Saturday, February 25, 2012

မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ ( အပိုင်း - ၁၁ )

မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ ( အပိုင်း - ၁၁ )
“ ပေးဆပ်ခဲ့သမျှ အတွက် ၊ မမေ့ကောင်းရာအဖြစ်၊ သစ္စာပန်းတစီး” ……..ကိုမင်းကိုနိုင်
“သမိုင်းရဲ့ အမှန်တရား ဆုံးဖြတ်ချက်ကို ဘယ်အရာနဲ့မှ ပြောင်းလဲလို့မရနိုင်ပါ” …ကိုမြတ်စံ

ကျောင်းသားတပ်မတော် မြောက်ပိုင်းဒေသမှာ ကျဆုံးသွားတဲ့ ကျောင်းသားရဲဘော်တွေအတွက် ရန်ကုန်၊ မန္တလေးမြို့တွေမှာ အခမ်းအနားလုပ်တဲ့အခါ ကိုမင်းကိုနိုင် နဲ့ ကျောင်သားတချို့ဟာ အပြင်းအထန် နေမကောင်းတဲ့ ကြားကနေ အခမ်းအနားကို တက်ခဲ့ကြတယ်၊ တိုင်းပြည်အတွက် အလုပ်များနေတဲ့ကြားကနေ၊ တခုတ်တရ တက်ရောက် ပြောဆိုဆွေးနွေးကြတယ် လို့ ဆိုတယ်။ သူတို့ရဲ့ စကားလုံးတွေကလည်း ရင်ကိုထိခပ် ခံစားစေခဲ့တယ်။ သမိုင်းရဲ့ အလင်းအမှောင်ကို နားလည်တန်ဘိုးထား သူတွေက၊ အဖြစ်အပျက်တွေကို ရှင်းရှင်းလင်းလင်း သုံးသပ်ခံစားတယ်။ လူ့အဖွဲ့အစည်းမှာ တရားမျှတမှုတွေ၊ မေတ္တာတွေထွန်းကားဖို့အတွက်၊ တည်ငြိမ်စွာဖြတ်သန်းကြတယ်။ ဆုံးရှုံးမှုနဲ့ ညီညွတ်မှုတွေရဲ့ အပေးအယူကို နားလည်ကြတယ်။
မြောက်ပိုင်းအရိုးတွန်သံများရဲ့ အဆင့် (၃) ကို ဖြတ်ကြတဲ့အခါ၊ ကျနော်တို့ကြိုတင်မျှော်လင့်ထားတဲ့အတိုင်းပဲ မျက်နှာဖုံးတွေ ကွာကျလာမယ်။ စိတ်ဓါတ်အဆင့်အတန်းတူရာ စုကြမယ်။ နိုင်ငံရေးသုံးသပ်နိုင်စွမ်းရေချိန်အနှိမ့်အမြင့်ပေါ်မှာ မူတည်ပြီး၊ ယုတ်မာ ရိုင်းစိုင်းမှု့ကို မလိမ့်တပတ်ကာကွယ်ချင်သူတွေ၊ အရက်ပုန်းရောင်းသူဆီမှာ တောက်တိုမယ်ရ အသုံးခံရသူတွေရဲ့ သွေးရူးသွေးတန်းတွေ စကားသံတွေကိုလည်း ရံဖန်ရံခါကြားနေရမယ်။ သူတို့ကိုတော့ “ ကမ္ဘာပျက်နေတဲ့အချိန်မှာ ရွာက ဇာတ်မင်းသားဂိုက် နဲ့ စတီဒီယို အဆိုတော် ဖြစ်ချင်သူတွေပါလား” လို့ နားလည်ပေးလိုက်ပါတယ်။ တကယ်တော့ ဒီလိုလူတွေကို စဉ်းစားနေစရာအကြောင်းမရှိပါဘူး။ ရာဇဝတ်မှုရဲ့ အရိပ်တွေက နွယ်မြက်ရိုင်းတွေလို တရိပ်ရိပ်တက် ချည်နှောင်နေတဲ့အချိန်မှာ ကြွင်းထဲက ကြွက်တွေဆိုတာ အပေါ်ကို မော့ကြည့်ရင်း စုတ်တသတ်သတ် ကျန်ရစ်ခဲ့ကြရမှာပါ။
ခွေးအ နှစ်ကောင်ကို အမဲလိုက်ခြင်း
တခါတုံးက လူဆိုးလူမိုက်ဆန်ဆန်အုပ်စုဖွဲ့ပြီး သခင်အားရ ကျွန်ပါးဝလုပ်၊ သူများတွေကို ဆဲဆို ခြိမ်းခြောက်လေ့ရှိတဲ့ လူတယောက်ကို မေးကြည့်မိဘူးတယ်။ ခြင်္သေ့ နဲ့ ခွေးအ ရဲ့ ကွာခြားမှုကို ရှင်းရှင်းလင်းလင်း နားလည်လား ဆိုတဲ့မေးခွန်းပါ။ ခြင်္သေ့ ဆိုတဲ့ ကောင်က တကောင်တည်းအမဲလိုက်ဖို့ဝန်မလေးဘူး။ လတ်လတ်ဆတ်ဆတ်အသားကို စားလေ့ရှိတယ်။ ခွေးအ ကတော့ အုပ်စုရှိမှ အမဲလိုက်ရဲလေ့ရှိတယ်။ သူတို့ရဲ့ထောင်ချောက်ထဲကို ဝင်လာမှ ကိုက်သတ်ရဲတဲ့ သတ္တိရှိတယ်။ သူများတွေရဲ့ စားကြွင်းစားကျန်တွေကို ကိုက်ချီစားသောက်ဖို့ ဝန်မလေးသလို၊ ယုတ်မာ ကောက်ကျစ်တဲ့အကြံတွေ ကျင့်သုံးဖို့လည်း ဝန်လေးသူတွေ မဟုတ်ဘူး။ အဖွဲ့အစည်း အသီးသီးက လူတွေဟာ အမှန်တရားကို ရှာဖွေတဲ့အခါ၊ မိမိတို့အနေနဲ့“ ခွေးအတွေ လား၊ ခြင်္သေ့ လိုမျိုး သတ္တိရှိသူတွေ လား” ဆိုတဲ့အချက်ကို ကိုယ့်ဘာသာ မေးခွန်းထုတ်ကြဖို့ လိုပါလိမ့်မယ်။
ဇော်ဇော်မင်း ( မိုးညှင်း) နဲ့ သန်းဇော် ( မန္တလေး) ဆိုတာ ကျောင်းသားတပ်မတော် ( မြောက်ပိုင်း) ဒေသဆီက အလင်းပြန်ဝင်လာတဲ့ ရာဇဝတ်ကောင် နှစ်ယောက်ပါ။ ဖေဖေါ်ဝါရီ (၁၂) အာသံကုန်းပေါ်က ခေါင်းဖြတ်သတ်ပွဲမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့သူတွေဖြစ်တယ်။ ဖမ်းခံထားရတဲ့ ကျောင်းသားတွေကို ရက်ရက်စက်စက် ညှင်းဆဲ နှိပ်စက်ခဲ့သူတွေဖြစ်တယ်။ ကျောင်းသားတွေကို သတ်ဖြတ်၊ လက်နက်ကိုင်တော်လှန်ရေးကို ဦးကျိုးအောင်ခဲ့၊ ကျောင်းသားတပ်မတော် ( မြောက်ပိုင်း) ကို သမိုင်းရဲ့ အပုတ်နံ့တွေ ထဲမှာ ပိုးစိုးပက်စက် ထားပစ်ခဲ့ပြီးတဲ့နောက်၊ သူတို့ဟာ တာဝန်တခုပြီးဆုံးသွားပြီ လို့ ယူဆ ဟန်တူပါတယ်။ ဗမာပြည်ထဲကို လက်နက်ချ အလင်းဝင်လာခဲ့ကြပါတယ်။ မြောက်ပိုင်းဒေသမှာ ရန်သူ့သူလျှို လို့ စွပ်စွဲခံရတဲ့သူတွေက စစ်အစိုးရရဲ့ အကျဉ်းထောင်တွေထဲမှာ ခါးသီးနာကျင်စွာ ရှင်သန်နေရချိန်မှာ၊ ရာဇဝတ်ကောင် နှစ်ဦးဖြစ်တဲ့ ဇော်ဇော်မင်း နဲ့ သန်းဇော် တို့ကတော့၊ စစ်ထောက်လှမ်းရေးတွေနဲ့ စီးပွားရေးလုပ်အကာအကွယ်ယူပြီး ဆောင့်ကြွား ဆောင့်ကြွား လျှောက်သွားနေခဲ့ကြပါတယ်။ ပြန်တွင်းကို ထွက်ပြေးလွတ်မြောက်လာတဲ့ ကျောင်းသားတွေက “ ခင်ဗျားတို့က ဘာတွေလဲ ကျနော်တို့ကိုကျတော့ ရန်သူ့ထောက်လှမ်းရေး လို့ စွပ်စွဲ၊ နှိပ်စက် ညှင်းပမ်းခဲ့ပြီး အခုကျတော့ ခင်ဗျားတို့က စစ်ထောက်လှမ်းရေးတွေနဲ့ပေါင်း ဒီမိုကရေစီအင်အားစုတွေကို၊ ချေမှုန်းနေတယ်။ နှောက်ရှက်တားဆီးနေတယ်” လို့ မျက်နှာချင်းဆိုင်သွားပြောပြီး စိန်ခေါ်ကြတဲ့အခါ၊ အဲ့ဒီ ရာဇဝတ်ကောင် နှစ်ကောင်က စစ်ထောက်လှမ်းရေးတွေဆီ ပြေးကပ်ပြီး ကျောင်းသားတွေဟာ သူတို့ကို ရန်လုပ်နေတဲ့အတွက် အကာအကွယ်ပေးပါ လို့ အကူအညီတောင်းခဲ့ကြပါတယ်။ စစ်ထောက်လှမ်းရေးတွေကလည်း သူတို့ရဲ့ လူနှစ်ယောက်ကို အကာအကွယ်ပေးခဲ့ပါတယ်။ “ဇော်ဇော်မင်းနဲ့ သန်းဇော်ကို နှောက်ရှက်တဲ့သူ ဘယ်သူမဆို၊ အဖမ်းခံရမယ်” အထိ ပေါ်ပေါ်တင်တင် ခြိမ်းခြောက်ခဲ့ကြပါတယ်။
ကျောင်းသားတပ်မတော် မြောက်ပိုင်း မျက်နှာဖုံးစွပ်ထားခဲ့ပြီး၊ စစ်ထောက်လှမ်းရေးနဲ့ ပလူးပလဲလုပ်နေတဲ့ ဇော်ဇော်မင်းနဲ့ သန်းဇော် တို့ဟာ တောထဲမှာ သူတို့နှိပ်စက်သတ်ဖြတ်ခဲ့တဲ့ ကျောင်းသားတွေ၊ ဝိညာဉ်တွေအပေါ်မှာ၊ ယနေ့တိုင် မထေမဲ့မြင် ပြုလုပ် စော်ကားနေဆဲဖြစ်ပါတယ်။ ဒါပေမဲ့ ပါဂျောင်ဒေသတုံးကလို ကျောင်းသားတွေကို နှိပ်စက်သတ်ဖြတ်ဖို့၊ သူတို့အတွက် အခွင့်မသာတော့ဘူး ဆိုတာကိုလည်း နားလည်နေပုံရပါတယ်။ ဒီလို ခွေးအ နှစ်ကောင် ဟာ ရွှေဝါရောင်တော်လှန်ရေးမတိုင်ခင်က ကျောင်းသားခေါင်းဆောင်တွေ၊ ဒီမိုကရေစီရေး အင်အားစုတွေကို အုပ်စုဖွဲ့ အနိုင်ကျင့်ဖြိုခွဲခဲ့တဲ့ စွမ်းအားရှင်တွေနဲ့ အဆင့်အတန်းအတူတူပဲဖြစ်တယ်။ စွမ်းအားရှင်တွ၊ ကြံ့ဖွံ့တွေ ဆိုတာ တယောက်ချင်းစီ နေထိုင်နေတဲ့အခါ သိတ်ကြောက်တတ်ပါတယ်။ အုပ်စုရှိမှ၊ အကာအကွယ်ရှိမှ မိုက်ရိုင်းကြမ်းကြုတ်တဲ့အလုပ်ကို လုပ်ရဲခဲ့ကြတာပါ။ ဘယ်လိုပဲဖြစ်ဖြစ်၊ စိတ်ရောဂါပညာရှင်တွေရဲ့အဆိုအရတော့ အကြမ်းဖက်မှုတွေကို မီးကုန်ယမ်းကုန် ကျူးလွန်ခဲ့မိသူတိုင်းမှာ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာနှစ်ခုစလုံးမှာ အကြီးမားဆုံး ချို့ယွင်းချက်၊ အားနည်းချက်တွေ အပြည့်ရှိကြတယ် လို့ဆိုတယ်။ အာသံတောင်ကုန်းရဲ့ လူမသိသူမသိ တောနက်နက်ထဲမှာ ကျောင်းသားသွေးကို သောက်ခဲ့တဲ့ ခွေးအ နှစ်ကောင်ရဲ့ အားနည်းချက်ကို စောင့်ကြည့်ကြရပါမယ်။ မန္တလေး၊ မိုးညှင်း၊ မိုးကောင်း ဘက်က သတင်းမီဒီယာသမားတွေ၊ ဒီမိုကရေစီ အင်အားစုတွေ အနေနဲ့ သူတို့ရဲ့ လက်ရှိပုံပန်းသဏ္ဍန်တွေ၊ လှုပ်ရှားမှုတွေ ကို အဆက်မပြတ်မှတ်တမ်းတင်ထားပြီး၊ ဓါတ်ပုံတွေကို ပြည်သူလူထုကြားမှာ ဖြန့်ထားပေးသင့်ပါတယ်။ တချိန်ချိန်မှာ အသုံးဝင်လာမှာမို့ပါ။
၁၉၉၀ ဗကသများ ညီလာခံ

