲသိချင်ပါသေးတယ်လို့... တလောက အမေရိကန်နိုင်ငံသားအဖြစ် ပြည်တော်ခဏ ပြန်ဝင်လာတဲ့ ကိုကိုတောင်မှ လေးလက်မသံကြီးကို အိပ်ကပ်ထဲက ထုတ်ပေးလိုက်သတဲ့ ဘယ်သူ့စအိုထဲကို မီးဖုတ်ပြီး ထိုးထဲ့ခဲ့ပါသလဲ... အေဘီကို ချစ်တယ်ဆိုရင် ဒေဝဒတ်ကိုချည့် ဆရာတင်မနေကြပါနဲ့ အဇာတသတ်လို ဟိုးးးးးရှစ်ထပ်မှာ ဂျိုးကပ်ပြီးနေနေရဦးမယ်...
နောက်ပြီး မြောက်ပိုင်းမှာ ကြွေလွင့်သွားရရှာတဲ့ ကိုကြီး(ကိုထွန်းအောင်ကျော်)၊ မချို(မခင်ချိုဦး)နဲ့ အခြားရဲဘော်ရဲဘက်တွေ ခင်ဗျားတို့ စီနီယာတွေကို ၁၀ရက်နေ့ ရန်ကုန်ပွဲမှာ ကိုမင်းကိုနိုင်(ကိုပေါ်ဦး)၊ ၈၈မျိုးဆက် အသစ်ကလေးတွေကော အဟောင်းတွေကော လာပြီးဂုဏ်ပြုကြသတဲ့ နေမကောင်းတဲ့ကြားက ဘိုဘို့အမေတို့ ကိုကျော်နိုင်ဦး(ကိုကြာင်) တို့နဲ့ စကားလက်ဆုံကျနေသေး ဘာတွေပြောဖြစ်ကြသလဲ တောင်သိချင်မိသေးတယ် ကိုပေါ့်ဘေးနားမှာ ပန်းချီထိန်လင်း တရားနာနေလေတော့ ဘယ်နှယ့်လုပ်ကြမတုန်း... နောက်မန်းလေးပွဲ ၁၂ရက်ပြည်ထောင်စုနေ့မှာ ကိုမြအေး၊ ကိုထွန်းမြင်အောင်နဲ့ ၈၈မျိုးဆက် အသစ်တွေကော အဟောင်းတွေကော လာပြီး ဂုဏ်ပြုကြသတဲ့ သူလျိုမဟုတ်ပါဘူးဗျာ အသက်ချင်း လောင်းကြေးထပ်လိုက်ချင်ပါတယ်တဲ့... ... နောက်ပြီး ၁၃ရက်နေ့ ရန်ကုန်နောက်ထပ်တပွဲမှာ မနီလာသိန်းတို့တောင် လာသတဲ့ဗျာ... ပြည်သူတွေ အမြင်ရှင်းအောင် တိတိကျကျလေး ရှင်းလင်းကြရင် ပိုအဆင်မပြေဘူးလား ခုတော့ တခါလာလဲ သက်သေရှိတယ် အထောက်အထားတွေ ရှိတယ် ဘာရှိတယ် ညာရှိတယ်နဲ့... အေဘီအရိပ်ကို ခိုပြီး နဲနဲလေးလဲ ရှက်ကြပါဦး... တဖက်က ဟမ်ဘာဂါကိုင် တဖက်က ဆိုဒါပုလင်းကိုင်ပြီး ပြည်သူတွေလဲ ဒီလိုပဲ စားနေရမှာပါလေ လို့များ တွေးထားရင်တော့ ပြည်သူ့အတွက်ဆိုတာကြီးကို ခေါင်းထဲက ထုပ်ပစ်ပြီး ကိုယ့်တကိုယ်စာ ကိုယ်လွတ်ရုံးသူအဖြစ် တတိယနိုင်ငံတွေမှာ အပုန်း(အပုန်းတွေကိုတောင်အားနာပါရဲ့) ဘဝနဲ့ နေကြပါ... လက်မဆေးပဲနဲ့များ ထမင်းဝိုင်း ဝင်ချင်သေးသတဲ့လားဗျာ... ဆပ်ပြာနဲ့ မဆေးနိုင်ရင်တောင် ရေလေးနဲ့ပဲ ဆေးပြီးလာခဲ့စမ်းပါ ပြည်သူတွေက သူရဲကောင်းအဖြစ် ကြိုနေမှာပါ... အခုတော့ တချို့တချို့တွေက လင်တော့ ယူချင်သား ဗိုက်ကြီးမှာ ကြောက်တယ် ဆိုတာမျိုးဖြစ်နေပြီ... အပြစ်ရှိတယ် ထင်ပါသလား အချိန်မနှောင်းသေးခင် ဆေးကြောလိုက်ပါ... အလကား သွားပုပ်လေလွင့် ပြောနေမဲ့အစား အခုနေခါမှာ တိုင်းပြည်က တကယ်လုပ်အား လိုအပ်နေချိန်မှာ ဒါတွေမေ့ထား ငါတို့ ပြည်တော်ပြန်ရေး အဓိကထားဆိုတော့ တရားနည်းလမ်းကျပါရဲ့လား... သတင်းနဲ့ ဆက်သွယ်ရေး ခောတ်ထဲမှာ မီဒီယာကို မီဒီယာနဲ့ တိုက်ချင်ရင်လဲ တိတိကျကျလေး လုပ်ပေါ့ဗျာ... ပတ်မကြီးထိုးဖောက်မဲ့ ကောင်က ဘယ်သူလဲ??? ဘယ်သူနွားလဲ ဘယ်သူကျားလဲ ပြည်သူကို အဆုံးအဖြတ်ပေးခိုင်းပါ... ပြည်သူကို ဒီကေ့စ်တရားဝင် ချပြလိုက်ရင် အကယ်ဒမီတွေ တလှေကြီး ရသွားဦးမယ်... စတုတ္တမဏိုင် မီဒီယာတွေကကော တိကျသေချာစွာ ပြည်သူကို သတင်းပေးနိုင်နေပြီလား ပြည်သူကကော ယုံကြည်လျှက်ပဲလား... ဝေဖန်စောကြောကြဦး... တခါတလေ ယုန်ထောင် ကြောင်မိ အဖြစ်ကိုလဲ ထည့်သွင်း စဉ်းစားဦး... ကိုယ်ကပြောနေတာက တမျိုး ပြည်သူသိထားတာက တမျိုး မခက်ဘူးလား... ကိုယ်ရှူးကိုယ်ပတ်နေဦးမယ်... အခုကိစ္စကို ဖော်ထုတ်သူတွေဟာ အပုန်းတွေ မဟုတ်ဘူးဆိုတာ သိထားပါ... ကျနော်တယောက်ပဲ နာမည်ပြောင်နဲ့ နေနေတာပါ... အချိန်မရောက်သေးတော့ ဒီနာမည်လေးနဲ့ပဲ သိထားပေးပါ... တိတိကျကျ ပြောပြပါ့မယ် ဆိုတာလဲ ဝန်ခံပါရစေ... နောက်ပြီးတော့ ကျနော်က ဒီလူတွေနဲ့ လက်တကမ်းမှာ နေနေရလေတော့ ကျနော့် လုံခြုံရေးအရပါ... နာမည်မကြီးချင်ဘူးဗျာ.ဒါကြောင့်ပါ... တိုင်းပြည်ပေါ်မှာ ပေါက်နေတဲ့ မြက်ရိုင်းတပင် နှုတ်မပေးဖူးတဲ့သူပါ... ဒါပေမဲ့ မြက်တွေ အားရပါးရ စားပြီး မင်းတို့ မြက်နှုတ်ပေးဖူးပါသလား လို့ မေးနေတဲ့ လူတွေထက်တော့ တိုင်းပြည်ကို ချစ်ပါသေးသဗျ..... အေဘီအက်စ်ဒီအက်ဖ်ကို ကယ်တင်ချင်ရင် ကိုယ့်ကိုယ်ကိုယ် ပြန်မေးလိုက်ပါ ငါ့လက်တွေ သန့်ရှင်းပါသလားးး လို့..............
အခုတော့ ဒီနာမည်လေးပဲ သိထားပေးပါဗျာ
ဘရာဇီး ငှက်ရိုး(အေဘီအက်စ်ဒီအက်ဖ်ကို စေတနာထားရေးပါတယ်)

Wednesday, February 22, 2012

ဘာကြောင့် ကိုယ့်ကိုယ်ကို ထောက်လှမ်းရေးပါ လို့ဖြောင့်ချက်ပေးခဲ့ကြတာလဲ ?

ဘာကြောင့် ကိုယ့်ကိုယ်ကို ထောက်လှမ်းရေးပါ လို့ဖြောင့်ချက်ပေးခဲ့ကြတာလဲ ?