အမေရိကားမှာ ABSDF ခေါင်းဆောင်တယောက်နဲ့ ဆုံတွေ့တုံးက “ ၁၉၉၀ မန္တလေးမှာ ကျင်းပတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ ညီလာခံမှာ ကျောင်းသားတပ်မတော် ( မြောက်ပိုင်း) ကိုယ်စားလှယ်တွေ လာရောက်တက်ခဲ့ကြတာ သိလား” လို့ မေးခဲ့မိတယ်။ သူက မြေပေါ်ကျောင်းသားလှုပ်ရှားမှု သမိုင်းနဲ့ တော်တော်အလှမ်းဝေးပါတယ်။ “ မသိဘူး” တဲ့။ ကျနော် စိတ်တော်တော်လေသွားတယ်။ တခါတလေ ဒီလူတွေ မြေပေါ်ကျောင်းသားလှုပ်ရှားမှု့ သမိုင်းကို မသိပဲနဲ့ ခင်ဗျားတို့ ဘယ်လို တော်လှန်ရေးလုပ်လဲ လို့ မေးကြည့်ချင်တယ်။ ဘာမှလည်း ဇြစ်လာမှာမဟုတ်တော့ မမေးဖြစ်ခဲ့ပါဘူး။
တကယ်တော့ မစိုးရိမ်တိုက်ဟောင်းထဲမှာ ဗကသ ရဲဘော်တွေရဲ့ ဧည့်ဝတ်ကျေမှုကို မြိန်ရည်ရှက်ရည် စားခဲ့ကြတဲ့ မြောက်ပိုင်းဒေသမှ ကျောင်းသားတပ်မတော်ရဲဘော်တွေအနေနဲ့ မန္တလေး၊ ရန်ကုန်မှ တောခိုလာတဲ့ကျောင်းသားတွေဟာ ရန်သူ့ သူလျှို မဟုတ်ဘူး ဆိုတာ ကောင်းကောင်းသိကြပါတယ်။ ဒါဖြင့် ဒီလို ရက်ရက်စက်စက် နှိပ်စက် ညှင်းပမ်းမှုကြီးကို ငြိမ်သက်စွာ ထိုင်ကြည့်နေခဲ့တာဟာ ဇော်ဇော်မင်း တို့နဲ့ အတူ ပူးပေါင်းကြံစည်ခဲ့တာလား။ မတတ်သာလို့ ဝင်ရောက် မစွက်ဖက်ခဲ့တာလား။ ခွပ်ဒေါင်းအလံတော်အောက်မှာ ကိုယ့်ရဲဘော်ချင်း လုပ်ကြံသတ်ဖြတ်မှုကို ကျူးလွန်ခဲ့သူတွေက သူတို့ရဲ့ လိပ်ပြာတွေကို ဘယ်လိုသန့်စင်ကြမလဲ။ သစ္စာအဖောက်ခံလိုက်ရတဲ့ မြို့က လူတွေအတွက်တော့၊ အမှန်တရား ပေါ်ပေါက်ရေးကလွဲလို့ မည်သည့်အဖွဲ့အစည်းကိုမှ ဂရုစိုက်နေမှာ မဟုတ်ဘူး ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း နားလည်ထားဖို့ လိုကြပါလိမ့်မယ်။ ကျောင်းသားထု ညီညွတ်ရေး နဲ့ အဖွဲ့အစည်းခေါင်းဆောင်တွေရဲ့ ဂုဏ်သိက္ခာရှိမှု၊ မရှိမှု ဆိုတာ၊ အမှန်တရားပေါ်မှာ ဘယ်လောက် သတ္တိရှိရှိ ရပ်တည်တိုက်ပွဲဝင်သလဲ ဆိုတဲ့အချက်ပေါ်မှာ အဓိက မူတည်ပါတယ်။ တရားမျှတမှုကို “ဘူး”ကွယ် ငြင်းပယ်နေတဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေနဲ့ ညီညွတ်စရာ အကြောင်းတစက်မှ မရှိပါ။

သတင်းမီဒီယာခေတ်ကြီးမှာ၊ ဇီဝလက်နက်၊ ဓါတုလက်နက်တွေနဲ့ အကြမ်းဖက်နေတဲ့ ခေတ်ကြီးမှာ ----
အနှစ်မပါတဲ့ ဟန်ရေးပြမှုတွေကို ကျော်လွန်ပြီး ၊ တယောက်နှလုံးသားကို တယောက် အကဲခပ်တတ်ဖို့ လိုပါလိမ့်မယ်။

မြောက်ပိုင်းဒေသမှာ ဖြစ်ပွားခဲ့တဲ့ အစုလိုက်အပြုံလိုက်လူသတ်ပွဲနဲ့ ပတ်သက်ပြီး၊ ကာယကံရှင်တွေရဲ့ ပြောဆိုသံတွေကို ဆက်လက်နားစွင့်သွားပါမယ်။ ဘယ်သူ ဘာလဲ ဆိုတာရှင်းရှင်းလင်း သိရှိနားလည်နေကြမှတော့၊ ကိုယ့်ရဲ့ နည်းဗျူဟာတွေကို စံနစ်တကျ တည်ဆောက်ကြရပါလိမ့်မယ်။ တရားကို နတ်စောင့်ပါတယ်။ နစ်နာခံစားရသူတွေအားလုံးအတွက် တရားမျှတတဲ့ မနက်ခင်း မကြာခင် လင်းလက်တောက်ပနိုင်စေရပါမယ်။
အောင်မိုးဝင်း

Thursday, February 23, 2012

အေဘီမြောက်ပိုင်းကေ့စ်ကို ဖြန့်ကျက်တွေးတောမိသောအခါ...

အေဘီမြောက်ပိုင်းကေ့စ်ကို ဖြန့်ကျက်တွေးတောမိသောအခါ...

2011 ရဲ့ ဒီဇင်ဘာညချမ်း တိတိကျကျ ပြောရရင်တော့ (18)ရက်နေ့ ညမှာ အမတစ်ယောက်တင်လိုက်တဲ့ လင့်ခ်ကိုဝင်ဖတ်မိပါတယ် ပန်းချီထိန်လင်းရေးတဲ့ ကျနော်သန်းကြွယ်သူဌေး ဖြစ်ခဲ့စဉ်က ဆိုတဲ့ ပို့စ်ကလေးပါ... ပန်းချီဆရာရဲ့ ပန်းချီကိုတခါမှ မကြည့်ဖူးပေမဲ့ ပန်းချီဆရာရေးတဲ့ပို့စ်က တော်တော်လေးပေါက်ပြီး အဖြစ်အပျက်တွေကို ကွက်ကွက်ကွင်းကွင်း မြင်လာအောင် စာဖတ်သူတွေကို ချပြနိုင်ခဲ့ပါတယ်... ဒါက ပထမဆုံး ခေါင်းလောင်းထိုးသံလေးပါ... ဒါတွေကို ကိုမောင်မောင်ဝမ်းကလဲ မှန်မှန်ကြီး တင်ဆက်ပေးနေပါတော့တယ်... အဲ့ဒီနောက်မှာတော့ ကိုကျော်ကြီးအေဘီ(ညီညီကျော်)၊ ကိုအောင်မိုးဝင်း၊ ကိုလင်းဝေအောင်၊ ကိုမောင်မောင်(ရွှေကရဝိတ်)၊ မနန်းအောင်ထွေးကြည်(မငယ်) စသည်ဖြင့် နာမည်အရင်းတွေနဲ့ ရဲရဲရင့်ရင့် ပြတ်ပြတ်သားသား ချရေးပြကြပါတယ် (ရေးကြသူတွေများ
လို့ကျနော် မေ့ကျန်သူတွေလဲရှိနိုင်ပါတယ်)၊ ပို့စ်ချရေးသမျှ လူတွေမှာ အေဘီလူဟောင်းတွေရော၊ အပြင်လူတွေပါ အားဖြည့် လာကြပါတယ်... နောက်ဆက်တွဲ အဖြစ်နဲ့ ပန်းချီထိန်လင်းက ကျနော်လူကက်ဆက် အပိုင်းနှစ်ခုကလဲ ခရေစေ့တွင်းကျ ချပြနိုင်လိုက်လေတော့ စာဖတ်သူတွေ ဟာကနဲ ဟင်ကနဲ ဖြစ်သွားကြရှာပါတယ်... စိတ်မကောင်းစရာပါ အဖြစ်အပျက်က ပြန်ရေးပြရတာတောင် ရင်နာစရာပါ... သို့သော်လဲ စာရေးသူတွေဟာ အေဘီအက်စ်ဒီအက်ဖ်ကို ထိခိုက်သွားစေခြင်း တစုံတရာမပါအောင် ဂရုတစိုက်ရေးချပြနိုင်ကြပါတယ် (သဘောထားကြီးကြပါတယ်.. ကျနော်ဆိုအဲ့လိုမလုပ်နိုင်ပါဘူး)... ခုချိန်မှာ အေဘီကမဟုတ်သူ ကျနော်ကသာ (အေဘီကို ဘာရုပ်မှ မပေါက်တော့ဘူး) (ကျီးအာသီးလိုဖြစ်နေပြီ) (ကင်ဆာပြန့်နှံ့နေတဲ့ လူမမာလိုပဲ ဖုတ်လှိုက်ဖုတ်လှိုက်နဲ့ သေတော့မှာ) စသည်ဖြင့် အမနာပ ကွန်မန့်ရေးပါတယ်... ဘာကြောင့်ဒီလို ရေးသလဲ ဆိုတော့ ကျနော် အားကျခဲ့ဘူးတဲ့ အေဘီမှာ အေဘီဟောင်း/လက်ရှိအေဘီ တော်တော်များများတွေဟာ ရဲဘော်ရဲဘက်စိတ် မရှိကြပါဘူး အမတစ်ယောက် ရေးတဲ့ပို့စ်တခုပဲ ဖတ်ခဲ့ရဖူးပါတယ်... အေဘီကို အမည်ခံပြီး ကိုယ့်လွတ်မြောက်မှု့ကို ခုချိန်ထိ အားထုတ်နေကြလို့ပါ... စိတ်မနာပါနဲ့ ပြန်စမ်းစစ်ကြည့်ပါ... အခုကေ့စ်ကို ဖော်ပြနေသူအေဘီဟောင်းတွေက သမဂ္ဂရဲ့ အလံတော်အောက်မှာ သီချင်းဆိုနေကြတုန်း ချစ်နေကြတုန်းပဲ... စီနီယာတွေ၊ ရဲဘော်တွေ (ဘယ်သူမှ မကယ်လို့ ကိုယ်တိုင်ထွက်ပြေး လွတ်မြောက်လာသူတွေ) ကို မကဲ့ရဲ့ပါနဲ့... ဘယ်သူမှ လွှတ်မပေးလို့ ကိုယ်တိုင်ကြိုးစားခဲ့ရတာပါ... ပါဂျောင်ထောင်အပြင် ရွှေပြည်ကြီးက ထောင်တွေမှာပါ ကျခံရသူတွေပါ... ဒါတွေကို ရေးပြရတာက ဆင်ခြင်သုံးသပ်နိုင်အောင်ပါ ကိုယ်တဖက်တည်း မှန်ကန်ပါတယ် ထင်နေရင်လဲ ထောင့်ပေါင်းစုံကနေ လေ့လာပါ... မြောက်ပိုင်းကေ့စ်ကို ရေးကြသူတွေက ပြတ်ပြတ်သားသား စိန်ခေါ်နေတာပါ လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှ မြည်တာပါဗျာ... တဖက်ကလူတွေက ငြိမ်ပြီးတီးဖို့ မကြိုးစားလေတော့ သူတို့ခမျာ တဖက်တည်းနဲ့ ရသလိုတီးရတော့ လက်ဖျောက်တီးပြီး ခွေးခေါ်သလို ဖြစ်နေတယ်... တချို့တလေကတော့ ပို့စ်အနေနဲ့ မရေးရဲကြလေတော့ ကွန်မန့်ထဲမှာ လာလာအာတာမြင်ရပါတယ်... အထောက်အထားတွေ၊ သက်သေတွေ၊ စာရွက်စာတမ်းတွေ ရှိပါသတဲ့... ချပြပါမြင်ချင်ပါသေးတယ် ဗဟုသုတရတာပေါ့... နောက်ပြီး ဒီလူတွေ ရေးတာ အမှားတွေပါတဲ့ အမှန်သိချင်ရင် အေဘီမှတ်တမ်းရုံးမှာ လာလေ့လာဦးဆိုတော့ ဦးဇင်းဒသပြောသလို နောက်တခါ သတ်ချင်သေးလို့ ထင်ပါရဲ့ ထားပါတော့လေ... အေဘီအပေါ်မှာ စေတနာမှန်ရင် ရေးသားရဲကြပါလို့ တိုက်တွန်းလိုက်ပါတယ် အမည်လဲမပါ လိပ်စာလဲမသိ ဘယ်နိုင်ငံက လူတွေမှန်းမသိတဲ့ ကြေငြာချက်တို့ စာတမ်းတို့ လာမချပြပါနဲ့ တော်ကြာ ဟိုတလောက လူ၁၀၀ သတ်ဖူးတယ် လူ၁၀၀၀ သတ်ဖူးတယ်ဆိုတဲ့ ရီစရာကောင်းတဲ့ လူတွေလို ဖြစ်နေတယ်... အခုကေ့စ်မှာ 1992 ကနေ ယနေ့အထိ အေးရာအေးကြောင်း နေလာကြပြီးပြီပဲ ပါဝင်ပတ်သတ်သူတွေ ကိုယ်တိုင်ကလဲ မငြင်းကြပါဘူး လူတွေသတ်ခဲ့ပါတယ်တဲ့ သိကြကြားကြ သူတွေကလဲ အမှန်တကယ်ဖြစ်ခဲ့တာကို ပြောပေးကြလို့ ကျေးဇူးပါ ဒါဆိုလူသတ်မှု့ (လူသေမှု မဟုတ်ပါ) ဖြစ်ကြောင်း သေချာသွားပါပြီ... ပထမတော့ လူသတ်သမားက လက်ဆယ်ချောင်းတောင် မပြည့်ပါဘူး... အောင်နိုင်၊ မျိုးဝင်း၊ သံချောင်း၊ လှဆိုင်း၊ သန်းဇော်၊........။ နောက်တော့ သေသူတွေထဲမှာ ဗဟိုကလူတွေလဲ ပါတယ်ဆိုတော့ ဗဟိုပါ ပါသွားပြီ... တောင်ပိုင်းက လာရောက် ပူးပေါင်းသူတွေလဲ ပါတယ်၊ တယောက်ကိုပဲ ကယ်တင်ပြီး ကျန်သူတွေကတော့ မသိဘူးတဲ့ တောင်ပိုင်းပါ ပါဝင်လာပါတယ်... ဇာတ်ကတော်တော် ရှုပ်လာပါပြီ... အခြားအဖွဲ့အစည်းတွေကရော... လူတွေမေးလာကြပြီ ကေအိုင်အေက မငယ်ကို ကယ်သွားလို့ အခုမှ မချိတင်ကဲ မသတ်လိုက်ရလေခြင်း ဆိုပြီး စိတ်မကောင်း ဖြစ်နေကြတယ်ဆိုပဲ စိတ်ပျက်စရာပါ အေဘီဖွဲ့ကာစက အမတယောက်ရေးထားတာ ဖတ်ရတဲ့ အတွက် အေဘီကို ဘယ်လိုထူထောင်တယ် ဘယ်လို အခက်အခဲတွေကြောင့် နေရာတွေ ခွဲသွားကြရတယ် ဆိုတာ ဖတ်ပြီးတဲ့နောက်မှာ အေဘီဟာ မနုနယ်တော့တဲ့ သက်တမ်းလေးနှစ်သား အဖြစ် 1992က အဲ့ဒီကေ့စ်ဖြစ်နေစဉ် မြင်တွေ့ပြီးနောက်မှာ မတော်တဆ အမှား မဟုတ်ပါဘူး(ရည်ရွယ်ချက်ရှိရှိ)လို့ သုံးသပ်မိပါတယ်... အေဘီဟာ စည်းကမ်းတကျ ဖြစ်နေပြီ ဆိုတာ အဲ့ဒီအမက ချရေးပြလိုက်တာပါ... အေဘီမှာ အဲ့ဒီအဖြစ်ကို မဆွေးနွေးကြဘူးလား မသုံးသပ်ကြဘူးလား ဝက်တကောင်ကို ကြိုးတုပ်ပြီး ခုတ်သတ်သလိုမျိုး ဖြစ်မနေဘူးလား အေဘီကလူတွေက ဒီရဲဘော်တွေ (လက်တွဲလုပ်ကိုင်ဖူးသူတွေ ရှိနေပါသေးတယ်) မသိကြလို့လား သူလျိုဖြစ်နေရင်တောင်မှ ဒီလိုလုပ်ခွင့် ရှိပါသလား(သူလျိုမဟုတ်ဘူးလို့ ရေးတင်ကြသူတွေရဲ့ စာတွေ ဖတ်ကြပါဦး) ထွက်ပြေးလာသူတွေကတော့ ထားပါတော့ အသတ်ခံရသူတွေက တကယ့် တော်လှန်ရေးသမားစစ်စစ်ကြီးတွေ မြေပေါ်ကော မြေအောက်ကော(ဗကသ/အေဘီ) မှာပါ လှူပ်ရှားဖူးသူတွေ မဟုတ်ဘူးလား ထင်ရှားတဲ့ အမာခံကျောင်းသားတွေချည့်ပဲ ဖက်ဆစ်ဂျပန်ထက် ဆိုးတဲ့ နည်းတွေနဲ့ သတ်ဖြတ်ပြစ်ကြတယ် ချုပ်နှောင်ထားသူတွေကိုလဲ ထပ်သတ်ဦးမှာပဲ (ဒါကြောင့် ထွက်ပြေးကြတာ) အသတ်မခံရ အချူပ်နှောင်မခံရသူတွေကလဲ သူတို့ဘယ်နေ့ အဲ့ထဲကို ရောက်မလဲ တွေးပူနေရမှာပဲ... ဒါကြောင့် ဒီလိုမတရားလုပ်နေတာကို အံကြိတ်လက်ပိုက် ကြည့်နေကြရတာ ဖြစ်မှာပါ... ဗဟိုကလူတွေ လာတယ် သွားတယ် တောင်ပိုင်းက သိတယ် ကယ်တယ်/မကယ်ဘူး ဒါတွေအပြင် ကြားဖူး မြင်ဖူး တွေ့ဖူးသူတွေကရော နှုတ်ပိတ်နေကြတာ အင်မတန် ရှက်စရာ ကောင်းပါတယ် ရွံစရာလဲ ကောင်းပါတယ်... အေဘီပျက်စီးရာ ပျက်စီးကြောင်းဆိုရင် အဲ့လူတွေကို လက်ညိုးထိုးကြပါ... စသိကာစကတော့ ပိုက်ကွန်နဲ့ အုပ်လိုက်ရုံပဲ ထင်ထားတာ နောက်တော့ အဝိုင်းအဝန်းက ကျယ်လာပါတယ် ကမ်းနားမှာတင် ဆွဲပိုက်ဆွဲသလို ဆွဲတင်လိုက်ရင် ပြီးပြီလို့ ထင်ထားမိတာ... အခုတော့ ခောတ်မှီသင်္ဘောတစင်းနဲ့ ပင်လယ်ပြင်အနှံ့ သုံးထပ်ပိုက်ကြီးချပြီး ခဲကော သဲကော အမှိုက်ကော အကုန်ဆွဲတင်ဖို့ ဖြစ်သွားပြီ... ကျနော့်အမြင် လူတရာကျော်ကျော် ပါဝင်ပတ်သတ်နေပြီး တချို့ဆိုရင် သတင်းမှန်မှန်ကြီး တင်ပေးနေရာကနေ မြောက်ပိုင်းကေ့စ်ကို မပတ်သတ်တော့ဘူးတဲ့ အံ့သြစရာပါ... မင်းသားကြီး မလုပ်ရလို့ ပတ်မကြီး ထိုးဖောက်တယ်လို့ သုံးခါထက်မနဲ ပြောသွားတဲ့ သူကိုလဲ သနားလိုက်တာ "ကျနော် ကမ္ဘာမကျော်ချင်ဘူးဗျာ... အဲ့ဒါ တကမ္ဘာလုံးသိအောင် ဘယ့်နှယ့်လုပ်ရမတုန်း" ဆိုတာမျိုးဖြစ်နေတယ်... ပထမတော့ ဒီလူတွေ ဒေဝဒတ်ကို ဆရာတင်မိနေပြီလို့ ထင်ပြီးသနားနေတာ အပြောအဆိုတွေကလဲ ရွံစရာတောင်ကောင်းတယ် တိုင်းပြည်က ဒီမိုလမ်းကြောင်းပေါ် လျှောက်နေပြီမို့လို့ အေဘီက (အလင်းဝင်ဖို့) ကြိုးစားနေတာကို မသမာသူတွေက ဖျက်ဆီးနေသတဲ့... 1992 ကနေ အခုအထိ ပါဝင်ပတ်သတ် နေကြတယ်... အားနာပါးနာနဲ့ မေးလိုက်ဦးမယ် ဝါရင့်သဘာရင့်ကြီးတွေတောင် 1992 ကအမေရိကား ရောက်သေး/မရောက်သေး ဆိုတာကော သိဖို့မလိုဘူးလား... ဥက္ကဌကြီးကိုလဲ မေးလိုက်ပါဦး မှော်(ဖားကန့်)ထဲမှာ ကိုရန်ရှင်းနဲ့ မန္တလေးက ရဲဘော်တယောက် ဘယ်လို အသတ်ခံရသလဲ လဲသိချင်ပါသေးတယ်လို့... တလောက အမေရိကန်နိုင်ငံသားအဖြစ် ပြည်တော်ခဏ ပြန်ဝင်လာတဲ့ ကိုကိုတောင်မှ လေးလက်မသံကြီးကို အိပ်ကပ်ထဲက ထုတ်ပေးလိုက်သတဲ့ ဘယ်သူ့စအိုထဲကို မီးဖုတ်ပြီး ထိုးထဲ့ခဲ့ပါသလဲ... အေဘီကို ချစ်တယ်ဆိုရင် ဒေဝဒတ်ကိုချည့် ဆရာတင်မနေကြပါနဲ့ အဇာတသတ်လို ဟိုးးးးးရှစ်ထပ်မှာ ဂျိုးကပ်ပြီးနေနေရဦးမယ်...
နောက်ပြီး မြောက်ပိုင်းမှာ ကြွေလွင့်သွားရရှာတဲ့ ကိုကြီး(ကိုထွန်းအောင်ကျော်)၊ မချို(မခင်ချိုဦး)နဲ့ အခြားရဲဘော်ရဲဘက်တွေ ခင်ဗျားတို့ စီနီယာတွေကို ၁၀ရက်နေ့ ရန်ကုန်ပွဲမှာ ကိုမင်းကိုနိုင်(ကိုပေါ်ဦး)၊ ၈၈မျိုးဆက် အသစ်ကလေးတွေကော အဟောင်းတွေကော လာပြီးဂုဏ်ပြုကြသတဲ့ နေမကောင်းတဲ့ကြားက ဘိုဘို့အမေတို့ ကိုကျော်နိုင်ဦး(ကိုကြာင်) တို့နဲ့ စကားလက်ဆုံကျနေသေး ဘာတွေပြောဖြစ်ကြသလဲ တောင်သိချင်မိသေးတယ် ကိုပေါ့်ဘေးနားမှာ ပန်းချီထိန်လင်း တရားနာနေလေတော့ ဘယ်နှယ့်လုပ်ကြမတုန်း... နောက်မန်းလေးပွဲ ၁၂ရက်ပြည်ထောင်စုနေ့မှာ ကိုမြအေး၊ ကိုထွန်းမြင်အောင်နဲ့ ၈၈မျိုးဆက် အသစ်တွေကော အဟောင်းတွေကော လာပြီး ဂုဏ်ပြုကြသတဲ့ သူလျိုမဟုတ်ပါဘူးဗျာ အသက်ချင်း လောင်းကြေးထပ်လိုက်ချင်ပါတယ်တဲ့... ... နောက်ပြီး ၁၃ရက်နေ့ ရန်ကုန်နောက်ထပ်တပွဲမှာ မနီလာသိန်းတို့တောင် လာသတဲ့ဗျာ... ပြည်သူတွေ အမြင်ရှင်းအောင် တိတိကျကျလေး ရှင်းလင်းကြရင် ပိုအဆင်မပြေဘူးလား ခုတော့ တခါလာလဲ သက်သေရှိတယ် အထောက်အထားတွေ ရှိတယ် ဘာရှိတယ် ညာရှိတယ်နဲ့... အေဘီအရိပ်ကို ခိုပြီး နဲနဲလေးလဲ ရှက်ကြပါဦး... တဖက်က ဟမ်ဘာဂါကိုင် တဖက်က ဆိုဒါပုလင်းကိုင်ပြီး ပြည်သူတွေလဲ ဒီလိုပဲ စားနေရမှာပါလေ လို့များ တွေးထားရင်တော့ ပြည်သူ့အတွက်ဆိုတာကြီးကို ခေါင်းထဲက ထုပ်ပစ်ပြီး ကိုယ့်တကိုယ်စာ ကိုယ်လွတ်ရုံးသူအဖြစ် တတိယနိုင်ငံတွေမှာ အပုန်း(အပုန်းတွေကိုတောင်အားနာပါရဲ့) ဘဝနဲ့ နေကြပါ... လက်မဆေးပဲနဲ့များ ထမင်းဝိုင်း ဝင်ချင်သေးသတဲ့လားဗျာ... ဆပ်ပြာနဲ့ မဆေးနိုင်ရင်တောင် ရေလေးနဲ့ပဲ ဆေးပြီးလာခဲ့စမ်းပါ ပြည်သူတွေက သူရဲကောင်းအဖြစ် ကြိုနေမှာပါ... အခုတော့ တချို့တချို့တွေက လင်တော့ ယူချင်သား ဗိုက်ကြီးမှာ ကြောက်တယ် ဆိုတာမျိုးဖြစ်နေပြီ... အပြစ်ရှိတယ် ထင်ပါသလား အချိန်မနှောင်းသေးခင် ဆေးကြောလိုက်ပါ... အလကား သွားပုပ်လေလွင့် ပြောနေမဲ့အစား အခုနေခါမှာ တိုင်းပြည်က တကယ်လုပ်အား လိုအပ်နေချိန်မှာ ဒါတွေမေ့ထား ငါတို့ ပြည်တော်ပြန်ရေး အဓိကထားဆိုတော့ တရားနည်းလမ်းကျပါရဲ့လား... သတင်းနဲ့ ဆက်သွယ်ရေး ခောတ်ထဲမှာ မီဒီယာကို မီဒီယာနဲ့ တိုက်ချင်ရင်လဲ တိတိကျကျလေး လုပ်ပေါ့ဗျာ... ပတ်မကြီးထိုးဖောက်မဲ့ ကောင်က ဘယ်သူလဲ??? ဘယ်သူနွားလဲ ဘယ်သူကျားလဲ ပြည်သူကို အဆုံးအဖြတ်ပေးခိုင်းပါ... ပြည်သူကို ဒီကေ့စ်တရားဝင် ချပြလိုက်ရင် အကယ်ဒမီတွေ တလှေကြီး ရသွားဦးမယ်... စတုတ္တမဏိုင် မီဒီယာတွေကကော တိကျသေချာစွာ ပြည်သူကို သတင်းပေးနိုင်နေပြီလား ပြည်သူကကော ယုံကြည်လျှက်ပဲလား... ဝေဖန်စောကြောကြဦး... တခါတလေ ယုန်ထောင် ကြောင်မိ အဖြစ်ကိုလဲ ထည့်သွင်း စဉ်းစားဦး... ကိုယ်ကပြောနေတာက တမျိုး ပြည်သူသိထားတာက တမျိုး မခက်ဘူးလား... ကိုယ်ရှူးကိုယ်ပတ်နေဦးမယ်... အခုကိစ္စကို ဖော်ထုတ်သူတွေဟာ အပုန်းတွေ မဟုတ်ဘူးဆိုတာ သိထားပါ... ကျနော်တယောက်ပဲ နာမည်ပြောင်နဲ့ နေနေတာပါ... အချိန်မရောက်သေးတော့ ဒီနာမည်လေးနဲ့ပဲ သိထားပေးပါ... တိတိကျကျ ပြောပြပါ့မယ် ဆိုတာလဲ ဝန်ခံပါရစေ... နောက်ပြီးတော့ ကျနော်က ဒီလူတွေနဲ့ လက်တကမ်းမှာ နေနေရလေတော့ ကျနော့် လုံခြုံရေးအရပါ... နာမည်မကြီးချင်ဘူးဗျာ.ဒါကြောင့်ပါ... တိုင်းပြည်ပေါ်မှာ ပေါက်နေတဲ့ မြက်ရိုင်းတပင် နှုတ်မပေးဖူးတဲ့သူပါ... ဒါပေမဲ့ မြက်တွေ အားရပါးရ စားပြီး မင်းတို့ မြက်နှုတ်ပေးဖူးပါသလား လို့ မေးနေတဲ့ လူတွေထက်တော့ တိုင်းပြည်ကို ချစ်ပါသေးသဗျ..... အေဘီအက်စ်ဒီအက်ဖ်ကို ကယ်တင်ချင်ရင် ကိုယ့်ကိုယ်ကိုယ် ပြန်မေးလိုက်ပါ ငါ့လက်တွေ သန့်ရှင်းပါသလားးး လို့..............
အခုတော့ ဒီနာမည်လေးပဲ သိထားပေးပါဗျာ
ဘရာဇီး ငှက်ရိုး(အေဘီအက်စ်ဒီအက်ဖ်ကို စေတနာထားရေးပါတယ်)