ဒီမေးခွန်းဟာ ကျွန်တော့ကို ခဏခဏအမေးခံရတဲ့ မေးခွန်းတစ်ခုပါ။ABSDF(NB) ပါဂျောင်စခန်းမှာ လူသတ်ပွဲကြီးဖြစ်ပြီးတဲ့နောက်ပိုင်း ကျွန်တော့ရဲ့ညီ-ညီညီတစ်ယောက် ကျောင်းသားတပ်ဖွဲ့ကနေ KIA ဘက် ကိုရောက်ရှိသွားပြီးတဲ့နောက် ကျွန်တော်ပါဂျောင်မှာရှိတဲ့ KIA ရဲ့ NEW CAMP ခေါ် လိုင်စင်စခန်းနဲ့ လိုင်ဇာ ဘက်ကို အကြိမ်ကြိမ် ရောက်ခဲ့ပါတယ်။
KIA ထောက်လှမ်းရေးတာဝန်ခံ ဗိုလ်မှူးကြီးပန်းအောင် နဲ့ မကြာခဏဆုံဖြစ်ပြီး တရုတ်ပြည်ရင်ကျန်းမြို့ ကတဆင့် လိုင်စင်-လိုင်ဇာဘက်တွေကို ညီညီနဲ့အတူ မကြာခဏ ကားလိုက်မောင်းပေးဘူးပါတယ်။KIA တပ်က သက်တန်းရင့် ဗိုလ်ချုပ်ကြီးတစ်ချို့ နဲ့လည်း တွေ့ခဲ့ ဆုံခဲ့ စကားပြောခဲ့ဘူးပါတယ်။
သူတို့တတွေဟာ ကျောင်းသားစခန်းတွင်းက နှိပ်စက်သတ်ဖြတ်မှုတွေနဲ့ ပတ်သက်ပြီး စကားပြောဖို့ စိတ်မပါကြပါဘူး။အဲ့ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး တစ်ခါတရံမှသာ စကားပြန်ရတတ်ပါတယ်။ဘယ်လိုဘဲပြောပြော ဘယ်သူနဲ့ပြောပြော သူတို့ရဲ့စကားကို “သူတို့က ဘာကြောင့် ကိုယ့်ကိုယ်ကို ထောက်လှမ်းရေးပါလို့ ဖြောင့်ချက် ပေးခဲ့ကြတာလဲ” ဆိုတဲ့ မေးခွန်းနဲ့ အဆုံးသတ်ပစ်တတ်ကြပါတယ်။
သူတို့အားလုံးအတွက် လူအင်အား(၃၀၀)လောက်ရှိတဲ့နေရာမှာလူ(၁၀၀)လောက်က ထောက်လှမ်းရေး ဖြစ်နေတယ်ဆိုတာကို ဘယ်လိုမှ လက်မခံနိုင်ကြဘဲ ဟာသတစ်ခုလိုပြောနေကြပေမဲ့ အဲ့ဒီအကြောင်းကိုမေး လိုက်ရင် အပေါ်ကမေးခွန်းကိုဘဲ ထပ်ခါတလဲလဲမေးနေတတ်ကြတယ်။
ဗိုလ်မှူးကြီးပန်းအောင်ဆိုရင် ကိုယ်တိုင်က ထောက်လှမ်းရေးတာဝန်ခံတစ်ယောက်ဖြစ်တယ်။ကျောင်း သားတပ်က စွတ်စွဲစစ်ဆေးချက်တွေအရ တပ်မတော်ထောက်လှမ်းရေးဗိုလ်တစ်ယောက်ပါလို့ ဖြောင့်ချက်ပေး ထားတဲ့ ညီညီ့ကို အကာအကွယ်ပေးခေါ်ယူပြီး သူ့အနားမှာထားလိုက်တာ-ဘယ်ကိုသွားသွား ညီညီနဲ့ နှစ် ယောက် ထဲသွားကြလာကြ လုပ်နေလို့ ကချင်တွေကတောင် ပြောလာဆိုလာကြတဲ့ အဆင့်။ညီညီနေဖို့ အခန်း က စစ်ရုံးထဲမှာ အခန်းဖွဲ့ပေးထားတာ-ကျွန်တော်သွားတော့တောင် အဲ့ဒီအခန်းမှာဘဲတည်းရတာ။
ဒီလိုအခြေအနေတွေကိုကြည့်ရင် သံချောင်းတို့ မျိုးဝင်းတို့ အောင်နိုင်တို့ရဲ့ လုပ်ရပ်-သူတို့ပြောဆိုမှု တွေကို လုံးဝလက်မခံဘူး အရေးအရာမထားဘူးဆိုတာသိသာလှပါတယ်။နောက်ပိုင်း မျိုးဝင်းတို့ အောင်နိုင်တို့ က ညီညီကိုပြန်လွှဲပေးဖို့ တောင်းဆိုတော့လည်းငြင်းခဲ့တယ်-နောက်ပိုင်းဇွတ်ဝင်ဖမ်းမယ်ဆိုတဲ့ သတင်းလည်း ကြားရရော ကျောင်းသားတပ်ဖွဲ့ဝင်တွေ ကချင်ဘက်လာရင် လက်နက်ကိုင်ဆောင်ခွင့် မပြုတော့ဘဲ ညီညီ့ကို သူကိုယ်တိုင်ကိုင်တဲ့ 9mm ပစ္စတိုကိုပေးထားလိုက်တာတွေကြည့်ရင်ကျောင်းသားတပ်ကကောင်တွေလုပ်သမျှ လက်မခံဘူးဆိုတာထင်ရှားပါတယ်။ဒါပေမဲ့ ကျွန်တော်နဲ့တွေ့တဲ့အခါ ဒီအကြောင်းစကားစလိုက်တာနဲ့ ဒီမေးခွန်း ဘဲ “သူတို့ ဘာကြောင့် ကိုယ့်ကိုယ်ကို ထောက်လှမ်းရေးပါလို့ ဖြောင့်ချက်ပေးခဲ့ကြတာလဲ” လို့ မေးခွန်းနဲ့ တုန့်ပြန်တတ်ပါတယ်။
ဒီတော့ ကျွန်တော်က သူတို့ နားလည်သဘောပေါက်သွားအောင် ပုံပြင်လေးတစ်ပုဒ်ပြောပြလိုက်တယ်။ မူရင်းပုံပြင်ကတော့ ပါကစ္စတန်က လူရွှင်တော် တစ်ယောက်ကပြောခဲ့တဲ့ ဟာသပုံပြင်ပါ။သူပြောခဲ့တာကတော့ သူတို့ပါကစ္စတန်ရဲတွေအကြောင်းပြောထားတာပါ။ကျွန်တော်ကအဲ့ဒီပုံပြင်ကိုဘဲမြန်မာမှုပြုပြီးပြောပြလိုက်တယ်၊
ပုံပြင်က ဒီလိုဗျ...........................................................................................................
တခါတုန်းကပေါ့ဗျာ....နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့အတွင်းရေးမှူးတစ်၊တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူးချုပ်ဗိုလ်ချုပ်ကြီးခင်ညွန့် ဟာ အလွန်လှတဲ့ အမွှေးပွ ယုန်ကလေးနှစ်ကောင် မွေးထားတယ်တဲ့။အဲ့ဒီယုန်ကလေးနှစ်ကောင်ကို ဗိုလ်ချုပ်ကြီးခင်ညွန့်ဟာ အလွန်အင်မတန်ချစ်မြတ်နိုးလွန်းလို့ အလုပ်အားလပ်တဲ့အချိန်တိုင်းမှာ ယုန်ကလေးတွေနဲ့ ဆော့ကစားရင်း အပန်းဖြေလေ့ ရှိတယ်တဲ့။
သူအလုပ်တာဝန်တွေနဲ့ မြန်မာနိုင်ငံ ဘယ်အရပ်ဒေသကိုသွားသွား သူ.တပည့်တွေက ယုန်လေးနှစ် ကောင်ကို သယ်ယူပေးသွားရတယ်တဲ့။ဗိုလ်ချုပ်ကြီးဟာ ဘယ်အရပ်ဒေသကိုဘဲရောက်ရောက် ဘာတာဝန် တွေဘဲထမ်းဆောင်ရ ထမ်းဆောင်ရ အချိန်အားရတာနဲ့ သူ့ယုန်လေးနှစ်ကောင်နဲ့ဆော့ကစား အပမ်းဖြေတတ် တာကိုး။
တစ်ရက်တော့ အညာဒေသဘက်ကို ခရီးလှည့်လည်ရင်း လမ်းခုလပ်မှာ ခဏနားပြီးအပမ်းဖြေကြ တယ်။ထုံးစံအတိုင်း လမ်းဘေးတောစပ်မှာ ဗိုလ်ချုပ်ကြီးခင်ညွန့်ဟာ ယုန်လေးနှစ်ကောင်နဲ့ ဆော့ ကစားနေ တယ်တဲ့။အဲ့ဒီအချိန်မှာ ကားတစ်စီးရဲ့ အင်ဂျင်က Miss-fire ဖြစ်လို့ “ဒိုင်း” ဆိုတဲ့ အသံထွက်သွားတယ်တဲ့။ ဗိုလ်ချုပ်ကြီးနဲ့ သူ့ရဲ့သက်တော်စောင့်တွေ သတိအနေအထားဖြစ်သွားတဲ့ အချိန်မှာဘဲ ယုန်ကလေးနှစ်ကောင် ကတော့ လန့်ပြီး မဟာမြိုင်တောထဲကို ဝင်ရောက်ပျောက်ကွယ်သွားတော့တယ်တဲ့။
ကားအိပ်ဇောက မြည်လိုက်တဲ့ အသံဆိုတာ သိပြီးတဲ့နောက် အားလုံးအေးအေးဆေးဆေး ဖြစ်သွားတဲ့ အချိန်မှာ ဗိုလ်ချုပ်ကြီးခင်ညွန့်ဟာ သူ့တပည့်တပမ်းတွေနဲ့ အတူ မဟာမြိုင်တောစပ်မှာ ရှာဖွေကြပေမဲ့ ယုန်လေး နှစ်ကောင်ကတော့ ရှာမတွေ့တော့ဘဲ ပျောက်ခြင်းမလှ ပျောက်ဆုံးသွားခဲ့တယ်တဲ့။
ဗိုလ်ချုပ်ကြီးလည်း ယုန်လေးတွေကိုချစ်တဲ့စိတ်နဲ့ အဲ့ဒီ မဟာမြိုင်တောစပ်မှာတင် စခန်းချလို့နေပြီး ဘာ အလုပ်မှဆက်မလုပ်နိုင်တော့ဘူးဖြစ်သွားတော့တယ်တဲ့။သူ့လက်ထောက်တွေက ဗိုလ်ချုပ်ကြီးရဲ့အဖြစ် အပျက် ကို မကြည့်နိုင်ကြလို့ မြန်မာတနိုင်ငံလုံးမှာရှိတဲ့ အတော်ဆုံး ထောက်လှမ်းရေးသမားတွေကိုခေါ်ပြီး ယုန်လေး နှစ်ကောင်ကို တောနင်းရှာခိုင်းပေမဲ့ ယုန်လေးနှစ်ကောင်ကတော့ လုံးဝ ခြေရာပျောက်နေတယ်တဲ့။နောက်ဆုံး တော့ တပ်မတော်(ကြည်း)က ခြေလျှင်တပ်ရင်းတွေကိုအကူအညီတောင်းပြီး စစ်သည်ဗိုလ်ပါ အလုံးအရင်းနဲ့ တောနင်းရှာပေမဲ့လည်း ယုန်လေးနှစ်ကောင်ကို မတွေ့ကြဘူးတဲ့။ဒေသခံတောမုဆိုးတွေလည်း ဘယ်လိုမှ ရှာ လို့မတွေ့နိုင်တဲ့ ယုန်လေးနှစ်ကောင်ကို ဇွတ်ရှာခိုင်းမှာကြောက်လို့ တနယ်တကျေးကို ပြောင်းပြေးကုန်ကြတယ် တဲ့။
အဲ့ဒီအချိန်မှာ ပုံမှန်အစည်းအဝေးတွေမှာ ဗိုလ်ချုပ်ကြီးခင်ညွန့်ကို မတွေ့ရလို့ မေးလာတာနဲ့ တပ်ချုပ် ကြီးကို အကြောင်စုံ ဖွင့်ပြော အသိပေးလိုက်ရတယ်တဲ့။ဒီအချိန်မှာ တပ်ချုပ်ကြီးက “ဒါလေးများကွာ-သူငြိမ်းချမ်း ရေးယူထားတဲ့ တိုင်းရင်းသား အဖွဲ့တွေ ရှာခိုင်းပေါ့-သူတို့ကတောကျွမ်းပြီးသားတွေဘဲ” လို့ မိန့်တော်မူလိုက်သ တဲ့။ဒါနဲ့ အထူးဒေသများအဖြစ်သတ်မှတ်ပေးထားတဲ့နယ်မြေအသီးသီးကငြိမ်းချမ်းရေး လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေကို အကူအညီလှမ်းတောင်းလိုက်တော့ အဖွဲ့အားလုံးက တောနင်းတာကိုကျွမ်းကျင်ပါတယ်ဆိုတဲ့ လက်ရွေးစင် ကွန်မင်ဒိုတွေကိုစေလွှတ် အကူအညီပေးခဲ့တယ်တဲ့။
တသက်လုံးတောထဲတောင်ထဲနေလာပါတယ်ဆိုတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ တစ်ဖွဲ့ပြီးတစ်ဖွဲ့ တောနင်းရှာကြပေမဲ့ အချိန်တွေသာကုန် အဖွဲ့တွေသာစုံသွားတယ် ယုန်လေးနှစ်ကောင် က တော့ ရှာလို့မတွေ့ ကြဘူးတဲ့။ နောက်ဆုံးအဖွဲ့အစည်းတွေအားလုံး လက်မှိုင်ချနေတဲ့အချိန်မှာ KIO ဥက္ကဌကြီး ဦးဘရန်ဆိုင်းက သတိရတာနဲ့ ဗိုလ်ချုပ်ကြီးခင်ညွန့်ကို အကြံတစ်ခုပေးလာတယ်တဲ့။
သူပေးတဲ့အကြံက ဘာလည်းဆိုတော့ “တိုင်းရင်းသားငြိမ်းချမ်းရေးအဖွဲ့တွေ အားလုံးစုံသွားပြီဆိုပေမဲ့- ကျွန်တော့နယ်မြေထဲမှာ နေရာပေးထားတဲ့ ABSDF(NB) ဆိုတဲ့ ကျောင်းသားအဖွဲ့ ရှိပါသေးတယ်-သူတို့ကို အကူအညီတောင်းကြည့်ရရင် ကောင်းမလား”တဲ့။
ဒီတော့ ဗိုလ်ချုပ်ကြီးခင်ညွန့်က “မဖြစ်နိုင်ပါဘူးဗျာ-တောကျွမ်းပါတယ်ဆိုတဲ့ ခင်ဗျားတို့တောင် မရှာ နိုင်တာ-တစ်နေ့မနေ့ကမှတောထဲရောက်တဲ့ ကျောင်းသားတွေ-ဘယ်လိုလုပ်ရှာနိုင်ပါ့မလဲ” လို့ပြန်ပြောလိုက် တယ်တဲ့။ဒီတော့ ဦးဘရန်ဆိုင်းက “ဒီကောင်တွေကို အထင်မသေးနဲ့နော်-ကျွန်တော်တို့ ကချင်တွေ တစ်သက် လုံးမမိဘူးတဲ့ ထောက်လှမ်းရေးတွေ တပ်ခွဲလိုက်ကြီးမိအောင်တောင်ဖမ်းထားနိုင်တဲ့ကျောင်းသားတွေနော်-ဘာဘဲဖြစ်ဖြစ် ကျွန်တော်အကူအညီတောင်းကြည့်လိုက်တာမမှားလောက်ဘူးထင်တယ်” ဆိုပြီး ဇွတ်ပြောလာ တော့ ယုန်လေးနှစ်ကောင်ကို သံယောဇဉ်ကြီးလှတဲ့ ဗိုလ်ချုပ်ကြီးလည်း သဘောတူလိုက်ရတယ်တဲ့။
ကျောင်းသားတပ်ကို ဦးဘရန်ဆိုင်းက ဗိုလ်ချုပ်ကြီးခင်ညွန့်ရဲ့ အလုပ်ဖြစ်ပေမဲ့ သူမျက်နှာကိုထောက် ထားပြီးအကူအညီပေးဖို့ တောင်းဆိုလိုက်တော့အောင်နိုင်၊သံချောင်း၊မျိုးဝင်းနဲ့ လှဆိုင်းတို့က တိုင်ပင်ပြီးတော့ သန်းဇော်၊ဇော်ဇော်မင်း၊ကျော်ထင်ဦး၊သက်လင်းနဲ့ ဖိုးနှောင်းတို့(၅)ယောက်ကို ယုန်ရှာဖို့ အမိန့်ပြန်တမ်းထုတ်ပြီး ထည့်ပေးလိုက်တယ်တဲ့။
ကျောင်းသာတပ်ရဲ့လက်ရွေးစင် သန်းဇော်တို့ အဖွဲ့ရောက်ရှိသတင်းပို့လာတော့ ဗိုလ်ချုပ်ကြီးခင်ညွန့် ဟာတော်တော်စိတ်ပျက်သွားတယ်တဲ့။ “ဖြစ်ပါ့မလားကွာ-ဘာလက်နက်ကရိယာမှမပါဘဲနဲ့-တစ်ယောက်ဝါးဆစ် ပိတ်တစ်ချောင်းစီနဲ့-မင်းတို့ကဘယ်လိုလုပ် တတ်နိုင်မှာလည်း” လို့မေးတယ်တဲ့။သန်းဇော်က “မပူပါနဲ့အဘ-အဘရဲ့ယုန်နှစ်ကောင်ပြန်တွေ့ပြီလို့သာ သဘောထားလိုက်တော့-ခဏပါ-ကျွန်တော်တို့ အချိန်တွေ အများကြီး မယူပါဘူး” လို့အဖြေပေးတယ်တဲ့။
ဗိုလ်ချုပ်ကြီးခင်ညွန့်လည်း နောက်ဆုံးကျိုးစားတဲ့အနေနဲ့ သန်းဇော်တို့ ငါးယောက်ကို မယုံရဲရဲနဲ့ဘဲ ယုန် လေးနှစ်ကောင်ဝင်သွားတဲ့ မဟာမြိုင်တောအစပ်အထိ ပို့ပေးလိုက်တယ်တဲ့။
သန်းဇော်တို့ အဖွဲ့ တောထဲဝင်သွားလို့ (၁၅)မိနစ်လောက်ဘဲရှိဦးမယ်-မဟာမြိုင်တောကြီးထဲက တော တိုးသံတွေ တဝုန်းဝုန်းကြားလိုက်ရလို့ အားလုံးဝိုင်းကြည့်လိုက်တော့-မဟာမြိုင်တောကြီးထဲက စွယ်စုံဆင်ကြီး နှစ်ကောင် အော်ရင်းဟစ်ရင်း အူယားဖားယား ပြေးထွက်လာတာကို အားလုံးတွေ့လိုက်ကြရတယ်တဲ့။ကြောက် အားလန့်အားနဲ့ သေးတဖြန်းဖြန်းပါရင်းထွက်ပြေးလာတဲ့ ဆင်ကြီးနှစ်ကောင်က ပြေးရင်းလွှားရင်း ပါးစပ်ကလည်း အော်ဟစ်လာသေးတယ်တဲ့။သူတို့အော်လာတာကတော့ “ဟုတ်ပါတယ်ဗျ-ကြောက်ပါပြီဗျ-ကျွန်တော်တို့ဟာ ဗိုလ်ချုပ်ကြီးခင်ညွန့်မွေးထားတဲ့ ယုန်လေးနှစ်ကောင်ပါဗျ” တဲ့။ဆင်နှစ်ကောင်ကိုသေသေချာချာကြည့် လိုက် တော့ တစ်ကောင်က လက်တစ်ဘက်ပြတ်နေပြီးတော့ နောက်တစ်ကောင်က အစွယ်တစ်ဘက်ကျိုးနေပြီး ဖင်ပွင့်နေတာ တွေ့ရတယ်တဲ့။
သန်းဇော်တို့အဖွဲ့ကတော့ တောထဲကထွက်လာပြီး ခတ်တည်တည်ဘဲ “ကဲ-ကျွန်တော်တို့တာဝန်ပြီး သွားပြီ-ပြန်တော့မယ်-ခင်ဗျားတို့ဘာမှစောဒကလာတက်မနေနဲ့-သူတို့ပါးစပ်က ဝန်ခံနေတာတွေ့လား-ဒါဘဲ” လို့ပြောပြီးပြန်သွားကြတယ်တဲ့။
ကဲ-ဒီလောက်ဆို တျောင်းသားတော်လှန်ရေးသမားတွေ “ဘာကြောင့် ကိုယ့်ကိုယ်ကို ထောက်လှမ်းရေး ပါလို့ ဖြောင့်ချက်ပေးခဲ့ကြတာလဲ” ဆိုတဲ့မေးခွန်းရဲ့အဖြေ ရှင်းသွားလောက်ပါပြီ။
သူတို့လိုချင်တဲ့ အဖြေကို နိမိတ်ပြမေးခွန်းတွေနဲ့မေးပြီး ဝန်ခံခိုင်းတယ်-ဝန်မခံမချင်း လူမဆန်တဲ့နည်း တွေနဲ့ နှိပ်စက်တယ်-သူတို့လိုချင်တဲ့အဖြေရမှ နှိပ်စက်တာတွေရပ်တယ်-ဒါဘဲပေါ့။
ဒီလို ပုံပြင်လေးနဲ့ရှင်းပြလိုက်တော့ ဗိုလ်မှူးကြီးပန်းအောင်က ဟက်ဟက်ပက်ပက် ရီတယ်-“ကိုမောင် မောင်-မင်းစကားကို ကြံကြံဖန်ဖန် ပြောတဲ့ကောင်ဘဲ” တဲ့။
ကျွန်တော်က သူ့ကိုပြန်ပြောလိုက်တယ် “ကျွန်တော်-ကြံကြံဖန်ဖန် ပြောတာမဟုတ်ဘူး-အခြေအနေ မှန်ကို-ဒူကမ္ဘာတို့ သဘောပေါက်အောင်ပြောပြတာ-အဲ့ဒီနည်းနဲ့ဆို ကြိုက်တဲ့ဖြောင့်ချက်ယူလို့ရတယ်-မယုံရင် မျိုးဝင်းတို့-သံချောင်းတို့-အောင်နိုင်တို့ အုပ်စုကို ကျွန်တော့လက် အပ်ကြည့်လိုက်ပါလား-နေ့မကူးစေရဘူး-ဒီကောင်တွေဖြောင့်ချက်ပေးလာအောင် ကျွန်တော်လုပ်ပြမယ်-ဘယ်လိုဖြောင့်ချက်မျိုး-ဒူကမ္ဘာ လိုချင်သလဲ ကြိုတင်ပြောထားလိုက်-အင်္ဂါဂြိုလ်ကလာတဲ့ ဂြိုလ်သားတွေပါလို့ ဝန်ခံခိုင်းချင်သေးလား-ရတယ်”လို့။
ကချင်တွေနဲ့ ကျွန်တော်ပြောခဲ့ဆိုခဲ့တာတွေ ထားလိုက်ပါတော့ ကျွန်တော်အခုတင်ပြချင်တာက “သူတို့ ဘာကြောင့် ကိုယ့်ကိုယ်ကို ထောက်လှမ်းရေးပါလို့ ဖြောင့်ချက်ပေးခဲ့ကြတာလဲ” ဆိုတဲ့ မေးခွန်းရဲ့ အဖြေပါ။

မောင်မောင်(ရွှေကရဝိက်)
၂၁-၂-၂၀၁၂ ရက် အင်္ဂါနေ့။

Monday, February 20, 2012

ဇတ်သိမ်းခန်းကိုကောင်းစေချင်တယ်၊

ဇတ်သိမ်းခန်းကိုကောင်းစေချင်တယ်၊

ရှစ်ဆယ့်ရှစ်အရေးအခင်းအပြီး၊အတောက်အပြောင်ဆုံးသောတော်လှန်ရေးအဖွဲ့အစည်းဆိုရင်
ABSDF ဟာနံပတ်တစ်ဖြစ်ခဲ့တယ်၊၁၉၉၀ခုနှစ်ရွေးကောက်ပွဲအမတ်မင်းများ၏စင်ပြိုင်အစိုးရ
ပေါ်လာပြီးသည့်နောက်ပိုင်း၊ ABSDF ဟာ၊အနာဂတ်နိုင်ငံရေးကိုမျှော်ကိုးသောနိုင်ငံရေးသမား
များ၊တကိုယ်တော်ကိုယ်ကျိုးစီးပွါးကိုဦးစားပေးသောသူတို့၏ချနင်းသွားသောလှေကားထစ်
များဖြစ်ခဲ့ရတယ်၊

အုပ်စုလိုက်တိုက်ပွဲတွေကြားမှာ အမှန်တရားကိုချစ်မြတ်နိုးသူတွေနေရာမရခဲ့သလို၊ ချေမှုန်းခံ ခဲ့ရသည့်သာဓကတွေ့နဲ့အလံတော်ကိုလက်ဆင့်ကမ်းသယ်ဆောင်ခဲ့ရတယ်၊ယနေ့ထက်ထိပင် အမှန်တရားကိုလိုလားသူနဲ့ဖုံးကွယ်လိုသူတွေ အားပြိုင်ဆဲပဲဆိုတာဘယ်သူမှငြင်းနိုင်မယ်မထင် ပါဘူး၊ ဒီအပြင်အဖွဲ့အစည်းကိုချစ်မြတ်နိုးတဲ့စိတ်နဲ့ယူကြုံးမရဖြစ်နေရသူတွေလည်းရှိတယ်၊

ဒါကြောင့်မြောက်ပိုင်းလူသတ်မှုကိစ္စနဲ့ပတ်သက်ပြီး၊အတွေးအဖုံဖုံ၊ခံစားချက်အဖုံဖုံရှိနေကြသူ
များ၊ချစ်ခြင်းမုန်တီးခြင်းစသည်တို့ကိုရင်ဝယ်ပိုက်ထားသူများအနေနဲ့၊ကြမ်းတမ်းလှသောအဖွဲ့
၏သမိုင်းကြောင်း၊ထုထည်ကြီးမားလှသောအညတရရဲဘော်များ၏ပေးဆပ်မှု၊တစ်သီးပုဂ္ဂလ
လူပုဂ္ဂိုလ်တို့၏မှားယွင်းမှုများ၊တာဝန်ရှိခေါင်းဆောင်တစ်ဦးချင်းစီ၏မှားယွင်းမှုများကိုအတိ
အကျဖေါ်ထုတ်ကာလေ့လာရန်လိုအပ်လာပါပြီ၊မှားသောသူများကခေါင်းမာစွာငြင်းဆန်နေ
ပေမဲ့အမှန်ကိုသိသောသူများက၊လူထုကိုရိုးသားစွာရှင်းလင်းချပြရမဲ့တာဝန်ရှိနေပါတယ်၊

ဒီမိုကရေစီဆိုသည့်အမှန်တရားနဲ့ရိုးသားပွင့်လင်းမှုကိုကျနော်တို့မြတ်နိုးကြောင်းပြသရပါလိမ့်
မယ်၊လူညီရင်ဤကိုကျွှဲဖတ်ခဲ့ကြသောသူတွေကြောင့်အုပ်စုလိုက်အားပြိုင်မှုတွေတွေ့ခဲ့ရသလို၊ နိုင်ငံရေးအတွေးအခေါ်အားနည်းသောစစ်ဝါဒီသမားသက်သက်ကိုလည်းတွေ့ခဲ့ရပါတယ်၊ အဲဒီလိုစစ်ဝါဒီအာဏာရှင်လက်သစ်တို့ရဲ့ခေါင်းဆောင်ဖြစ်ချင်လွန်းသောရှုးသွတ်မှုတွေကြောင့် အလွန်တရာအရုပ်ဆိုးအကျဉ်းတန်သောသမိုင်းကို ကျနော်ဒီမိုကရက်တစ် အင်အားစုတွေ အားလုံးခါးစည်းခံခဲ့ရပေပြီ၊

နှစ်ပေါင်းနှစ်ဆယ်ကျော်ကြာမြုံနေခဲ့သော ကျောင်းသားတပ်မတော်မြောက်ပိုင်းလူသတ်မှုကြီး
ဘွားကနဲပေါ်လာတဲ့အခါမှာတော့ ပြည်ပနိုင်ငံရေးလောကမှာမေးမှိန်နေခဲ့တဲ့ABSDFဟာဗြုန်း
ကနဲဆိုတောက်ပြောင်လာပါတော့တယ်၊ ဒီတစ်ခါတောင်ပြောင်လာပုံတော့သိပ်မကောင်းလှပါ
နာမည်ကျော်လူသတ်မှုကြီးဆိုပါတော့၊ဒီတော့ဒီလိုမျိုးတော်လှန်ရေးကိုအသက်စွန့်ပြီးလုပ်ခဲ့ပြီး
ကာမှ နာမည်ပျက်ရကိန်းဆိုက်တော့တာမို့ တပ်ဖွဲ့ဝင်တိုင်းကာကြိတ်မနိုင်ခဲမရငိုချင်းချခဲ့ရသူ
အများကြီးရှိမယ်ဆိုတာအလွန်ကိုသေချာပါတယ်၊ဒါကြောင့်ဒါဟာသာမန်နိုင်ငံရေးကိစ္စမဟုတ်
အသေးစိတ်ကိုလေ့လာဆန်းစစ်ခွဲခြမ်းစိတ်ဖျာရတော့မယ်အနေအထားကိုရောက်လာရပါတယ်

ပြည်တွင်းပြည်ပနိုင်ငံရေး၊လက်တွဲဖေါ်နိုင်ငံရေးလုပ်ဖေါ်ကိုင်ဖက်များ၊ရှစ်လေးလုံးမျိုးဆက်များ
အတွင်း၊အမှန်တကယ်နားလည်မှုရအောင်ပြန်လည်တည်ဆောက်ရမှာဖြစ်သလို၊အပြစ်ရှိသူ
များကိုလည်းဘက်မလိုက်ပဲ၊ ရဲရဲဝံ့ဝံ့ဖေါ်ထုတ်သွားရမဲ့အခြေအနေကိုရောက်နေပါပြီ၊
တကယ်တော့ABSDFဟာ၊ပေးဆပ်မှုများစွာနဲ့ပြည့်နှက်နေတဲ့အဖွဲ့အစည်းတစ်ခုပါ၊ အမိတိုင်း ပြည်လွတ်မြောက်ရေးအတွက်အဘက်ဘက်ကပေးဆပ်ရင်းဆက်လက်ချီတက်ခဲ့ရတာပါ၊

လက်နက်ကိုင်တော်လှန်ရေး၏နေရာကိုပါတီနိုင်ငံရေးများ၊လက်ဝေခံအင်ဂျီအိုနိုင်ငံရေးများ၊
စာရင်းရှင်းရန်ခက်ခဲသောယူဂျီနိုင်ငံရေးများ၊မှိုလိုပေါပေါ်လာချိန်မှာတော့ABSDFဟာ၊ရိက္ခာ
ပြတ်အထောက်အကူအားလုံးအဖြတ်ခံခဲ့ရပြီးမှစနစ်တကျဖြိုခွဲခံခဲ့ရပါတယ်၊နောက်ဆုံးငါ့တို့
ရိက္ခာကျည်ဆံငါတို့ရှာမယ်ဆိုပြီး၊အန္တရယ်ထူပြောလှတဲ့ပင်လယ်ပြင်ကြီးထဲအရဲစွန့်ကာ ဘ၀များစွာကိုပေးပြီးရည်မှန်းချက်ကိုရောက်အောင်ကြိုးစားခဲ့ကြရတယ်၊တော်လှန်ရေးယုံ
ကြည်ချက်နဲ့အတူပင်လယ်ပြင်မှာအသက်ပေါင်းများစွာကိုပေးဆပ်ရင်းတော်လှန်ရေးကိုအ
သက်ဆက်ခဲ့ကြရတယ်၊

သို့သော်တော်လှန်ရေးဆိုသည်မှာဗလာကျည်ဆံဖြစ်တိုက်လို့မရသည်မို့အားလုံးတစစီဖြစ်ခဲ့ရတာကိုတော့ငြင်းကွယ်လို့မရနိုင်ပေ၊သေချာတာတစ်ခုကတော့အားလုံးဟာသူတို့ခွဲခွါခဲ့ရသော
ကျောင်းသားတပ်မတော်ကိုအမုန်းတရားမရှိဆက်လက်ချစ်ခင်နေဆဲပင်ဖြစ်ပါတယ်၊တတိယ
နိုင်ငံများသို့ရိုးရိုးသားသားထွက်ခွါသွားသူများရှိသလို၊လက်ဝေခံအင်ဂျီအိုအဖွဲ့များတွင်လူဖြူ
တွေပြောသမျှကိုဟုတ်ကဲ့လုပ်ပြီးနိုင်ငံရေးဘ၀သစ်ထူထောင်သူများလည်းရှိလာခဲ့ပါတယ်၊

ဖြစ်ချင်တော့လက်ဝေခံအင်ဂျီအိုအဖွဲ့တွေမှာ နိုင်ငံရေးဘ၀သစ်ကိုထူထောင်ကြသူတွေအထဲမှာ
ရော်နယ်လ်အောင်နိုင်ကဲ့သို့သော၊နိုင်ငံရေးအရေခြုံရာဇ၀တ်သားများပါလာတယ်၊ သူရဲ့နောက် ကြောင်းကိုသိရဲ့သားနဲ့ မကဒတဗဟိုရဲ့အရေးပါလှတဲ့သုသေသနဌါနာမှာ၊ ဌါနမှုးအထိတာဝန် ပေးခဲ့တဲ့အထိဖြစ်ခဲ့တာ၊ ဒါဟာနိုင်ငံရေးပုလင်းတူဗူးဆို့များကအကာအကွယ်ပေးလူရာသွင်း ထားတာကိုသက်သေပြတဲ့အချက်တွေပါပဲ၊

အရင်ကသူတို့ဖုံးဖိထားကြခဲ့သည့်လူသတ်မှုကြီးကမထင်မှတ်လောက်အောင်ကြီးကျယ်ရက်
စက်နေတာကိုသိလိုက်ရတော့ အမှန်ကိုလိုလားသောရဲဘော်များကလူ့ဂုဏ်သိက္ခာ၊အဖွဲ့အစည်း ဂုဏ်သိက္ခာအတွက် အမှန်တရားကိုဖေါ်ထုတ်တောင်းဆိုလာကြတာပဲဖြစ်တယ်၊မိမိတို့အားလုံး ရိုးသားစွာပေးဆပ်မှုတွေကိုတာဝန်ရှိသူတစ်ချို့ကတာဝန်မဲ့စွာအာဏာကိုအလွှဲသုံးစားလုပ်ခဲ့ကြမှန်းသိလာခဲ့ကြတယ်၊

တစ်ချို့ကလည်းဒီလိုဖေါ်ထုတ်တဲ့လုပ်ရပ်ဟာ မကဒတရဲ့စွန့်လွတ်မှုဂုဏ်သိက္ခာကိုထိခိုက်စေ
သည့်အပြင် တော်လှန်သောအစုအဖွဲ့အားလုံးကိုထိခိုက်စေနိုင်တာမို့ ဒီအချိန်မှာမပြောကြသေး
ရင်ကောင်းမယ်၊ အချိန်မတန်သေးဘူးဆိုပြီးယူဆပြောဆိုနေကြတာကိုလည်းတွေ့နေရပါတယ်၊
အချိန်တန်ခြင်းမတန်ခြင်းဆိုတာကိုကျနော်တို့ဆုံးဖြတ်လို့မရ၊အဖြစ်အပျက်တွေကသာပေါ်လာချိန်တန်ရင်ပေါ်လာပြီး ပျောက်ချင်ရင်ပျောက်သွားတတ်တဲ့သဘာဝကိုသာအထူးနားလည်ကြ
ရမှာပါ၊ဖေါ်ချင်တိုင်းလည်းဖေါ်လို့မရ၊ဖျောက်ချင်တိုင်းလည်းဖျောက်လို့မရ၊ဒါဟာအဖြစ်အပျက်တွေ့ရဲ့လောကနိယမအတိုင်းလက်ခံရယူရန်သာရှိပါတယ်၊

တကယ်ဆိုရင် ကျနော်တို့အားလုံးဟာ စစ်အာဏာရှင်စနစ်ကိုရွံမုန်းသူတွေဖြစ်ပြီး တော်လှန်
ရေးချစ်မြတ်နိုးကြသူတွေပါ၊မိမိတို့ကျင်လည်ဖြတ်သန်းရာနီးစပ်ရာ တံငါနားနီးတံငါဆိုသလို
ဖြစ်ခဲ့ရသူတွေကြီးမို့ မိမိသိခဲ့တာအမှန်ကြီးပဲလို့ဇွတ်ပေငြင်းဆန်မဲ့အစား အပြန်အလှန်လေး
စားမှုနဲ့အတူ မိမိသိသောအချက်အလက်များကိုရိုးသားစွာဝေငှပေးခြင်းကသာလျှင် အကောင်း
ဆုံးဖြစ်ပါလိမ့်မယ်၊အပြုသဘောဆန်ဆန်ဆွေးနွေးရင်း အဖြေမှန်ကိုရလာသည့်အခါမိမိတို့အား
လုံး၏ညီညွတ်ရေးကိုလည်းမထိခိုက်သည့်အပြင် ပိုမိုကျစ်လစ်စွာတည်ဆောက်ပြီးသားဖြစ်ပါ လိမ့်မယ်၊ ကျနော်တို့အားလုံး ပုဂ္ဂိုလ်ရေးခင်မင်မှုတွေကိုဘေးချိတ်ပြီးဆွေးနွေးကြရအောင်၊

ABSDF ကိုရိုးရိုးသားသားချစ်ခဲ့ကြသောရဲဘော်များနဲ့ဒီမိုကရက်တစ်အင်အားစုများအကြား၊ အထင်မှားအမြင်မှားဖြစ်အောင်လုပ်ခဲ့ကြတယ်၊ သူတို့ရဲ့တာဝန်ရှိမှုကိုသတ္တိရှိရှိမဖြေရှင်းပဲ ရဲဘော်ရဲဘက်တွေအချင်းချင်းနောက်ထပ်ညီညွတ်မှုကိုထိခိုက်စေခဲ့ပါတယ်၊ ဒီလိုတာဝန်ယူ မှုမရှိတဲ့အတွက် မလိုလားအပ်တဲ့အနှောက်အယှက်တွေ၊ဘေးထွက်ဆိုးကျိုးကိုအားလုံးခံစား ခံစားခဲ့ရပါတယ်၊

ဒီအကျိုးသက်ရောက်မှုတွေအားလုံးဟာ တာဝန်ရှိသူတွေ့ရဲ့တာဝန်မဲ့မှုတွေကြောင့်ပဲဆိုတာကို မမြင်ပဲ အချင်းချင်းပြန်လည်တုံ့ပြန်တိုက်ခိုက်နေကြတယ်၊ ဒီတော့ ရန်သူအားရအောင်လုပ်နေ
ကြတဲ့တရားခံအစစ်ကဘယ်သူဖြစ်မှာလည်းစဉ်းစားကြည့်ကြပါ၊


တကယ်ပဲပြည်တွင်းငြိမ်းချမ်းရေးအတွက်အားကြိုးမာန်တက်လုပ်နေချိန်မှာမလိုလားအပ်တဲ့အနှောက်အယှက်အတားအဆီးတွေဝင်လာသယောင်ယောင်၊ရန်သူအလိုကျလုပ်နေသယောင်
ယောင်လေသံပြစ်ခဲ့ကြတယ်၊ ဒါဟာလုံးဝမရိုးသားမှု၊ လိမ်လည်မှု၊ဖုံးကွယ်မှု၊ကိုယ်ကျိုးစီးပွါး
ကာကွယ်မှု၊ လူထုအပေါ်သစ္စာဖေါက်မှုတွေအားလုံးကို တပြိုင်နက်တည်းကျူးလွန်ပြသနေတာ
ဖြစ်တယ်။

တစ်ယောက်ကပြောတော့..ရန်သူအားရအောင်လုပ်နေတာတဲ့ဗျာ..နောက်တစ်ယောက်က
တော့…. ပြည်သူတွေကိုထောင်နဲ့သောင်းနဲ့ချီ သတ်ဖြတ်ညင်းပန်းခဲ့တဲ့ စစ်အုပ်စုကိုတော့ ခုထိတရားစွဲဆိုဖို့ မကြိုးစားပဲနဲ့ မြောက်ပိုင်းမှာတာဝန်ရှိတဲ့သူတွေကိုတရားစွဲဆိုဖို့လုပ်နေ တာတော့တော်တော်အံ့သြတယ်။…ရော်နယ်လ်အောင်နိုင်ကပြောတာကတော့…
ကျနော်တာဝန်အရလုပ်ခဲ့ရပါတယ်တဲ့ဗျာ။

ကျနော်တို့အားလုံးဒီမိုကရေစီနဲ့လူ့အခွင့်အရေးအတွက်ရိုးသားစွာတိုက်ပွဲဝင်ခဲ့ကြတယ်၊လူ့အ
ခွင့်အရေးကိုလူ့အခွင့်အရေးပေတံနဲ့တိုင်းတာရမှာဖြစ်သလို၊နိုင်ငံရေးကိုနိုင်ငံရေးပေတံဖြင့်
သာတိုင်းတာရပါလိမ့်မယ်၊ ဒီနေရာမှာနိုင်ငံရေးပါးဝနေကြသူတွေဟာသူတို့၏မှားယွင်းခဲ့သော လူ့အခွင့်အရေးဖေါက်ဖျက်ကျူးလွန်မှုတွေကိုနိုင်ငံရေးကွက်ဖြင့်လှည့်စားပြီးဆက်လက်လိမ်ညာဘို့ကြိုးစားနေတာကိုတွေ့နေရပါတယ်။

တော်တော်ကိုရယ်စရာကောင်းတဲ့သူတွေပဲ၊တကယ်တော့ဒါတွေအာလုံးဟာမိုးကြိုးပစ်တာကိုထန်းလက်နဲ့ကာတာထက်သူတို့ရဲ့အကြောက်လွန်နေတဲ့စိုးရိမ်မှုကိုဖေါ်ပြနေပါတယ်၊လူအခွင့်အရေးဖေါက်ဖျက်မှုကိုနိုင်ငံရေးနဲ့ဖုံးလွမ်းပြစ်ချင်တဲ့မရိုးသားတဲ့စိတ်တွေကိုမြင်တွေ့နေရပါတယ်။

စစ်အာဏာရှင်တွေရဲ့အတုအယောင်ပြန်လည်ရင်ကြားစေ့ရေးကိုပဲ တကယ်နိုင်ငံရေးအရေး
ပါမှုအဖြင့်ဖေါ်ပြလိုကြပြီး ကျနော်တို့အစဉ်အဆက်တောင်းဆိုတိုက်ပွဲဝင်လာခဲ့တဲ့ လူ့အခွင့်
အရေးချိုးဖေါက်မှုတွေ မိမိတို့အတွင်းမှာပေါ်လာတဲ့အခါကျတော့ ပိတ်ပင်တားဆီးလိုတဲ့
မူမမှန်တဲ့သူတွေရဲ့စိတ်ဓါတ်ကိုလည်း နားမလည်နိုင်အောင်ဖြစ်ခဲ့ရပါတယ်။

တကယ်ဆိုရင် ငါတို့မှာတာဝန်ရှိနေပါလား၊ ငါတို့အဖွဲ့အစည်း၏ဂုဏ်သိက္ခာအတွက်ဖြေရှင်းပေး
ရမည့်တာဝန်ရှိနေပါလားဆိုတဲ့ အသိစိတ်၊ တာဝန်ယူလိုစိတ်ကိုပြသရမည့်အစား ဖြေရှင်းပေး ရန်တောင်းဆိုနေကြသူတွေကို မလိုမုန်းထားရှိနေတာကလည်း မူမမှန်ဆိုတာထင်ရှားလှပါ
တယ်၊

ကျနော်သူတို့ကိုပြောလိုက်ချင်တာက..ဒီနေ့ဟာအိုင်တီ(IT)ခေတ်ကိုရောက်နေပြီ၊ဘယ်အရာမှ
ဖုံးကွယ်ထားလို့မရတဲ့ပွင့်လင်းတဲ့(Globalization)ခေတ်ကြီးကိုရောက်နေပါပြီဗျာ၊တကယ်လို့သူတို့ABSDFကိုချစ်ရင်၊ ပေးဆပ်ခဲ့ပြီးသောသူတို့၏သမိုင်းကိုတန်ဖိုးထားလျှင် တာဝန်ရှိ သူတွေ ကို တာဝန်ယူဘို့ပူးပေါင်းပြီးပြောစေချင်တယ်ဗျာ၊ စစ်မှန်တဲ့တော်လှန်းရေးဆိုတာ ဂလဲ့စားချေ ရေးမဟုတ်ဘူး၊ ဒါပေမဲ့လှစ်လျှူရှုခြင်းလဲမဟုတ်ဘူး၊ လူသတ်ဝါဒမဟုတ်ဘူး၊ အမှန်တရားကို ထာဝရဆုပ်ကိုင်ခြင်းမည်၏၊

ပထမဦးဆုံးကျနော်ရှင်းပြချင်တာကABSDFရဲ့အသက်သွေးကြောဖြစ်တဲ့ဖွဲ့စည်းပုံစည်းမျည်း
(သို့)အခြေခံဥပဒေကိစ္စပါပဲ၊ ဖွဲ့စည်းပုံအခြေခံစည်းမျည်းထဲမှာသေဒဏ်နဲ့ပတ်သက်တဲ့အချက်
ကိုပဲအရှင်းဆုံးကောက်နှုတ်ဖေါ်ပြရင် ဗဟိုကော်မီဥက္ကဌတစ်ဦးကပင်သေဒဏ်ကိုပေးပိုင်ခွင့်မရှိ
သလို အမိန့်ပေးပိုင်ခွင့်လည်းမရှိခဲ့ပါ၊ဗဟိုကော်မီတီမျက်နှာစုံညီအစည်းအဝေးကဆုံးဖြတ်ချက် ချထားရင်တောင် ညီလာခံအထိအယူခံပိုင်ခွင့်ရှိနေပါတယ်၊ ဗဟိုကော်မီတီနဲ့ညီလာခံအကြား
မှာတောင် ဥက္ကဌကအသနားခံပိုင်ခွင့်ကိုပေးနိုင်ခွင့်ရှိနေပါသေးတယ်၊(ABSDFတောင်ပိုင်းတွင်
ဖြစ်ခဲ့သောကိုဝင်းနိုင်ငြိမ်းအမှုတွင်ကိုဝင်းနိုင်ငြိမ်းသေဒဏ်မှလွတ်ငြိမ်းခွင့်ရခဲ့သည်ကိုABSDF ဗဟိုကော်မီတီသုသေသနဌါနတွင်မှတ်တမ်းရှိပါသည်)၊