Wednesday, February 22, 2012

ဘာကြောင့် ကိုယ့်ကိုယ်ကို ထောက်လှမ်းရေးပါ လို့ဖြောင့်ချက်ပေးခဲ့ကြတာလဲ ?

ဘာကြောင့် ကိုယ့်ကိုယ်ကို ထောက်လှမ်းရေးပါ လို့ဖြောင့်ချက်ပေးခဲ့ကြတာလဲ ?

ဒီမေးခွန်းဟာ ကျွန်တော့ကို ခဏခဏအမေးခံရတဲ့ မေးခွန်းတစ်ခုပါ။ABSDF(NB) ပါဂျောင်စခန်းမှာ လူသတ်ပွဲကြီးဖြစ်ပြီးတဲ့နောက်ပိုင်း ကျွန်တော့ရဲ့ညီ-ညီညီတစ်ယောက် ကျောင်းသားတပ်ဖွဲ့ကနေ KIA ဘက် ကိုရောက်ရှိသွားပြီးတဲ့နောက် ကျွန်တော်ပါဂျောင်မှာရှိတဲ့ KIA ရဲ့ NEW CAMP ခေါ် လိုင်စင်စခန်းနဲ့ လိုင်ဇာ ဘက်ကို အကြိမ်ကြိမ် ရောက်ခဲ့ပါတယ်။
KIA ထောက်လှမ်းရေးတာဝန်ခံ ဗိုလ်မှူးကြီးပန်းအောင် နဲ့ မကြာခဏဆုံဖြစ်ပြီး တရုတ်ပြည်ရင်ကျန်းမြို့ ကတဆင့် လိုင်စင်-လိုင်ဇာဘက်တွေကို ညီညီနဲ့အတူ မကြာခဏ ကားလိုက်မောင်းပေးဘူးပါတယ်။KIA တပ်က သက်တန်းရင့် ဗိုလ်ချုပ်ကြီးတစ်ချို့ နဲ့လည်း တွေ့ခဲ့ ဆုံခဲ့ စကားပြောခဲ့ဘူးပါတယ်။
သူတို့တတွေဟာ ကျောင်းသားစခန်းတွင်းက နှိပ်စက်သတ်ဖြတ်မှုတွေနဲ့ ပတ်သက်ပြီး စကားပြောဖို့ စိတ်မပါကြပါဘူး။အဲ့ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး တစ်ခါတရံမှသာ စကားပြန်ရတတ်ပါတယ်။ဘယ်လိုဘဲပြောပြော ဘယ်သူနဲ့ပြောပြော သူတို့ရဲ့စကားကို “သူတို့က ဘာကြောင့် ကိုယ့်ကိုယ်ကို ထောက်လှမ်းရေးပါလို့ ဖြောင့်ချက် ပေးခဲ့ကြတာလဲ” ဆိုတဲ့ မေးခွန်းနဲ့ အဆုံးသတ်ပစ်တတ်ကြပါတယ်။
သူတို့အားလုံးအတွက် လူအင်အား(၃၀၀)လောက်ရှိတဲ့နေရာမှာလူ(၁၀၀)လောက်က ထောက်လှမ်းရေး ဖြစ်နေတယ်ဆိုတာကို ဘယ်လိုမှ လက်မခံနိုင်ကြဘဲ ဟာသတစ်ခုလိုပြောနေကြပေမဲ့ အဲ့ဒီအကြောင်းကိုမေး လိုက်ရင် အပေါ်ကမေးခွန်းကိုဘဲ ထပ်ခါတလဲလဲမေးနေတတ်ကြတယ်။
ဗိုလ်မှူးကြီးပန်းအောင်ဆိုရင် ကိုယ်တိုင်က ထောက်လှမ်းရေးတာဝန်ခံတစ်ယောက်ဖြစ်တယ်။ကျောင်း သားတပ်က စွတ်စွဲစစ်ဆေးချက်တွေအရ တပ်မတော်ထောက်လှမ်းရေးဗိုလ်တစ်ယောက်ပါလို့ ဖြောင့်ချက်ပေး ထားတဲ့ ညီညီ့ကို အကာအကွယ်ပေးခေါ်ယူပြီး သူ့အနားမှာထားလိုက်တာ-ဘယ်ကိုသွားသွား ညီညီနဲ့ နှစ် ယောက် ထဲသွားကြလာကြ လုပ်နေလို့ ကချင်တွေကတောင် ပြောလာဆိုလာကြတဲ့ အဆင့်။ညီညီနေဖို့ အခန်း က စစ်ရုံးထဲမှာ အခန်းဖွဲ့ပေးထားတာ-ကျွန်တော်သွားတော့တောင် အဲ့ဒီအခန်းမှာဘဲတည်းရတာ။
ဒီလိုအခြေအနေတွေကိုကြည့်ရင် သံချောင်းတို့ မျိုးဝင်းတို့ အောင်နိုင်တို့ရဲ့ လုပ်ရပ်-သူတို့ပြောဆိုမှု တွေကို လုံးဝလက်မခံဘူး အရေးအရာမထားဘူးဆိုတာသိသာလှပါတယ်။နောက်ပိုင်း မျိုးဝင်းတို့ အောင်နိုင်တို့ က ညီညီကိုပြန်လွှဲပေးဖို့ တောင်းဆိုတော့လည်းငြင်းခဲ့တယ်-နောက်ပိုင်းဇွတ်ဝင်ဖမ်းမယ်ဆိုတဲ့ သတင်းလည်း ကြားရရော ကျောင်းသားတပ်ဖွဲ့ဝင်တွေ ကချင်ဘက်လာရင် လက်နက်ကိုင်ဆောင်ခွင့် မပြုတော့ဘဲ ညီညီ့ကို သူကိုယ်တိုင်ကိုင်တဲ့ 9mm ပစ္စတိုကိုပေးထားလိုက်တာတွေကြည့်ရင်ကျောင်းသားတပ်ကကောင်တွေလုပ်သမျှ လက်မခံဘူးဆိုတာထင်ရှားပါတယ်။ဒါပေမဲ့ ကျွန်တော်နဲ့တွေ့တဲ့အခါ ဒီအကြောင်းစကားစလိုက်တာနဲ့ ဒီမေးခွန်း ဘဲ “သူတို့ ဘာကြောင့် ကိုယ့်ကိုယ်ကို ထောက်လှမ်းရေးပါလို့ ဖြောင့်ချက်ပေးခဲ့ကြတာလဲ” လို့ မေးခွန်းနဲ့ တုန့်ပြန်တတ်ပါတယ်။
ဒီတော့ ကျွန်တော်က သူတို့ နားလည်သဘောပေါက်သွားအောင် ပုံပြင်လေးတစ်ပုဒ်ပြောပြလိုက်တယ်။ မူရင်းပုံပြင်ကတော့ ပါကစ္စတန်က လူရွှင်တော် တစ်ယောက်ကပြောခဲ့တဲ့ ဟာသပုံပြင်ပါ။သူပြောခဲ့တာကတော့ သူတို့ပါကစ္စတန်ရဲတွေအကြောင်းပြောထားတာပါ။ကျွန်တော်ကအဲ့ဒီပုံပြင်ကိုဘဲမြန်မာမှုပြုပြီးပြောပြလိုက်တယ်၊
ပုံပြင်က ဒီလိုဗျ...........................................................................................................
တခါတုန်းကပေါ့ဗျာ....နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့အတွင်းရေးမှူးတစ်၊တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူးချုပ်ဗိုလ်ချုပ်ကြီးခင်ညွန့် ဟာ အလွန်လှတဲ့ အမွှေးပွ ယုန်ကလေးနှစ်ကောင် မွေးထားတယ်တဲ့။အဲ့ဒီယုန်ကလေးနှစ်ကောင်ကို ဗိုလ်ချုပ်ကြီးခင်ညွန့်ဟာ အလွန်အင်မတန်ချစ်မြတ်နိုးလွန်းလို့ အလုပ်အားလပ်တဲ့အချိန်တိုင်းမှာ ယုန်ကလေးတွေနဲ့ ဆော့ကစားရင်း အပန်းဖြေလေ့ ရှိတယ်တဲ့။
သူအလုပ်တာဝန်တွေနဲ့ မြန်မာနိုင်ငံ ဘယ်အရပ်ဒေသကိုသွားသွား သူ.တပည့်တွေက ယုန်လေးနှစ် ကောင်ကို သယ်ယူပေးသွားရတယ်တဲ့။ဗိုလ်ချုပ်ကြီးဟာ ဘယ်အရပ်ဒေသကိုဘဲရောက်ရောက် ဘာတာဝန် တွေဘဲထမ်းဆောင်ရ ထမ်းဆောင်ရ အချိန်အားရတာနဲ့ သူ့ယုန်လေးနှစ်ကောင်နဲ့ဆော့ကစား အပမ်းဖြေတတ် တာကိုး။
တစ်ရက်တော့ အညာဒေသဘက်ကို ခရီးလှည့်လည်ရင်း လမ်းခုလပ်မှာ ခဏနားပြီးအပမ်းဖြေကြ တယ်။ထုံးစံအတိုင်း လမ်းဘေးတောစပ်မှာ ဗိုလ်ချုပ်ကြီးခင်ညွန့်ဟာ ယုန်လေးနှစ်ကောင်နဲ့ ဆော့ ကစားနေ တယ်တဲ့။အဲ့ဒီအချိန်မှာ ကားတစ်စီးရဲ့ အင်ဂျင်က Miss-fire ဖြစ်လို့ “ဒိုင်း” ဆိုတဲ့ အသံထွက်သွားတယ်တဲ့။ ဗိုလ်ချုပ်ကြီးနဲ့ သူ့ရဲ့သက်တော်စောင့်တွေ သတိအနေအထားဖြစ်သွားတဲ့ အချိန်မှာဘဲ ယုန်ကလေးနှစ်ကောင် ကတော့ လန့်ပြီး မဟာမြိုင်တောထဲကို ဝင်ရောက်ပျောက်ကွယ်သွားတော့တယ်တဲ့။
ကားအိပ်ဇောက မြည်လိုက်တဲ့ အသံဆိုတာ သိပြီးတဲ့နောက် အားလုံးအေးအေးဆေးဆေး ဖြစ်သွားတဲ့ အချိန်မှာ ဗိုလ်ချုပ်ကြီးခင်ညွန့်ဟာ သူ့တပည့်တပမ်းတွေနဲ့ အတူ မဟာမြိုင်တောစပ်မှာ ရှာဖွေကြပေမဲ့ ယုန်လေး နှစ်ကောင်ကတော့ ရှာမတွေ့တော့ဘဲ ပျောက်ခြင်းမလှ ပျောက်ဆုံးသွားခဲ့တယ်တဲ့။
ဗိုလ်ချုပ်ကြီးလည်း ယုန်လေးတွေကိုချစ်တဲ့စိတ်နဲ့ အဲ့ဒီ မဟာမြိုင်တောစပ်မှာတင် စခန်းချလို့နေပြီး ဘာ အလုပ်မှဆက်မလုပ်နိုင်တော့ဘူးဖြစ်သွားတော့တယ်တဲ့။သူ့လက်ထောက်တွေက ဗိုလ်ချုပ်ကြီးရဲ့အဖြစ် အပျက် ကို မကြည့်နိုင်ကြလို့ မြန်မာတနိုင်ငံလုံးမှာရှိတဲ့ အတော်ဆုံး ထောက်လှမ်းရေးသမားတွေကိုခေါ်ပြီး ယုန်လေး နှစ်ကောင်ကို တောနင်းရှာခိုင်းပေမဲ့ ယုန်လေးနှစ်ကောင်ကတော့ လုံးဝ ခြေရာပျောက်နေတယ်တဲ့။နောက်ဆုံး တော့ တပ်မတော်(ကြည်း)က ခြေလျှင်တပ်ရင်းတွေကိုအကူအညီတောင်းပြီး စစ်သည်ဗိုလ်ပါ အလုံးအရင်းနဲ့ တောနင်းရှာပေမဲ့လည်း ယုန်လေးနှစ်ကောင်ကို မတွေ့ကြဘူးတဲ့။ဒေသခံတောမုဆိုးတွေလည်း ဘယ်လိုမှ ရှာ လို့မတွေ့နိုင်တဲ့ ယုန်လေးနှစ်ကောင်ကို ဇွတ်ရှာခိုင်းမှာကြောက်လို့ တနယ်တကျေးကို ပြောင်းပြေးကုန်ကြတယ် တဲ့။