ဒါကြောင့်မြောက်ပိုင်းကိစ္စမှာတာဝန်ရှိသူတွေလုပ်ပိုင်ခွင့်အလွဲသုံးစားပြုပြီး၊လူ့အခွင့်အရေးကို
ပြောင်ပြောင်တင်းတင်းချိုးဖေါက်ခဲ့မှန်းသိသာနေပါတယ်၊ဦးနှောက်အလွန်နည်းတဲ့မြောက်ပိုင်း
မျိုးဝင်းရဲ့လူမိုက်ဆန်သောလုပ်ရပ်တွေကိုအမျှော်အမြင်ညာဏ်နည်းခဲ့ကြတဲ့၊သံချောင်းနှင့်ရော်
နယ်အောင်နိုင်တို့ကထပ်ဆင့်ပူးပေါင်းကာမှားခဲ့ကြတယ်၊ ကျနော်တာဝန်အရလုပ်ခဲ့ရပါတယ်
ဆိုတဲ့ရော်နယ်အောင်နိုင်ဟာABSDF ရဲ့ဖွဲ့စည်းပုံကိုလုံးဝမျက်ကွယ်ပြုခဲ့တာထင်ရှားတယ်၊

မြောက်ပိုင်း(၁၅)ဦး အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကိစ္စကိုဖြစ်ပြီးတော့မှ တောင်ပိုင်းဗဟိုက၊ လူသတ်မှုကိုထပ်ဆင့်ထောက်ခံမှုပေးခြင်းဟာ သမိုင်းတွင်ခဲ့သည့်မဟာအမှားပဲဆိုတာအားလုံး နားလည်လိုက်ပေမဲ့ အလွန်တရာနောက်ကျခဲ့ပါတယ်၊ ဘာကြောင့်မြောက်ပိုင်းအမှားကိုဗဟို ကထပ်ဆင့်ထောက်ခံခဲ့တာလဲ? ဒါဆိုဘယ်သူတွေကမှားခဲ့ကြသလဲ ?
ဘယ်နေရာမှာမှားခဲ့ကြသလဲ ?၊ တစ်ခုချင်းပြောကြရအောင်။

နိုင်ငံရေးပရောဂါကြောင့်လို့ပြောရင် စစ်အာဏာရှင်စနစ်ဆိုးကြီးကြောင့် ဒီအဖြစ်ဆိုးတွေကြုံရ
တာပါလို့ပြောရင်၊ သိပ်ကိုအလှမ်းဝေးသွားမှာဖြစ်ပြီး၊လူသတ်မှုဆိုတဲ့ရာဇ၀တ်မှုဟာ ပျောက် သွားလိမ့်မယ်၊ တချိန်တည်းမှာပဲကျနော်တို့ဟာ လူသတ်မှုဆိုတဲ့လူ့အခွင့်အရေးချိုးဖေါက်မှု ကိုအမှန်အတိုင်းဖေါ်ထုတ်ရမှာဖြစ်သလို နိုင်ငံရေးအရတာဝန်ရှိမှုတွေကိုလည်း တစ်စစီ ဖေါ်ထုတ်ရမဲ့တာဝန်လည်းရှိနေပါတယ်။

မြောက်ပိုင်းဗဟိုကော်မီတီဟာ လူသတ်မှုအတွက်လုံးဝတာဝန်ရှိတယ်ဆိုတာဘယ်သူမှငြင်း
မယ်မထင်ပါဘူး၊ သူတို့အားလုံးဟာ အစုလိုက်အပြုံလိုက်လူသတ်မှုအတွက် လုံးဝတာဝန်ရှိ
သူတွေဖြစ်နေတဲ့အတွက် သူတို့ကတော့တရားဥပဒေကို မုချရင်ဆိုင်ရမှာပါ၊ တောင်ပိုင်းဗဟို
ကော်မီတီကရော ဘယ်လိုဘယ်အတိုင်းအတာထိပါဝင်ပတ်သက်ခဲ့သလည်းဆိုတာကို အား
လုံးကစိတ်ဝင်တရားလေ့လာအဖြေရှာနေကြဆဲပါပဲ။

ထင်ထင်ရှားရှားထွက်ပေါ်နေတာကတော့ မြောက်ပိုင်းလူသတ်မှုအမှားကြီးကိုတောင်ပိုင်း
ဗဟိုကနေတာဝန်ယူခဲ့တဲ့ကိစ္စ၊ တာဝန်ယူခဲ့တဲ့ပုံစံကိုလုံးဝသဘောမတွေ့ခဲ့ကြတဲ့ကိစ္စတွေပါပဲ၊
ကိုင်တွယ်ပုံကိုင်တွယ်နည်းလုံးဝမှားခဲ့သည့်အတွက်ကြောင့် အဖွဲ့အစည်း၏ဂုဏ်သိက္ခာကျဆင်း
ခဲ့ရသည်သာမက တော်လှန်ရေး၏ဂုဏ်သိက္ခာကိုပါထပ်ဆင့်ထိခိုက်နစ်နာခဲ့ရပြန်ပါတယ်၊ ဒီအတွက်ဘယ်သူ့မှာတာဝန်အရှိဆုံးဆိုတာ ဖေါ်ထုတ်ပြီးတာဝန်ယူခိုင်းရမှာဖြစ်ပါတယ်၊

I have no more disputes about the righteousness to execute 15 spies. However, I myself, on behalf of the central committee, have the responsibilities for that even though there was no participation by central committee on decision process.

အထက်ပါစာသားကတော့ ဗဟိုကော်မီတီဥက္ကဌတစ်ဦးရဲ့ ဗဟိုကော်မီတီကိုယ်စားတာဝန်
ရှိမှုကိုတာဝန်ခံခဲ့တာဖြစ်တယ်၊ ဒါဟာအမှန်တရားကိုစနစ်တကျဖြေရှင်းတာလား(ဒါမှမဟုတ်)
တော်လှန်ရေးကိုဦးချိုးခံခဲ့ရတာလားဆိုတာငြင်းစရာကျန်ခဲ့ပေမဲ့၊ တာဝန်ရှိမှုအတွက်ကိုတော့
ဝန်ခံထားပြီးသားမို့ပြောစရာလိုမယ်မထင်တော့ပါဘူး။

မည်သို့သောအခြေအနေတွင်ဖြစ်ပါစေ၊စပိုင်လို့စွပ်စွဲခံရသူတွေအတွက်မှာတော့ABSDFဖွဲ့စည်းပုံအရသူတို့အသက်၊သူတို့သိက္ခာကိုကာကွယ်ပိုင်ခွင့်မရခဲ့သွားရှာပဲ၊ရက်ရက်စက်စက်အသတ်ခံခဲ့ကြရတယ်၊ဒါဟာလုံးဝငြင်းပယ်လို့မရတဲ့အဓိကသက်တွေတွေပဲဆိုတာဘယ်သူမှငြင်းလို့မရဘူး။

ရော်နယ်လ်အောင်နိုင်ရဲ့သွေးရှုးသွေးတန်းနဲ့ပြောနေတဲ့၊စပိုင်ဆိုရင်သတ်ခွင့်ပေးထားပါတယ်ဆိုတဲ့စကားဟာ ABSDF ရဲ့ဖွဲ့စည်းပုံကိုဗြောင်စော်ကားနေတဲ့ စကားလုံးတွေပဲဖြစ်တယ်၊ ဒီလိုလူ တွေရဲ့လက် လွတ် စ ပယ် ပြောကြားချက်တွေကြောင့်ABSDF ရဲ့ဂုဏ်သိက္ခာကိုထိခိုက်ရ သလို၊ တိုက်ပွဲအသီးသီး မှာကျဆုံးခဲ့ရသောရဲဘော်ရဲဘက်တွေရဲ့သမိုင်းကြောင်းကိုလည်း စော်ကား လိုက်တာဖြစ်တယ်။

ကိုအောင်ထူးကဘာတွေထုတ်ပြန်ခဲ့သလဲကြည့်ကြရအောင်၊
ဒါတွေဟာ စစ်ပွဲတခုအတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့အခြေအနေဆိုခဲ့ပေမဲ့ စွပ်စွဲခံရသူတွေဟာ ခုခံ ကာကွယ်ပိုင်ခွင့်ရှိခဲ့ပါတယ်။ ရန်သူ့သူလျှိုတွေရဲ့အမှုကိုတရားရုံးမှာ ကြားနာခဲ့ပါတယ်။

အပြစ်မရှိတဲ့သူတွေကိုအညိုးအတေးထားပြီး၊လက်နက်အားကိုးလူမိုက်အားကိုးဖမ်းဆီးပြီး
သွေးအေးအေးနဲ့ရက်ရက်စက်စက်သတ်နေကြတာကိုခင်ဗျားသိနေရက်သားနဲ့၊ဒါတွေဟာ စစ်ပွဲတခုအတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့အခြေအနေဆိုခဲ့ပေမဲ့လို့ပြောရက်ဆိုရက်တဲ့ စိတ်ဓါတ်မျိုး နဲ့ရှေ့နေဖြစ်လာကိုသိပ်ကိုအံ့သြစရာကောင်းပါတယ်။

ကိုအောင်ထူးခင်ဗျား၊မိမိတို့ကိုယ်တိုင်ရေးဆွဲခဲ့တဲ့ဥပဒေကို၊ကိုယ်ကိုယ်တိုင်ကျူးလွန်ဖေါက်ဖျက်လို့ကတော့၊မသိလို့နားမလည်လို့ဖေါက်ဖျက်မိတာပါလို့ပြောလို့မရတော့ဘူး၊သိသိကြီးနဲ့ကျူး
လွန်ခဲ့တာကိုထောက်ခံပေးလိုက်တာဖြစ်တယ်၊အဲဒါခင်ဗျားတို့ရဲ့မဟာအမှားကြီး၊သိသိကြီးနဲ့မှားတဲ့မဟာအမှားကြီး၊နိုင်ငံရေးလောဘကြီးသူတွေရဲ့မဟာအမှားကြီးတွေပဲဆိုတာထင်ရှားတယ်၊အဲဒီခင်ဗျားတို့ရဲ့မဟာအမှားကြီးတွေအောက်မှာABSDFသာမက၊ပြည်တွင်းပြည်ပဒီမိုကရေစီ
အင်အားစုတွေအားလုံးကိုထိခိုက်ခဲ့ရတယ်ဆိုတာ၊ဒီနေ့ဒီအချိန်မှာခင်ဗျားတို့သိနေပါပြီ။

ဒါပေမဲ့ဒီကိစ္စမှာတစ်ဦးချင်းတာဝန်ရှိသူတွေဟာ၊အဖွဲ့အစည်း၏ဂုဏ်သိက္ခာကိုငဲ့ညှာခြင်းမရှိပဲ၊အကြောက်တရားကြီးစွာဆက်လက်ငြင်းဆိုနေဆဲ၊တာဝန်မဲ့သောစကားများကိုပြောဆိုနေဆဲပဲ
တွေ့ရလို့၊အပြစ်မဲ့သောတပ်ဖွဲ့ဝင်များအတွက်အတော်ကိုရင်ထုမနာဖြစ်ရပါတယ်၊အခုတော့ခင်
ဗျားတို့ရေးသားခဲ့ကြတဲ့သမိုင်းလိမ်သမိုင်းအမှားကြီးတွေအတွက်၊ခင်ဗျားတို့အားလုံးရှေ့ထွက်ပြီးရဲရဲဝံ့ဝံ့ဖြေရှင်းဖို့လိုနေပါပြီ။

နောက်ဆုံးကုန်ကုန်ပြောရရင်ဖြစ်ပြီးတဲ့ကိစ္စအတွက် ကိုယ့်နဲ့ဆိုင်ရာဆိုင်ရာ ပတ်သက်ရာ
ပတ်သက်ရာတွေအားလုံးကိုအရိုးသားဆုံးတာဝန်ယူစေချင်ပါတယ်၊ဒီလိုပြောနေရတာကလည်း
အဖွဲ့အစည်းရဲ့အလံတော်အောက်မှာ တော်လှန်ရေးယုံကြည်ချက်ကြောင့်အသက်ပေးခဲ့တဲ့ ရဲဘော်ရဲဘက်တွေအတွက်ရော လူတွင်မကသမိုင်းကိုပါအသတ်ခံခဲ့ရသောကံဆိုးသူကျနော်
တို့မြောက်ပိုင်းကရဲဘော်ရဲဘော်တွေအတွက်ရောအမှန်ကန်ဆုံးဖြစ်စေချင်တဲ့ဆန္ဒတစ်ခုတည်းပါ။

ကျနော်ဖြစ်စေချင်တာက ဇတ်သိမ်းခန်းကိုကောင်းစေချင်တယ်၊ ကျနော်တို့ကြည့်နေကြမြန်မာ
ဆန်ဆန်ရုပ်ရှင်ကားလေးထဲကလိုပဲဇတ်သိမ်းခန်းမှာဗီလိန်အားလုံးလဲအမြင်မှန်ရ၊ငါ့သားငါ့သမီးကိုမတူဘူးမတန်ဘူးဆိုတဲ့လူတန်းစားခွဲခြားတဲ့မိဘတွေကလည်းအမြင်မှန်ရ၊လူဆိုးလူမိုက်တွေကိုရဲတွေဖမ်းဆီးရာနောက်ကိုယက်ကန်ယက်ကန်နဲ့ပါသွား၊မင်းသားနဲ့မင်းသမီးကြည်ကြည်နူး
နူးနဲ့ပြန်ပေါင်းဆုံကြတဲ့သမရိုးကျဇါတ်လမ်းလေးလိုဖြစ်စေချင်ပါပြီ၊ ဂျိမ်း(စ်)ဘွန်းကားလိုရမ်ဘို
ကားလို၊ တစ်ယောက်မှလည်းအမြင်မှန်မရပဲတစ်ကိုယ်တော်လူစွမ်းကောင်းကြီးတစ်ဦးကပဲ
အပြတ်အသတ်အနိုင်တာမျိုးကိုလည်းမမြင်ချင်တော့ပါ။မြန်မာဆန်ဆန်ကျနော်မှားခဲ့ပါတယ်ဆိုတာကိုတော့ လူထုရှေ့မှောက်မှာရဲရဲဝံ့ဝံ့ကြီးပြောစေချင်တယ်ဗျာ။

ဒီလိုမျိုးကံယကံရှင်တွေလုပ်ကြဖို့ တိုက်တွန်းနေကြ၊ဖြစ်စေချင်နေကြတဲ့အထဲမှာ ခံခဲ့ရတဲ့သူ တွေတောင်ပါနေတာကိုက အင်မတန်ကိုထူးခြားနေပါတယ်၊နောက်တစ်ချက်က ကိုယ်ချင်းစာ
စိတ်နဲ့ ခံခဲ့ရသူတွေနောက်ကရပ်နေတဲ့သူတွေကလည်း နောက်ဆုံးအချိန်ထိအပြစ်ရှိတဲ့သူတွေ
ကိုမလွတ်တန်းစောင့်ကြည့်နေတာကိုလည်းမေ့ထားလို့မရပါဘူး၊ အမြင်မှန်မရပဲဆက်ပြီးမှားတဲ့ လမ်းကိုဆက်လျှောက်နေရင်တော့ အဆုံးသတ်ကောင်းမှာမဟုတ်ဘူး၊

ဒီနေ့မြန်မာ့နိုင်ငံရေးမှာလည်း မှားတာကိုမှားခဲ့ပါတယ်လို့လုထုကိုဝန်မခံရဲတဲ့စစ်ဗိုလ်ချုပ်ကြီး တွေကြောင့် တိုင်းပြည်ဟာလုံးဝငြိမ်းချမ်းရေးမရသေးဘူး၊ ကျနော်တို့အားလုံး ဒီစစ်ဗိုလ်ချုပ် ကြီးတွေရဲ့အကျင့်ဆိုးတွေကို အတုခိုးဦးမှာလား။ ဒါမှမဟုတ် အမြင်မှန်ရပြီး မိမိတာဝန်ကိုမိမိတို့
ရဲရဲဝံ့ဝံ့တာဝန်ယူသွားကြမှာလားဆိုတာကို ကျနော်တို့အားလုံးကမျှော်လင့်စောင့်စားနေကြ
ကြောင်းပါခင်ဗျာ၊
-------------------------------------------------------------------------------------------------
စစ်မှန်တဲ့တော်လှန်းရေးဆိုတာ ဂလဲ့စားချေရေးမဟုတ်ဘူး၊ လူသတ်ဝါဒမဟုတ်ဘူး၊
အမှန်တရားကို ထာဝရဆုတ်ကိုင်ခြင်းမည်၏၊ အမှန်တရားကိုတော်လှန်ရေးသမားတိုင်း
ဆုပ်ကိုင်နိုင်ကြပါစေ၊

ကိုကိုဦး
19th Febuary, 2012

Saturday, February 18, 2012

မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ ( အပိုင်း-၁၀)

မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ ( အပိုင်း-၁၀)
မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ ရဲ့ အဆင့် (၃) ကို ရောက်လာပြီ။ ဒီအဆင့်ဟာ ကြိုတင်ပြောထားသလိုပဲ၊ မုန်တိုင်းပိုထန်လာမယ်။ မျက်နှာဖုံးတွေ ပိုကွာကျလာမယ်။ စည်းဝိုင်းအတွင်းမှာ တရားဝင် ရင်ဆိုင်ဖို့ ကမ်းလှမ်းကြတော့မယ်။ နန်းအောင်ထွေးကြည်ကတော့ လူသတ်သမားရော်နယ်အောင်နိုင်နဲ့ တာဝန်ရှိသူများကို ကဗျာတပုဒ်နဲ့ ရာဇသံပေးလိုက်တယ်။ ပြည်တွင်းမှာ ရှိတဲ့ ကျောင်းသားတွေကလည်း သူတို့သာ ထောက်လှမ်းရေးမှန်ရင် သက်သေပြပါ ဆိုတဲ့ စိန်ခေါ်မှုတရပ်ကို တရားဝင်ကြေငြာခဲ့တယ်။ တကယ်တော့ အမှန်တရားဖေါ်ထုတ်ရေးအဆင့်က ပြီးဆုံးသွားပြီ။ ဘယ်သူတွေက လက်နက်ကိုင် တော်လှန်ရေးကို ဖျက်ဆီးခဲ့သူတွေလဲ၊ ဘယ်သူတွေက ဒီမိုကရေစီရေးလှုပ်ရှားသူအစစ်လဲ ဆိုတာတွေကလည်း ရှင်းရှင်းကြီးဖြစ်သွားပြီ။ မြောက်ပိုင်းဒေသ အရိုးတွန်သံများ ( အပိုင်း- ၁၀- ) ကို ဆက်လက်တင်ပြလိုက်ပါတယ်။
(၁)
“ ကိုထွန်းအောင်ကျော် ကို ပုဂ္ဂိုလ်ရေးအရတော့ စိတ်မကောင်းပါဘူး။ ဒါပေမဲ့ လက်နက်ကိုင်တော်လှန်ရေးမှာတော့ ကိုယ်တာဝန် ကိုယ်ကျေအောင်လုပ်ရတာပါပဲ” တဲ့ ရော်နယ်အောင်နိုင်ရဲ့ဧရာဝတီ မဂ္ဂဇင်းအင်တာဗျူးကို ဖတ်လိုက်မိတဲ့ မိတ်ဆွေတယောက်က
“ အောင်မလေး အင်တာဗျူးတွေက သောက်ကျိုးနည်းလောက်အောင် ကြီးကျယ်လှချည်လားကွာ။ လက်နက်ကိုင်တော်လှန်ရေး ဆိုပါလားဟေ့။ မန္တလေးဆန္ဒပြပွဲမှာတောင် သွေးမရှိခဲ့တဲ့ကောင်က ဘယ်နေရာမှာ သွားပြီး လက်နက်ကိုင်ပြီး တိုက်ပွဲဝင်သလဲ မသိဘူး” လို့ ပြောဆိုပြီး ခုံကို ပုတ်လိုက်တယ်။ ကျနော်ကတော့ စိတ်မပါတပါ ပြုံးနေမိတယ်။
“ မန္တလေးသားတွေနဲ့ ဗကသ များအဖွဲ့ချုပ်ဟာ “ ထွန်းအောင်ကျော် ကို ချစ်သလား၊ ရော်နယ်အောင်နိုင် ကို မုန်းသလား” ဆိုတာ ဖေဖေါ်ဝါရီ (၁၂) ရက်နေ့မှာ ကျင်းပတဲ့ပွဲက တဆင့်၊ ဖေ့ဘွတ် စာမျက်နှာတွေကတဆင့်၊ ရှင်းလင်းတဲ့အဖြေတခုပေးပြီးပြီလို့ ထင်ပါတယ်။ ၁၉၉၂ မှာ ကျောင်းသား (၁၅) ယောက်ကို ခေါင်းဖြတ်သတ်အပြီးမှာတော့ ကျောင်းသားတပ်မတော်(မြောက်ပိုင်း) ရဲ့ အပုတ်နံ့တွေက နိုင်ငံတကာမှာ တထောင်းထောင်းထနေပြီ။ ထိုင်းနိုင်ငံသတင်းထောက်၊ ရင်ဒီ က၊ ကျောင်းသားတပ်မတော် ( မြောက်ပိုင်း) ခေါင်းဆောင်တွေနဲ့တွေ့ပြီး အင်တာဗျူးတဲ့အခါ၊ သူတို့က အတည်ပေါက်ပဲ၊ ရဲရဲကြီး ဂတိပေးခဲ့တယ်။
“ အသတ်ခံရသူတွေထဲမှာ ကျောင်းသားစစ်တယောက်မှားပါခဲ့မယ် ဆိုရင် ကိုယ့်စိတ်နဲ့ကိုယ် ကြိုးစင်တက်သွားမယ်” ဆိုပဲ။ အင်း- ကိုယ့်ဘာသာ စိန်ခေါ်မှုအရဆိုရင်တော့၊ ကြိုးမိန့်ကျမှာက တကြိုးတောင် မကဘူး၊ အပြင် (၃၇) မင်း၊ အတွင်း (၃၇) မင်းပါ ပင့်ပြီး (၃၈) ကြိုးတောင်း၊ အခမ်းအနားလုပ်၊ ကွပ်မျက်ရမလို ဖြစ်နေပြီ။
(၂)
နန်အောင်ထွေးကြည်ရဲ့ ရာဇသံ ကဗျာ ကို ဖတ်အပြီးမှာတော့
“ဗမာပြည်တော်လှန်ရေးသမိုင်းမှာ အမျိုးသမီးတယောက်က သူပုန် လို ဟန်ဆောင်နေတဲ့ ယောင်္ကျားရင့်မာကြီးတွေကို စိန်ခေါ်တာ ဒီတခါပဲ ရှိမယ်ထင်တယ်” လို့ တွေးလိုက်မိတယ်။ “ကျနော်တို့မှာ ခိုင်မာတဲ့ သက်သေတွေရှိပါတယ်” ဆိုတဲ့သူတွေရဲ့ ငြိမ်သက်မှုကလည်း သူရဲဘောကြောင်တာထက် ဆိုးဝါးလွန်းလှတယ်။ ဘာပဲဖြစ်ဖြစ် သုတေသနစာတမ်းအတွက် စိတ်ဝင်စားစရာ အကောင်းဆုံးက “ ရေလှိုင်းစစ်ဆင်ရေး” ဆိုတဲ့ ဝေါဟာရ ပဲ ဖြစ်တယ်။ ဒီ ဝေါဟာရဘယ်လိုပေါ်ပေါက်ခဲ့သလဲ၊ ဘယ်လို ဇာတ်လမ်းမျိုးဖြစ်မလဲ ဆိုတာကို ကာယကံရှင်တွေရဲ့ ရှင်းလင်းချက်စာတမ်းတွေကို စောင့်မျှော်နေခဲ့တယ်။
ဒီတပတ်မှာ ကိုအောင်ထူး ရဲ့လက်မှတ်နဲ့ထုတ်ဝေခဲ့တဲ့ ABSDF စတိတ်မန့် ( ၁၉၉၂ မတ်လ ၁ ရက်) နဲ့ ဒေါက်တာနိုင်အောင်ရဲ့ သတင်းစာရှင်းလင်းပွဲ ( ၁၉၉၂ မေလ ၃၁) ကို နှိုင်းယှဉ် သုံးသပ်ကြဖို့ တင်ပြလိုက်ပါတယ်။
မြောက်ပိုင်း ကျောင်းသားတပ်မတော်တွင် ဖမ်းဆီးခံထားရသည့် ရန်သူ့သူလျှိုများနှင့် ပတ်သက်ပြီး
ကျောင်းသားတပ်မတော် ဥက္ကဋ္ဌ ၏ သတင်းထုတ်ပြန်ချက်
ကချင်ဒေသကိုတစ်လကြာ အလည်သွားပြီးတဲ့နောက်မှာ ကျနော်အနေနဲ့ ရက်စက်ကြမ်းကြုတ်တဲ့စစ်အစိုးရ အပေါ် ယခင်ကထက်ကိုပိုပြီး ခါးသီးစွာခံစားခဲ့ရပါတယ်၊ အဖမ်းဆီးခံနေရသူများရဲ့ပြောကြားထွက်ဆိုချက်အားလုံးကို ရိုးရိုးသားသား ဖတ်ရှု့နားထောင်ခဲ့ပါတယ်၊ ငြိမ်ဝပ်ပိပြားရေး အဖွဲ့(SLORC)ရဲ့ဖိနှိပ်ရေးယန္တယားတစ်ခုဖြစ်နေသော
မြန်မာနိုင်ငံအမျိုးသားထောက်လှမ်းရေးအဖွဲ့(NIB)ဟာ ရှစ်လေးလုံးပြည်သူအုံကြွမှုကြီးကို ဝရုန်းသုန်းကားဖြစ်အောင်၊ မင်းမဲ့စရိုက်ဖြစ်လာအောင်ဖန်တီးခဲ့မှုတွေမှာ အဓိက တာဝန်ရှိခဲ့ပါတယ်၊သူတို့ဟာစနစ်ကျခိုင်မာတဲ့စီမံချက်နဲ့အတူ မိမိတို့ အတိုက်အခံအင်အားစုတွေအတွင်းကို ထိုးဖေါက်ဝင်ရောက်ပြီး ရှုပ်ထွေးမှု၊ ညီညွတ်ရေးဖြိုခွဲမှုတို့ကို ဖန်တီးကာ၊ အပေါ်စီးက ရအောင် ကြိုးစားခဲ့ကြပါတယ်။ သူတို့ရဲ့ လူတွေကိုသတင်းပေးသမား၊ထောက်လှမ်းသမားများအဖြစ်အသုံးချပြီး နည်းမျိုးစုံနဲ့
ထိုးဖေါက်ဝင်ရောက်လာကြတာဖြစ်တယ်၊ သူတို့ရဲ့အဓိကပြစ်မှတ်ကတော့ ထင်ရှားတဲ့ခေါင်း ဆောင်များနဲ့အတိုက်အခံ အင်အားစုတွေပဲဖြစ်တယ်၊ သူတို့ရဲ့ မဟာဗျူဟာ တစိတ်တပိုင်းအရ၊ ABSDF ဟာ ပစ်မှတ်တခုဖြစ်ခဲ့ပြီး၊ သူတို့ရဲ့ သူလျှိုတွေကို “ရေလှိုင်းစစ်ဆင်ရေး” ခေါင်းစဉ်အောက်မှ ထိုးဖေါက်ဝင်
ရောက်နိုင်ရေးပင်ဖြစ်တယ်၊ သူတို့အဓိကလုပ်ဆောင်ရမဲ့အရာတွေကတော့