အဲ့ဒီအချိန်မှာ ပုံမှန်အစည်းအဝေးတွေမှာ ဗိုလ်ချုပ်ကြီးခင်ညွန့်ကို မတွေ့ရလို့ မေးလာတာနဲ့ တပ်ချုပ် ကြီးကို အကြောင်စုံ ဖွင့်ပြော အသိပေးလိုက်ရတယ်တဲ့။ဒီအချိန်မှာ တပ်ချုပ်ကြီးက “ဒါလေးများကွာ-သူငြိမ်းချမ်း ရေးယူထားတဲ့ တိုင်းရင်းသား အဖွဲ့တွေ ရှာခိုင်းပေါ့-သူတို့ကတောကျွမ်းပြီးသားတွေဘဲ” လို့ မိန့်တော်မူလိုက်သ တဲ့။ဒါနဲ့ အထူးဒေသများအဖြစ်သတ်မှတ်ပေးထားတဲ့နယ်မြေအသီးသီးကငြိမ်းချမ်းရေး လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေကို အကူအညီလှမ်းတောင်းလိုက်တော့ အဖွဲ့အားလုံးက တောနင်းတာကိုကျွမ်းကျင်ပါတယ်ဆိုတဲ့ လက်ရွေးစင် ကွန်မင်ဒိုတွေကိုစေလွှတ် အကူအညီပေးခဲ့တယ်တဲ့။
တသက်လုံးတောထဲတောင်ထဲနေလာပါတယ်ဆိုတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ တစ်ဖွဲ့ပြီးတစ်ဖွဲ့ တောနင်းရှာကြပေမဲ့ အချိန်တွေသာကုန် အဖွဲ့တွေသာစုံသွားတယ် ယုန်လေးနှစ်ကောင် က တော့ ရှာလို့မတွေ့ ကြဘူးတဲ့။ နောက်ဆုံးအဖွဲ့အစည်းတွေအားလုံး လက်မှိုင်ချနေတဲ့အချိန်မှာ KIO ဥက္ကဌကြီး ဦးဘရန်ဆိုင်းက သတိရတာနဲ့ ဗိုလ်ချုပ်ကြီးခင်ညွန့်ကို အကြံတစ်ခုပေးလာတယ်တဲ့။
သူပေးတဲ့အကြံက ဘာလည်းဆိုတော့ “တိုင်းရင်းသားငြိမ်းချမ်းရေးအဖွဲ့တွေ အားလုံးစုံသွားပြီဆိုပေမဲ့- ကျွန်တော့နယ်မြေထဲမှာ နေရာပေးထားတဲ့ ABSDF(NB) ဆိုတဲ့ ကျောင်းသားအဖွဲ့ ရှိပါသေးတယ်-သူတို့ကို အကူအညီတောင်းကြည့်ရရင် ကောင်းမလား”တဲ့။
ဒီတော့ ဗိုလ်ချုပ်ကြီးခင်ညွန့်က “မဖြစ်နိုင်ပါဘူးဗျာ-တောကျွမ်းပါတယ်ဆိုတဲ့ ခင်ဗျားတို့တောင် မရှာ နိုင်တာ-တစ်နေ့မနေ့ကမှတောထဲရောက်တဲ့ ကျောင်းသားတွေ-ဘယ်လိုလုပ်ရှာနိုင်ပါ့မလဲ” လို့ပြန်ပြောလိုက် တယ်တဲ့။ဒီတော့ ဦးဘရန်ဆိုင်းက “ဒီကောင်တွေကို အထင်မသေးနဲ့နော်-ကျွန်တော်တို့ ကချင်တွေ တစ်သက် လုံးမမိဘူးတဲ့ ထောက်လှမ်းရေးတွေ တပ်ခွဲလိုက်ကြီးမိအောင်တောင်ဖမ်းထားနိုင်တဲ့ကျောင်းသားတွေနော်-ဘာဘဲဖြစ်ဖြစ် ကျွန်တော်အကူအညီတောင်းကြည့်လိုက်တာမမှားလောက်ဘူးထင်တယ်” ဆိုပြီး ဇွတ်ပြောလာ တော့ ယုန်လေးနှစ်ကောင်ကို သံယောဇဉ်ကြီးလှတဲ့ ဗိုလ်ချုပ်ကြီးလည်း သဘောတူလိုက်ရတယ်တဲ့။
ကျောင်းသားတပ်ကို ဦးဘရန်ဆိုင်းက ဗိုလ်ချုပ်ကြီးခင်ညွန့်ရဲ့ အလုပ်ဖြစ်ပေမဲ့ သူမျက်နှာကိုထောက် ထားပြီးအကူအညီပေးဖို့ တောင်းဆိုလိုက်တော့အောင်နိုင်၊သံချောင်း၊မျိုးဝင်းနဲ့ လှဆိုင်းတို့က တိုင်ပင်ပြီးတော့ သန်းဇော်၊ဇော်ဇော်မင်း၊ကျော်ထင်ဦး၊သက်လင်းနဲ့ ဖိုးနှောင်းတို့(၅)ယောက်ကို ယုန်ရှာဖို့ အမိန့်ပြန်တမ်းထုတ်ပြီး ထည့်ပေးလိုက်တယ်တဲ့။
ကျောင်းသာတပ်ရဲ့လက်ရွေးစင် သန်းဇော်တို့ အဖွဲ့ရောက်ရှိသတင်းပို့လာတော့ ဗိုလ်ချုပ်ကြီးခင်ညွန့် ဟာတော်တော်စိတ်ပျက်သွားတယ်တဲ့။ “ဖြစ်ပါ့မလားကွာ-ဘာလက်နက်ကရိယာမှမပါဘဲနဲ့-တစ်ယောက်ဝါးဆစ် ပိတ်တစ်ချောင်းစီနဲ့-မင်းတို့ကဘယ်လိုလုပ် တတ်နိုင်မှာလည်း” လို့မေးတယ်တဲ့။သန်းဇော်က “မပူပါနဲ့အဘ-အဘရဲ့ယုန်နှစ်ကောင်ပြန်တွေ့ပြီလို့သာ သဘောထားလိုက်တော့-ခဏပါ-ကျွန်တော်တို့ အချိန်တွေ အများကြီး မယူပါဘူး” လို့အဖြေပေးတယ်တဲ့။
ဗိုလ်ချုပ်ကြီးခင်ညွန့်လည်း နောက်ဆုံးကျိုးစားတဲ့အနေနဲ့ သန်းဇော်တို့ ငါးယောက်ကို မယုံရဲရဲနဲ့ဘဲ ယုန် လေးနှစ်ကောင်ဝင်သွားတဲ့ မဟာမြိုင်တောအစပ်အထိ ပို့ပေးလိုက်တယ်တဲ့။
သန်းဇော်တို့ အဖွဲ့ တောထဲဝင်သွားလို့ (၁၅)မိနစ်လောက်ဘဲရှိဦးမယ်-မဟာမြိုင်တောကြီးထဲက တော တိုးသံတွေ တဝုန်းဝုန်းကြားလိုက်ရလို့ အားလုံးဝိုင်းကြည့်လိုက်တော့-မဟာမြိုင်တောကြီးထဲက စွယ်စုံဆင်ကြီး နှစ်ကောင် အော်ရင်းဟစ်ရင်း အူယားဖားယား ပြေးထွက်လာတာကို အားလုံးတွေ့လိုက်ကြရတယ်တဲ့။ကြောက် အားလန့်အားနဲ့ သေးတဖြန်းဖြန်းပါရင်းထွက်ပြေးလာတဲ့ ဆင်ကြီးနှစ်ကောင်က ပြေးရင်းလွှားရင်း ပါးစပ်ကလည်း အော်ဟစ်လာသေးတယ်တဲ့။သူတို့အော်လာတာကတော့ “ဟုတ်ပါတယ်ဗျ-ကြောက်ပါပြီဗျ-ကျွန်တော်တို့ဟာ ဗိုလ်ချုပ်ကြီးခင်ညွန့်မွေးထားတဲ့ ယုန်လေးနှစ်ကောင်ပါဗျ” တဲ့။ဆင်နှစ်ကောင်ကိုသေသေချာချာကြည့် လိုက် တော့ တစ်ကောင်က လက်တစ်ဘက်ပြတ်နေပြီးတော့ နောက်တစ်ကောင်က အစွယ်တစ်ဘက်ကျိုးနေပြီး ဖင်ပွင့်နေတာ တွေ့ရတယ်တဲ့။
သန်းဇော်တို့အဖွဲ့ကတော့ တောထဲကထွက်လာပြီး ခတ်တည်တည်ဘဲ “ကဲ-ကျွန်တော်တို့တာဝန်ပြီး သွားပြီ-ပြန်တော့မယ်-ခင်ဗျားတို့ဘာမှစောဒကလာတက်မနေနဲ့-သူတို့ပါးစပ်က ဝန်ခံနေတာတွေ့လား-ဒါဘဲ” လို့ပြောပြီးပြန်သွားကြတယ်တဲ့။
ကဲ-ဒီလောက်ဆို တျောင်းသားတော်လှန်ရေးသမားတွေ “ဘာကြောင့် ကိုယ့်ကိုယ်ကို ထောက်လှမ်းရေး ပါလို့ ဖြောင့်ချက်ပေးခဲ့ကြတာလဲ” ဆိုတဲ့မေးခွန်းရဲ့အဖြေ ရှင်းသွားလောက်ပါပြီ။
သူတို့လိုချင်တဲ့ အဖြေကို နိမိတ်ပြမေးခွန်းတွေနဲ့မေးပြီး ဝန်ခံခိုင်းတယ်-ဝန်မခံမချင်း လူမဆန်တဲ့နည်း တွေနဲ့ နှိပ်စက်တယ်-သူတို့လိုချင်တဲ့အဖြေရမှ နှိပ်စက်တာတွေရပ်တယ်-ဒါဘဲပေါ့။
ဒီလို ပုံပြင်လေးနဲ့ရှင်းပြလိုက်တော့ ဗိုလ်မှူးကြီးပန်းအောင်က ဟက်ဟက်ပက်ပက် ရီတယ်-“ကိုမောင် မောင်-မင်းစကားကို ကြံကြံဖန်ဖန် ပြောတဲ့ကောင်ဘဲ” တဲ့။
ကျွန်တော်က သူ့ကိုပြန်ပြောလိုက်တယ် “ကျွန်တော်-ကြံကြံဖန်ဖန် ပြောတာမဟုတ်ဘူး-အခြေအနေ မှန်ကို-ဒူကမ္ဘာတို့ သဘောပေါက်အောင်ပြောပြတာ-အဲ့ဒီနည်းနဲ့ဆို ကြိုက်တဲ့ဖြောင့်ချက်ယူလို့ရတယ်-မယုံရင် မျိုးဝင်းတို့-သံချောင်းတို့-အောင်နိုင်တို့ အုပ်စုကို ကျွန်တော့လက် အပ်ကြည့်လိုက်ပါလား-နေ့မကူးစေရဘူး-ဒီကောင်တွေဖြောင့်ချက်ပေးလာအောင် ကျွန်တော်လုပ်ပြမယ်-ဘယ်လိုဖြောင့်ချက်မျိုး-ဒူကမ္ဘာ လိုချင်သလဲ ကြိုတင်ပြောထားလိုက်-အင်္ဂါဂြိုလ်ကလာတဲ့ ဂြိုလ်သားတွေပါလို့ ဝန်ခံခိုင်းချင်သေးလား-ရတယ်”လို့။
ကချင်တွေနဲ့ ကျွန်တော်ပြောခဲ့ဆိုခဲ့တာတွေ ထားလိုက်ပါတော့ ကျွန်တော်အခုတင်ပြချင်တာက “သူတို့ ဘာကြောင့် ကိုယ့်ကိုယ်ကို ထောက်လှမ်းရေးပါလို့ ဖြောင့်ချက်ပေးခဲ့ကြတာလဲ” ဆိုတဲ့ မေးခွန်းရဲ့ အဖြေပါ။