၁၊ အဖွဲ့အစည်းများအတွင်းမတည်မငြိမ်ဖြစ်အောင်ဖန်တီးလုပ်ဆောင်ရေး

၂၊ အဆင့်မြင့်ရာထူးနေရာတွေကိုရယူထားရှိရေး

၃၊ မဟာမိတ်အဖွဲ့များနဲ့ထောက်ခံအားပေးသောအဖွဲ့အစည်းများနှင့်နားလည်မှုလွှဲမှားရေး

၎၊ ခိုင်မာတဲ့အတိုက်အခံခေါင်းဆောင်တွေကိုလုပ်ကြံသတ်ဖြတ်ရေးတို့ပင်ဖြစ်သည်၊

နောက်ဆုံးအပြီးသတ်ဆောင်ရွက်ရမဲ့အချိန်ကတော့ အမျိုးသားညီလာခံကျင်းပမည့်အချိန်ဖြစ်သည့် ၁၉၉၂နှစ်ကုန်ပိုင်း တွင် ဖြစ်ပါသည်၊ တစ်ချို့အုပ်စုတွေကတော့အမျိုးသားညီလာခံမကျင်းပခင်အလင်းဝင်ကြရန်ဖြစ်တယ်။ ကျန်နေမဲ့အုပ်စုတွေကိုတော့ ဖိအားတွေကိုအပြင်းအထန်ပေးပြီးအမျိုးသားညီလာခံအပြီးတွင်ဖြစ်လာမည့် အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် ပေးသည့်အချိန်တွင်အလင်းဝင်ကြရန်ပင်ဖြစ်သည်၊ (ဒီစပိုင်အဖွဲ့ရဲ့ခေါင်းဆောင်တွေကတော့ အမျိုးသားညီလာခံကို ၁၉၉၂ ကုန်ပိုင်းမှာ ကျင်းပလိမ့်မယ် ဆိုတဲ့အချက်ကို သိရှိပြီးသားဖြစ်တယ်) လွတ်ငြိမ်းချမ်းသာခွင့်ပေးအပြီး၊ နောက်ဆုံးကျန်ရှိနေဦးမည်ဖြစ်သည့်အုပ်စုတွေကတော့ ပြင်းထန်တဲ့စစ်ဆင်ရေးနဲ့အတူချေမှုန်းခံရလိမ့်မည်ဖြစ်သည်၊
ကျနော်အနေနဲ့ ရန်သူ့သူလျှို (၁၅) ယောက်ကို ကွပ်မျက်သတ်ဖြတ်ပစ်လိုက်ခြင်းဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဖြစ်တယ် လို့ ယုံကြည်တာကြောင့် ထပ်မံအငြင်းပွားစရာ မရှိတော့ပါ။ ဗဟိုကော်မီတီဟာ ယခုဆုံးဖြတ်ချက် လုပ်ငန်းစဉ်တလျှောက်လုံးမှာ လုံးဝပါဝင်ပတ်သက်ခဲ့ခြင်းမရှိသော်လည်း ဗဟိုကော်မတီ ကိုယ်စား ကျနော့်အနေနဲံ့ တာဝန်ရှိခဲ့တယ်ဆိုတာလက်ခံပါတယ်၊
ဖမ်းဆီးထားတဲ့ ကျန်ရှိနေသေးသော ရန်သူ့သူလျှိုတွေကို အပြုသဘောဆန်စွာဖြေရှင်းသွားမယ်ဆိုတဲ့ အကြောင်းကို နိုင်ငံတကာ အသိုင်းအဝိုင်း ထံ ရှင်းပြချင်ပါတယ်။

မကြာသေးခင်ကပဲ ကျနော်၊ ABSDF မြောက်ပိုင်းကော်မတီ နဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးပြီး အောက်ပါဆုံးဖြတ်ချက်တွေချမှတ်လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့ကြပါတယ်၊

၁၊ ABSDF အနေဖြင့် နောက်ထပ်ကျန်ရှိနေသေးတဲ့စပိုင်တွေကို သေဒဏ်မပေးရေး

၂၊ မိမိတို့တော်လှန်ရေးလှုပ်ရှားမှုအပေါ် ရပ်တည်ချက်မှန်မှန်ပြောင်းလဲလာသူတွေအားလုံးကို သာမန်အဖွဲ့
ဝင်တွေအဖြစ်ပြန်လည်လက်ခံသွားရန်၊

၃၊ ကျနော်တို့ အနေဖြင့်လုံးဝလက်မခံနိုင်သောရန်သူ့ သူလျှိုများကိုမူ ၄င်းတို့၏အနာဂတ်လုံခြုံရေး အတွက် နိုင်ငံတကာအဖွဲ့အစည်းများသို့ လွှဲပြောင်းပေးအပ်သွားမည်ဖြစ်သည်၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ဒီမိုကရက်တစ် အစိုးရများ အနေဖြင့်လည်း သူလျှိုများအား မြန်မာပြည်ဒီမိုကရေစီရေးပြောင်းလဲမှု
ရရှိသည်အထိလက်ခံသွားပါရန် ABSDF အနေဖြင့် မေတ္တာရပ်ခံသွားမည်ဖြစ်သည်၊

၎၊ အကယ်၍သူတို့ကိုပြည်ပနိုင်ငံတွေမှာလက်ခံထားရှိပေးနိုင်ခဲ့ခြင်းမရှိခဲ့လျှင်၊ သူတို့ကိုထောင်ဒဏ်တစ်နှစ်စီချမှတ်ပြီး မိဘဆွေမျိုးတို့၏ခံဝန်ချက်ဖြင့်ပြန်လွှတ်ပေးသွားမှာဖြစ်သည်၊သူတို့တစ်တွေဟာ ကျနော်တို့ရဲ့ရန်သူတွေဖြစ်ခဲ့သော်လည်းပဲ သူတို့ဟာ ယုတ်မာရက်စက်တဲ့ အာဏာရှစ်စနစ်ရဲ့သားကောင်တွေအဖြစ်လက်ခံထားပါတယ်၊ ဒါဟာကျနော်တို့ရဲ့ အနာဂတ်အကျိုးစီးပွါးနဲ့လူအခွင့်အရေးကိုစာနာထောက်ထားလို့ပဲဖြစ်ပါတယ်၊ ပြီးရင်ကျနော်တို့အနေဖြင့် သူတို့နဲ့ပတ်သက်တဲ့ ရန်သူ့သူလျှို မှတ်တမ်း အထောက်အထားအသေးစိတ်တွေကိုလူသိရှင်ကြားဖေါ်ပြပေးသွားမှာဖြစ်တယ်
ထို့အတွက်ကြောင့် ကျနော်တို့အနေဖြင့်နိုင်ငံတကာအဖွဲ့အစည်းတွေကိုပန်ကြားလိုသည်မှာ ရန်သူ့သူလျှိုတွေရဲ့ အနာဂတ်အတွက်
ကျနော်တို့ကို နားလည်စွာဖြင့်ပူးပေါင်းဆောင်ရွက်မှုပေးသွားကြ ပါရန်မေတ္တာရပ်ခံအပ်ပါသည်၊

ဆန္ဒမွန်များဖြင့်
( လက်မှတ်)
မေလ(၃၁)ရက်နေ့၊ ၁၉၉၂ခုနှစ်

ဒေါက်တာနိုင်အောင်
ဥက္ကဌ
ဗဟိုကော်မီတီ
ABSDF

(၃)
တကယ်တော့ တတိယအဆင့်မှာ မုန်တိုင်းရဲ့ ဗဟိုချက်မဟာ ဘယ်ကိုဦးတည်တော့မယ်ဆိုတာ လူတိုင်းနီးပါး
သိနေပြီ။ ဒါပေမဲ့ မိုးပြိုနေတာကို မသိတဲ့ ပရွက်ဆိတ်တကောင်ကတော့၊ နိုင်ငံရေးလူပျက်တယောက်လို
လုပ်နေတဲ့အခါ ကျနော့မှာ သူ့ကို ကြည့်စေချင်တဲ့ ရုပ်ရှင်ကားလေးတကားနဲ့ နှုတ်ဆက်ကြည့်ဖို့ ဆုံးဖြတ်
လိုက်တယ်။