မောင်မောင်(ရွှေကရဝိက်)
၂၁-၂-၂၀၁၂ ရက် အင်္ဂါနေ့။

Monday, February 20, 2012

ဇတ်သိမ်းခန်းကိုကောင်းစေချင်တယ်၊

ဇတ်သိမ်းခန်းကိုကောင်းစေချင်တယ်၊

ရှစ်ဆယ့်ရှစ်အရေးအခင်းအပြီး၊အတောက်အပြောင်ဆုံးသောတော်လှန်ရေးအဖွဲ့အစည်းဆိုရင်
ABSDF ဟာနံပတ်တစ်ဖြစ်ခဲ့တယ်၊၁၉၉၀ခုနှစ်ရွေးကောက်ပွဲအမတ်မင်းများ၏စင်ပြိုင်အစိုးရ
ပေါ်လာပြီးသည့်နောက်ပိုင်း၊ ABSDF ဟာ၊အနာဂတ်နိုင်ငံရေးကိုမျှော်ကိုးသောနိုင်ငံရေးသမား
များ၊တကိုယ်တော်ကိုယ်ကျိုးစီးပွါးကိုဦးစားပေးသောသူတို့၏ချနင်းသွားသောလှေကားထစ်
များဖြစ်ခဲ့ရတယ်၊

အုပ်စုလိုက်တိုက်ပွဲတွေကြားမှာ အမှန်တရားကိုချစ်မြတ်နိုးသူတွေနေရာမရခဲ့သလို၊ ချေမှုန်းခံ ခဲ့ရသည့်သာဓကတွေ့နဲ့အလံတော်ကိုလက်ဆင့်ကမ်းသယ်ဆောင်ခဲ့ရတယ်၊ယနေ့ထက်ထိပင် အမှန်တရားကိုလိုလားသူနဲ့ဖုံးကွယ်လိုသူတွေ အားပြိုင်ဆဲပဲဆိုတာဘယ်သူမှငြင်းနိုင်မယ်မထင် ပါဘူး၊ ဒီအပြင်အဖွဲ့အစည်းကိုချစ်မြတ်နိုးတဲ့စိတ်နဲ့ယူကြုံးမရဖြစ်နေရသူတွေလည်းရှိတယ်၊

ဒါကြောင့်မြောက်ပိုင်းလူသတ်မှုကိစ္စနဲ့ပတ်သက်ပြီး၊အတွေးအဖုံဖုံ၊ခံစားချက်အဖုံဖုံရှိနေကြသူ
များ၊ချစ်ခြင်းမုန်တီးခြင်းစသည်တို့ကိုရင်ဝယ်ပိုက်ထားသူများအနေနဲ့၊ကြမ်းတမ်းလှသောအဖွဲ့
၏သမိုင်းကြောင်း၊ထုထည်ကြီးမားလှသောအညတရရဲဘော်များ၏ပေးဆပ်မှု၊တစ်သီးပုဂ္ဂလ
လူပုဂ္ဂိုလ်တို့၏မှားယွင်းမှုများ၊တာဝန်ရှိခေါင်းဆောင်တစ်ဦးချင်းစီ၏မှားယွင်းမှုများကိုအတိ
အကျဖေါ်ထုတ်ကာလေ့လာရန်လိုအပ်လာပါပြီ၊မှားသောသူများကခေါင်းမာစွာငြင်းဆန်နေ
ပေမဲ့အမှန်ကိုသိသောသူများက၊လူထုကိုရိုးသားစွာရှင်းလင်းချပြရမဲ့တာဝန်ရှိနေပါတယ်၊

ဒီမိုကရေစီဆိုသည့်အမှန်တရားနဲ့ရိုးသားပွင့်လင်းမှုကိုကျနော်တို့မြတ်နိုးကြောင်းပြသရပါလိမ့်
မယ်၊လူညီရင်ဤကိုကျွှဲဖတ်ခဲ့ကြသောသူတွေကြောင့်အုပ်စုလိုက်အားပြိုင်မှုတွေတွေ့ခဲ့ရသလို၊ နိုင်ငံရေးအတွေးအခေါ်အားနည်းသောစစ်ဝါဒီသမားသက်သက်ကိုလည်းတွေ့ခဲ့ရပါတယ်၊ အဲဒီလိုစစ်ဝါဒီအာဏာရှင်လက်သစ်တို့ရဲ့ခေါင်းဆောင်ဖြစ်ချင်လွန်းသောရှုးသွတ်မှုတွေကြောင့် အလွန်တရာအရုပ်ဆိုးအကျဉ်းတန်သောသမိုင်းကို ကျနော်ဒီမိုကရက်တစ် အင်အားစုတွေ အားလုံးခါးစည်းခံခဲ့ရပေပြီ၊

နှစ်ပေါင်းနှစ်ဆယ်ကျော်ကြာမြုံနေခဲ့သော ကျောင်းသားတပ်မတော်မြောက်ပိုင်းလူသတ်မှုကြီး
ဘွားကနဲပေါ်လာတဲ့အခါမှာတော့ ပြည်ပနိုင်ငံရေးလောကမှာမေးမှိန်နေခဲ့တဲ့ABSDFဟာဗြုန်း
ကနဲဆိုတောက်ပြောင်လာပါတော့တယ်၊ ဒီတစ်ခါတောင်ပြောင်လာပုံတော့သိပ်မကောင်းလှပါ
နာမည်ကျော်လူသတ်မှုကြီးဆိုပါတော့၊ဒီတော့ဒီလိုမျိုးတော်လှန်ရေးကိုအသက်စွန့်ပြီးလုပ်ခဲ့ပြီး
ကာမှ နာမည်ပျက်ရကိန်းဆိုက်တော့တာမို့ တပ်ဖွဲ့ဝင်တိုင်းကာကြိတ်မနိုင်ခဲမရငိုချင်းချခဲ့ရသူ
အများကြီးရှိမယ်ဆိုတာအလွန်ကိုသေချာပါတယ်၊ဒါကြောင့်ဒါဟာသာမန်နိုင်ငံရေးကိစ္စမဟုတ်
အသေးစိတ်ကိုလေ့လာဆန်းစစ်ခွဲခြမ်းစိတ်ဖျာရတော့မယ်အနေအထားကိုရောက်လာရပါတယ်

ပြည်တွင်းပြည်ပနိုင်ငံရေး၊လက်တွဲဖေါ်နိုင်ငံရေးလုပ်ဖေါ်ကိုင်ဖက်များ၊ရှစ်လေးလုံးမျိုးဆက်များ
အတွင်း၊အမှန်တကယ်နားလည်မှုရအောင်ပြန်လည်တည်ဆောက်ရမှာဖြစ်သလို၊အပြစ်ရှိသူ
များကိုလည်းဘက်မလိုက်ပဲ၊ ရဲရဲဝံ့ဝံ့ဖေါ်ထုတ်သွားရမဲ့အခြေအနေကိုရောက်နေပါပြီ၊
တကယ်တော့ABSDFဟာ၊ပေးဆပ်မှုများစွာနဲ့ပြည့်နှက်နေတဲ့အဖွဲ့အစည်းတစ်ခုပါ၊ အမိတိုင်း ပြည်လွတ်မြောက်ရေးအတွက်အဘက်ဘက်ကပေးဆပ်ရင်းဆက်လက်ချီတက်ခဲ့ရတာပါ၊

လက်နက်ကိုင်တော်လှန်ရေး၏နေရာကိုပါတီနိုင်ငံရေးများ၊လက်ဝေခံအင်ဂျီအိုနိုင်ငံရေးများ၊
စာရင်းရှင်းရန်ခက်ခဲသောယူဂျီနိုင်ငံရေးများ၊မှိုလိုပေါပေါ်လာချိန်မှာတော့ABSDFဟာ၊ရိက္ခာ
ပြတ်အထောက်အကူအားလုံးအဖြတ်ခံခဲ့ရပြီးမှစနစ်တကျဖြိုခွဲခံခဲ့ရပါတယ်၊နောက်ဆုံးငါ့တို့
ရိက္ခာကျည်ဆံငါတို့ရှာမယ်ဆိုပြီး၊အန္တရယ်ထူပြောလှတဲ့ပင်လယ်ပြင်ကြီးထဲအရဲစွန့်ကာ ဘ၀များစွာကိုပေးပြီးရည်မှန်းချက်ကိုရောက်အောင်ကြိုးစားခဲ့ကြရတယ်၊တော်လှန်ရေးယုံ
ကြည်ချက်နဲ့အတူပင်လယ်ပြင်မှာအသက်ပေါင်းများစွာကိုပေးဆပ်ရင်းတော်လှန်ရေးကိုအ
သက်ဆက်ခဲ့ကြရတယ်၊