In The Bedroom ဆိုတဲ့ ရုပ်ရှင်လေးအကြောင်းကို ပြောပြချင်ပါတယ်။ ၂၀၀၁ ခုနှစ်က အကယ်ဒမီ (၅) ဆုရတဲ့ကားလေးပါ။ အမေရိကန်ပြည်ထောင်စု၊ မိန်းပြည်နယ်ရဲ့ ဆိတ်ကမ်းမြို့လေးတမြို့မှာ ဖြစ်ပျက်ခဲ့တဲ့ ရာဇဝတ်မှုလေးတခုအကြောင်းကို ရိုက်ကူးထားတဲ့ ကားလေးပါ။ ဇာတ်လမ်းအတိုချုပ်ကို ပြောရရင်၊ ဒေါက်တာ “မက်” နဲ့ “ရုဒ်” လို့ခေါ်တဲ့ လင်မယားနှစ်ယောက်မှာ ဖရန့် လို့ ခေါ်တဲ့သားလေးတယောက်ပဲရှိတယ်။ သူ့တို့ရဲ့သာလေး ဖရန့်က “နက်တလီ” လို့ခေါ်တဲ့ အသက်ကြီးကြီး မိန်းမတယောက်နဲ့ချစ်ရည်မျှနေခဲ့တယ်။ “နက်တလီ” ရဲ့ ယောင်္ကျားဟောင်း “ရစ်ချတ်”က အင်မတန်ဆိုးသွမ်းတယ်။ မိန်းမဟောင်း နက်တလီ ဆီကို လာလာပြီး နှိပ်စက်ရိုက်နှက်လေ့ရှိတယ်။ တရက်မှာတော့ နက်တလီကို လာနှိပ်စက်လေ့ရှိတဲ့“ရစ်ချတ်” နဲ့ “ဖရန့်” ထိပ်တိုက်တွေ့ကြ၊ ထိုးကြကြိတ်ကြပြီး၊ ရစ်ချတ် ဆိုတဲ့လူဆိုးက “ဖရန့်”ကို ပစ်သတ်ပစ်လိုက်တယ်။ ဒီအမှုဟာ တရားရုံးကိုရောက်ရှိခဲ့ပေမဲ့၊ လူသတ်မှုကို မျက်မြင်သက်သေအဖြစ်ထွက်ဆိုမဲ့သူမရှိဘူး။ “နက်တလီ” ဆိုတဲ့ အမျိုးသမီးကလည်း သူမရှေ့မှာ ဖြစ်ပျက်ခဲ့တာကို ကိုယ်တိုင်မြင်ခဲ့ပေမဲ့ ရစ်ချတ် ရဲ့ အန္တရာယ်ကို ကြောက်နေတာကြောင့်၊ အဖြစ်မှန်ကို မထွက်ဆိုရဲဘူး၊ တရားသူကြီးကလည်း လုံလောက်တဲ့ မျက်မြင်သက်သေမရှိခဲ့တဲ့အတွက် ရစ်ချတ်ကို လူသတ်မှုနဲ့ အပြစ်ပေးလို့မရဘူး၊ ဒီလိုနဲ့ လူသတ်သမား ရစ်ချတ်တယောက် ရာဇဝတ်မှုကနေ ကွင်းလုံးကျွတ်လွတ်သွားခဲ့တယ်။ ဒေါက်တာ “မက်” နဲ့ “ရုဒ်” အတွက်တော့၊ သူတို့သားကို သတ်သွားတဲ့ လူသတ်သမား ရစ်ချတ် ကို မြို့ကလေးမှာ တွေ့တွေ့နေရခြင်းဟာ ခြောက်လှန့်နေတဲ့အိပ်မက်ဆိုးတခုကို မက်နေရသလိုမျိုးပါပဲ။ သူတို့နှစ်ယောက် ညရောက်ရင် အိပ်ယာပေါ်မှာ အဲ့ဒီ စိတ်မသက်မသာဖြစ်စေတဲ့ ခံစားမှုတွေကို ပြောကြတယ်။ အိပ်မပျော်ကြဘူး။ အသတ်ခံရတဲ့ ဖရန့် ရဲ့ အမေဖြစ်သူ “ရုဒ်” ဟာ ခံစားရတာတွေများလာတော့ အိမ်မှာ ယောင်္ကျားဖြစ်သူ ဒေါက်တာ မက် ကို အော်ဟစ် တောင်းဆိုတယ်။ “ ရှင်တခုခု လုပ်စမ်းပါရှင်၊ ကျမ ဒါတွေကို ဆက်မခံစားနိုင်တော့ဘူး” တဲ့။ ဒေါက်တာရစ်ချတ် တယောက် ဆေးခန်းပိတ်ပြန်တဲ့အခါ အိမ်ကို မပြန်သေးပဲ ဘား တခုကိုသွားတယ်။ မိတ်ဟောင်းဆွေဟောင်းတချို့နဲ့ တိုင်ပင်တယ်။ နောက်မကြာဘူး။ သူတို့ရဲ့ အစီအစဉ်ကို စတင်တော့တယ်။ တညမှာ “ရစ်ချတ်” နေတဲ့အိမ် ကို သွားပြီး စောင့်တယ်။ အပြင်ကပြန်လာတဲ့ “ရစ်ချတ်” ကို သေနတ်နဲ့ချိန်ပြီး၊ သူ့ရဲ့ အဝတ်အစားတွေကို အိပ်ထဲထည့်ခိုင်းတယ်။ စားပွဲပေါ်မှာ ခရီးသွားသလိုလို သက်ရောက်စေမဲ့ လေယာဉ်လက်မှတ် ဖြတ်ပိုင်းလေးကို တင်ထားခဲ့တယ်။ “ရစ်ချတ်” ကတော့ သူသတ်ခဲ့တဲ့ ဖရန့် ရဲ့ အဖေ ဒေါက်တာ“မက်” က သူ့ကို ဒီမြို့ကလေးမှာ မမြင်စေချင်တော့လို့၊ မြို့ကနေ ထွက်သွားခိုင်းတာ လို့ ထင်နေတယ်။ တကယ်တော့ မဟုတ်ဘူး။ ဒေါက်တာ “မက်” က ရစ်ချတ် ဆိုတဲ့ကောင်ကို တောအုပ်တခုထဲမှာ ခေါ်သွားပြီး ပစ်သတ်ပစ်လိုက်တယ်။ မနက်လင်းတော့ အိမ်ပြန်လာတဲ့ ဒေါက်တာ ရစ်ချတ်ကို သူ့အမျိုးသမီး ရုဒ် က တချက်ကြည့်ပြီး ဘာမှမမေးတော့ဘူး။ ဇာတ်လမ်းလေးက အဲ့သလို အဆုံးသတ်ထားတယ်။
အပေါ်ယံဇာတ်လမ်းကို ကြည့်လိုက်မယ် ဆိုရင်တော့ In the Bedroom ရုပ်ရှင်ကားဟာ လက်စားချေမှုတခုကို ရိုက်ပြတာလို့ ထင်စရာရှိပါတယ်။ ဒါပေမဲ့ နိုင်ငံတကာရုပ်ရှင်အသိုင်းအဝိုင်း၊ အနုပညာအသိုင်းအဝိုင်းတခုလုံးက ဒီဇာတ်ကားကို တခုတ်တရ အမွှန်းတင်ပြောဆိုကြသလို၊ နယူးယောက်တိုင်းမ် သတင်းစာကြီးက ဆိုရင် “ဆယ်စုနှစ်တွေအတွင်းမှာ အရေးကြီးဆုံးရုပ်ရှင်ကား တကား နဲ့ ဒီကိစ္စဟာ ဘာကြောင့်အရေးကြီးသလဲ” ဆိုတဲ့ ဆွေးနွေးထောက်ခံဝေဖန်မှုတွေကို ဝေဝေဆာဆာရေးသား
ခဲ့တယ်။
ဒီကားကို ဘာကြောင့် အကယ်ဒမီ ဆု (၅) ဆုပေးခဲ့တာလဲ။ ရာဇဝတ်မှု ဇာတ်လမ်းနဲ့ နောက်ခံထားတဲ့ ရုပ်ရှင်ကားတကားကို နိုင်ငံတကာပြည်သူတွေ ဘာကြောင့်ကြိုက်ခဲ့ကြသလဲ။ အဓိကအချက်တွေကတော့ လင်မယားနှစ်ယောက် ညတိုင်ရင် အိပ်ယာပေါ်မှာ ရင်ဖွင့်ပြောဆိုကြတဲ့ အပြန်အလှန်စကားပြောခန်းတွေ၊ စိတ်ခံစားမှုတွေပဲဖြစ်တယ်။ သူတို့နှစ်ယောက်ပြောဆိုနေကြတဲ့ ခံစားမှုတွေ၊ ဒဿန တွေကို လူတွေက ခံစားနားလည်နိုင်ခဲ့ကြတယ်။ ဒါကြောင့်လည်း အဆင့်အတန်းရှိတဲ့ နိုင်ငံတကာအနုပညာအသိုင်းအဝိုင်းဟာ၊ စာနာနားလည်ခံစာနိုင်မှု ကို အရေးပါတဲ့ ကျင့်ဝတ်အဖြစ်ထည့်သွင်းပြီး အမှတ်ပေးခဲ့ကြတာဖြစ်တယ်။
(၄)
စာနာနားလည်မှုမရှိတဲ့ အနုပညာသမားတွေရဲ့ အောက်ခြေလွတ်မှု၊ အတ္တကြီးမားမှုတွေကိုလည်း ကျနော်တို့လောကထဲမှာ တခါတလေတွေ့ရတတ်ပါတယ်။ အပြင်လောကမှာ ဘာတွေဖြစ်နေမှန်းမသိပဲနဲ့ အငြိမ့်စင်က မီးစလိုက်ကို စိတ်ဆွဲနေသလိုမျိုး ဟိုဟာပြောရင် ဒီကိစ္စက မှိန်သွားမယ် ပြောလို့ပြော၊ ပုရွက်ဆိတ်နဲ့ ပုရုတ်ဆီကို ဥပမာပေးလို့ပေး ခက်တော့တာပဲ။ ယုတ်မာရက်စက်သူနဲ့ ယဉ်ကျေးတဲ့လူ့အဖွဲ့အစည်းဆိုတာ ဘယ်တုံးကမှ အချင်းချင်းမဖြစ်ခဲ့သလို၊ ရန်သူ လို့ သတ်မှတ်ထားသူတွေဆီကနေ “ အဘ ကျနော်နိုင်ငံခြားသွားမလို့ မုန့်ဘိုးပေးပါအုံး” ဆိုတဲ့ မျက်နှာပြောင်ပြောင် အလုပ်တွေလည်း ကျနော်တို့မလုပ်ခဲ့ပါဘူး။ မိသားစုတခုလုံးလည်း နိုင်ငံခြားကို ပို့မထားခဲ့ပါဘူး။ “ခွှင့်လွတ်ခြင်းတရားတွေ တသွင်သွင်ပြောပြီး ကိုယ်ကဘယ်လိုသဘောထားကြီးကြောင်း ပြောဆိုနေမှုတွေဟာ မရိုးသားတဲ့ လေလံတင်မှု၊ လက်ခုပ်သံမျှော်မှု တခုဖြစ်တယ်” တဲ့။ ကိုယ့်ဘာသာ သတိထားရမှာက အဇာတသတ်နောက်လိုက်မဖြစ်မိဖို့ရယ်၊ လူရည်လည်သူတွေချင်းဆက်သွယ်ပြီး NGOs တွေနဲ့ပေါင်းစီးပွားရေးလုပ်ဖို့ကြိုးစားနေကြတဲ့ နိုင်ငံရေးစားကျက်ထဲမှာ မမျောပါမိဖို့ရယ် ဆိုတဲ့အချက်ပါပဲ။
(၅)
“ရန်သူစစ်တပ်က ထောင်ချီသတ်တာကျတော့ ဘာမှမပြောဘူး။ လူ (၁၅) ယောက် (၃၀) လောက် သတ်ခံရတာကို ပြောနေတယ်၊ ငါတို့ရဲဘော်တွေ ဘယ်လိုပေးဆပ်ခဲ့ရတယ်” ဆိုတဲ့စကားကို ကြားမိတော့ ကျနော်တို့အညာဘက်မှာ နောက်ပြောင် ပြောဆိုနေတဲ့ “တံတားကြိုး သခင်များ” ဆိုတဲ့ဝေါဟာရကို သွားသတိယမိတယ်။
ဒုတိယကမ္ဘာစစ်အပြီး ဖက်ဆစ်ဂျပန်တွေ စစ်ရှုံးဆုတ်ခွာသွားတော့၊ တော်လှန်ရေးမှာလေးလေးနက်နက်မပါဝင်ခဲ့ဘူးသူတွေက လက်ပတ်တွေစည်း၊ လက်နက်တွေကိုင်ပြီး တော်လှန်ရေးခေါင်းဆောင်ယောင်ယောင်ထွက်လာကြတော့တယ်။ ရွာထိပ်က တံတားကြီးကို ချိုးကြပစ်လိုက်ပြီး၊ သူတို့တိုက်ထုတ်လိုက်လို့ ဖက်ဆစ်ဂျပန်တွေပဲထွက်ပြေးသွားသလိုလို၊ လုပ်ကြတော့တယ်။ မကြာပါဘူး။ သခင် ဆိုတဲ့နာမည်တွေကို ရှေ့မှာတပ်ပြီး၊ တည်ငြိမ်မှုမရှိသေးတဲ့ ရွာမှာ ရွာသားတွေကို အနိုင်ကျင့်တော့တယ်။ အကြောင်းသိသူတွေကတော့ သူတို့ကို တံတားကျိုးသခင် များလို့ ခေါ်ဝေါကြတာပေါ့။ ဒါပေမဲ့ သူတို့က အုပ်စုဖွဲ့ပြီး “ ငါတို့က ဘယ်လိုအနစ်နာခံခဲ့တယ်” ဆိုတာတွေပြော၊ ထန်းတောထဲမှာလည်း ညနေတိုင်ရင်မူးရူး၊ သောက်ထားတဲ့အရက်ဖိုး၊ ထမင်းဖိုးကိုလည်းမပေး၊ တွေ့ကရာ စော်ကားတော့တာပဲ။ အခုကျနော်တို့တတွေ ကြုံတွေ့နေရတဲ့ ပြည်ပနိုင်ငံရေးမှာလည်း အဲ့သလို “တံတားကျိုးသခင်များ” က နေရာအနှံ့တွေ့နေရတယ်။ တကယ် လက်နက်ကိုင်တိုက်လာတဲ့ ရဲဘော်တွေက အမှန်တရား နဲ့ ရိုးသားမှု ကို ဘာနဲ့မှ မလဲဘူး။ သူတို့ပေးဆပ်ခဲ့ရတာတွေကိုလည်း စာဖွဲ့ပြောမနေဘူး။ “ကိုယ့်အဖွဲ့အစည်းကို ဘယ်လိုချစ်ကြောင်း၊ လက်နက်ကိုင်တော်လှန်ရေး ကို ဆက်ဆင်နွဲရမယ်၊ ဘုံရန်သူကို မျက်ခြေမပြတ်နဲ့” လို့ ဟစ်ကြွေးနေသူတွေကို ကြည့်လိုက်တော့၊ တော်တော်များများက နိုင်ငံတကာ ဒိုနာတွေဆီက ငွေလိမ်တောင်းနေသူတွေ၊ တတိယနိုင်ငံတွေမှာ သောက်စားမူးယစ်နေသူတွေ၊ အစိုးရဆီက လူမှုဖူလုံရေးလိမ်တောင်းစားနေသူတွေကိုသာ တွေ့ရတယ်။
လူမှုတော်လှန်ရေးတရပ်လုပ်တယ်ဆိုတာ ဖက်ဆစ် အစိုးရကျူးလွန်နေတဲ့စရိုက်တွေကို အတုယူဖို့မဟုတ်ဘူး။ တော်လှန်ရေးလုပ်ခဲ့တာကို အကြောင်းပြပြီး အခွင့်အရေး ယူဖို့မဟုတ်ဘူး။ အစိုးရဘက်က သတ်တာတွေကိုပြောပြီး၊ ငါတို့ဘက်က ယုတ်မာတာတွေကို ပါးစပ်ပိတ်ထားလို့ အဆိုပြုတဲ့သူဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ခေါင်းဆောင်တဲ့ ကြံ့ဖွံ့အဖွဲ့ဝင်တွေနဲ့ အတူတူပဲဖြစ်သွားမှာပေါ့။ လူနေမှုအဆင့်မြင့်တဲ့နိုင်ငံတွေမှာ နေပြီး ကြံ့ဖွံ့လို စိတ်ဓါတ်တွေ မွေးနေကြ၊ ခြစားအကျင့်ပျက်သူတွေနဲ့ သူတော်ချင်းချင်းသတင်းလွေ့လွေ့လုပ်နေကြတာတော့ စိတ်မကောင်းစရာပဲ။
ပြောသာပြောရတာပါ။ ဘာမှမဟုတ်ပဲ စစ်သွေးကြွပုံစံတွေနဲ့ ကိုယ့်ဘာသာ ကိုယ်ရှိန်ကိုယ်ဝါတောက်ပပြနေတဲ့ လူတွေက လက်ချိုးရေ လို့ရပါတယ်။ သူတို့က ကျောင်းသားတပ်မတော်ကို ချစ်ဟန်ဆောင်ပြီး၊ အကျင့်ပျက်လူတယောက်နှစ်ယောက်ကို အကာအကွယ်ပေးနေတာ လူတိုင်းက သိနေပေမဲ့ သူတို့လို လိုက်အဆင့်မနိမ့်ချင်လို့ ယှဉ်ပြီး မပြောပဲနေကြတာ။ တကယ်တိုက်လာခဲ့တဲ့ ဒီမိုကရေစီရေးလိုလားသူတွေနဲ့ ကျောင်းသားတပ်မတော်က ရဲဘော်တွေ က အမှန်တရားနဲ့ ရိုးသားမှုကို ချစ်တယ်။ မြောက်ပိုင်းလူသတ်မှုကို အကြီးအကျယ်ရှုတ်ချပြီး စာနာနားလည်စွာပါဝင်နေကြတယ်။ ပြည်တွင်းကို သဝဏ်လွှာတွေပို့ကြတယ်။ အဲ့သလို ခိုင်မာတည်ကြည်တဲ့ ABSDF ရဲဘော်တွေရှိနေမှတော့ ကျန်တဲ့ ပြည်ပရောက် ကြံ့ဖွံ့တွေဆိုတာ၊ ဓါတ်တိုင်အောက်မှာ ပျံဝဲနေတဲ့ တရာသီစာ ပရစ်အော်သံတွေ အဖြစ်သာ ဆူညံကျန်ရစ်ခဲ့တာပါ။ တရားမျှတမှုအတွက် တောင်းဆိုတိုက်ပွဲဝင်သံတွေ မကြာခင်ကြားကြရပါလိမ့်မယ်။

အောင်မိုးဝင်း

ပြည်တွင်း ပြည်ပမှာ ကျင်းပကြသော အနှစ် ၂၀ မြောက် အမှတ်တရပွဲများ

ကြွေလွင့်သွားသောကျောင်းသားများအမှတ်တရပွဲမှာ ကိုယ်တွေ့ ပြောပြခြင်းများ။

ကြွေလွင့်သွားသောကျောင်းသားများအမှတ်တရ.အပိုင်း ၂

မန္တလေး အမှတ်တရပွဲမှာ ပြသသော သရုပ်ဖေါ်ပြကွက်

မန္တလေး အမှတ်တရပွဲမှာ ကိုရဲလင်းအားမေးမြန်းခြင်း



http://facebook.com/khudaun

http://facebook.com/khudaun



ထပ်ဆင့်နှိုးဆော်အပ်ခြင်း

ထပ်ဆင့်နှိုးဆော်အပ်ခြင်း

မြောက်ပိုင်း လူသတ်မှု့ကိစ္စအတွက် တပ်ရင်းမှူးကိုသိုက်ထွန်းဦးနဲ့ ထိန်လင်း ဆွေးနွေးခြင်း..


88KhuDaun88 ©

TOP