သို့သော်တော်လှန်ရေးဆိုသည်မှာဗလာကျည်ဆံဖြစ်တိုက်လို့မရသည်မို့အားလုံးတစစီဖြစ်ခဲ့ရတာကိုတော့ငြင်းကွယ်လို့မရနိုင်ပေ၊သေချာတာတစ်ခုကတော့အားလုံးဟာသူတို့ခွဲခွါခဲ့ရသော
ကျောင်းသားတပ်မတော်ကိုအမုန်းတရားမရှိဆက်လက်ချစ်ခင်နေဆဲပင်ဖြစ်ပါတယ်၊တတိယ
နိုင်ငံများသို့ရိုးရိုးသားသားထွက်ခွါသွားသူများရှိသလို၊လက်ဝေခံအင်ဂျီအိုအဖွဲ့များတွင်လူဖြူ
တွေပြောသမျှကိုဟုတ်ကဲ့လုပ်ပြီးနိုင်ငံရေးဘ၀သစ်ထူထောင်သူများလည်းရှိလာခဲ့ပါတယ်၊

ဖြစ်ချင်တော့လက်ဝေခံအင်ဂျီအိုအဖွဲ့တွေမှာ နိုင်ငံရေးဘ၀သစ်ကိုထူထောင်ကြသူတွေအထဲမှာ
ရော်နယ်လ်အောင်နိုင်ကဲ့သို့သော၊နိုင်ငံရေးအရေခြုံရာဇ၀တ်သားများပါလာတယ်၊ သူရဲ့နောက် ကြောင်းကိုသိရဲ့သားနဲ့ မကဒတဗဟိုရဲ့အရေးပါလှတဲ့သုသေသနဌါနာမှာ၊ ဌါနမှုးအထိတာဝန် ပေးခဲ့တဲ့အထိဖြစ်ခဲ့တာ၊ ဒါဟာနိုင်ငံရေးပုလင်းတူဗူးဆို့များကအကာအကွယ်ပေးလူရာသွင်း ထားတာကိုသက်သေပြတဲ့အချက်တွေပါပဲ၊

အရင်ကသူတို့ဖုံးဖိထားကြခဲ့သည့်လူသတ်မှုကြီးကမထင်မှတ်လောက်အောင်ကြီးကျယ်ရက်
စက်နေတာကိုသိလိုက်ရတော့ အမှန်ကိုလိုလားသောရဲဘော်များကလူ့ဂုဏ်သိက္ခာ၊အဖွဲ့အစည်း ဂုဏ်သိက္ခာအတွက် အမှန်တရားကိုဖေါ်ထုတ်တောင်းဆိုလာကြတာပဲဖြစ်တယ်၊မိမိတို့အားလုံး ရိုးသားစွာပေးဆပ်မှုတွေကိုတာဝန်ရှိသူတစ်ချို့ကတာဝန်မဲ့စွာအာဏာကိုအလွှဲသုံးစားလုပ်ခဲ့ကြမှန်းသိလာခဲ့ကြတယ်၊

တစ်ချို့ကလည်းဒီလိုဖေါ်ထုတ်တဲ့လုပ်ရပ်ဟာ မကဒတရဲ့စွန့်လွတ်မှုဂုဏ်သိက္ခာကိုထိခိုက်စေ
သည့်အပြင် တော်လှန်သောအစုအဖွဲ့အားလုံးကိုထိခိုက်စေနိုင်တာမို့ ဒီအချိန်မှာမပြောကြသေး
ရင်ကောင်းမယ်၊ အချိန်မတန်သေးဘူးဆိုပြီးယူဆပြောဆိုနေကြတာကိုလည်းတွေ့နေရပါတယ်၊
အချိန်တန်ခြင်းမတန်ခြင်းဆိုတာကိုကျနော်တို့ဆုံးဖြတ်လို့မရ၊အဖြစ်အပျက်တွေကသာပေါ်လာချိန်တန်ရင်ပေါ်လာပြီး ပျောက်ချင်ရင်ပျောက်သွားတတ်တဲ့သဘာဝကိုသာအထူးနားလည်ကြ
ရမှာပါ၊ဖေါ်ချင်တိုင်းလည်းဖေါ်လို့မရ၊ဖျောက်ချင်တိုင်းလည်းဖျောက်လို့မရ၊ဒါဟာအဖြစ်အပျက်တွေ့ရဲ့လောကနိယမအတိုင်းလက်ခံရယူရန်သာရှိပါတယ်၊

တကယ်ဆိုရင် ကျနော်တို့အားလုံးဟာ စစ်အာဏာရှင်စနစ်ကိုရွံမုန်းသူတွေဖြစ်ပြီး တော်လှန်
ရေးချစ်မြတ်နိုးကြသူတွေပါ၊မိမိတို့ကျင်လည်ဖြတ်သန်းရာနီးစပ်ရာ တံငါနားနီးတံငါဆိုသလို
ဖြစ်ခဲ့ရသူတွေကြီးမို့ မိမိသိခဲ့တာအမှန်ကြီးပဲလို့ဇွတ်ပေငြင်းဆန်မဲ့အစား အပြန်အလှန်လေး
စားမှုနဲ့အတူ မိမိသိသောအချက်အလက်များကိုရိုးသားစွာဝေငှပေးခြင်းကသာလျှင် အကောင်း
ဆုံးဖြစ်ပါလိမ့်မယ်၊အပြုသဘောဆန်ဆန်ဆွေးနွေးရင်း အဖြေမှန်ကိုရလာသည့်အခါမိမိတို့အား
လုံး၏ညီညွတ်ရေးကိုလည်းမထိခိုက်သည့်အပြင် ပိုမိုကျစ်လစ်စွာတည်ဆောက်ပြီးသားဖြစ်ပါ လိမ့်မယ်၊ ကျနော်တို့အားလုံး ပုဂ္ဂိုလ်ရေးခင်မင်မှုတွေကိုဘေးချိတ်ပြီးဆွေးနွေးကြရအောင်၊

ABSDF ကိုရိုးရိုးသားသားချစ်ခဲ့ကြသောရဲဘော်များနဲ့ဒီမိုကရက်တစ်အင်အားစုများအကြား၊ အထင်မှားအမြင်မှားဖြစ်အောင်လုပ်ခဲ့ကြတယ်၊ သူတို့ရဲ့တာဝန်ရှိမှုကိုသတ္တိရှိရှိမဖြေရှင်းပဲ ရဲဘော်ရဲဘက်တွေအချင်းချင်းနောက်ထပ်ညီညွတ်မှုကိုထိခိုက်စေခဲ့ပါတယ်၊ ဒီလိုတာဝန်ယူ မှုမရှိတဲ့အတွက် မလိုလားအပ်တဲ့အနှောက်အယှက်တွေ၊ဘေးထွက်ဆိုးကျိုးကိုအားလုံးခံစား ခံစားခဲ့ရပါတယ်၊

ဒီအကျိုးသက်ရောက်မှုတွေအားလုံးဟာ တာဝန်ရှိသူတွေ့ရဲ့တာဝန်မဲ့မှုတွေကြောင့်ပဲဆိုတာကို မမြင်ပဲ အချင်းချင်းပြန်လည်တုံ့ပြန်တိုက်ခိုက်နေကြတယ်၊ ဒီတော့ ရန်သူအားရအောင်လုပ်နေ
ကြတဲ့တရားခံအစစ်ကဘယ်သူဖြစ်မှာလည်းစဉ်းစားကြည့်ကြပါ၊


တကယ်ပဲပြည်တွင်းငြိမ်းချမ်းရေးအတွက်အားကြိုးမာန်တက်လုပ်နေချိန်မှာမလိုလားအပ်တဲ့အနှောက်အယှက်အတားအဆီးတွေဝင်လာသယောင်ယောင်၊ရန်သူအလိုကျလုပ်နေသယောင်
ယောင်လေသံပြစ်ခဲ့ကြတယ်၊ ဒါဟာလုံးဝမရိုးသားမှု၊ လိမ်လည်မှု၊ဖုံးကွယ်မှု၊ကိုယ်ကျိုးစီးပွါး
ကာကွယ်မှု၊ လူထုအပေါ်သစ္စာဖေါက်မှုတွေအားလုံးကို တပြိုင်နက်တည်းကျူးလွန်ပြသနေတာ
ဖြစ်တယ်။

တစ်ယောက်ကပြောတော့..ရန်သူအားရအောင်လုပ်နေတာတဲ့ဗျာ..နောက်တစ်ယောက်က
တော့…. ပြည်သူတွေကိုထောင်နဲ့သောင်းနဲ့ချီ သတ်ဖြတ်ညင်းပန်းခဲ့တဲ့ စစ်အုပ်စုကိုတော့ ခုထိတရားစွဲဆိုဖို့ မကြိုးစားပဲနဲ့ မြောက်ပိုင်းမှာတာဝန်ရှိတဲ့သူတွေကိုတရားစွဲဆိုဖို့လုပ်နေ တာတော့တော်တော်အံ့သြတယ်။…ရော်နယ်လ်အောင်နိုင်ကပြောတာကတော့…
ကျနော်တာဝန်အရလုပ်ခဲ့ရပါတယ်တဲ့ဗျာ။

ကျနော်တို့အားလုံးဒီမိုကရေစီနဲ့လူ့အခွင့်အရေးအတွက်ရိုးသားစွာတိုက်ပွဲဝင်ခဲ့ကြတယ်၊လူ့အ
ခွင့်အရေးကိုလူ့အခွင့်အရေးပေတံနဲ့တိုင်းတာရမှာဖြစ်သလို၊နိုင်ငံရေးကိုနိုင်ငံရေးပေတံဖြင့်
သာတိုင်းတာရပါလိမ့်မယ်၊ ဒီနေရာမှာနိုင်ငံရေးပါးဝနေကြသူတွေဟာသူတို့၏မှားယွင်းခဲ့သော လူ့အခွင့်အရေးဖေါက်ဖျက်ကျူးလွန်မှုတွေကိုနိုင်ငံရေးကွက်ဖြင့်လှည့်စားပြီးဆက်လက်လိမ်ညာဘို့ကြိုးစားနေတာကိုတွေ့နေရပါတယ်။

တော်တော်ကိုရယ်စရာကောင်းတဲ့သူတွေပဲ၊တကယ်တော့ဒါတွေအာလုံးဟာမိုးကြိုးပစ်တာကိုထန်းလက်နဲ့ကာတာထက်သူတို့ရဲ့အကြောက်လွန်နေတဲ့စိုးရိမ်မှုကိုဖေါ်ပြနေပါတယ်၊လူအခွင့်အရေးဖေါက်ဖျက်မှုကိုနိုင်ငံရေးနဲ့ဖုံးလွမ်းပြစ်ချင်တဲ့မရိုးသားတဲ့စိတ်တွေကိုမြင်တွေ့နေရပါတယ်။

စစ်အာဏာရှင်တွေရဲ့အတုအယောင်ပြန်လည်ရင်ကြားစေ့ရေးကိုပဲ တကယ်နိုင်ငံရေးအရေး
ပါမှုအဖြင့်ဖေါ်ပြလိုကြပြီး ကျနော်တို့အစဉ်အဆက်တောင်းဆိုတိုက်ပွဲဝင်လာခဲ့တဲ့ လူ့အခွင့်
အရေးချိုးဖေါက်မှုတွေ မိမိတို့အတွင်းမှာပေါ်လာတဲ့အခါကျတော့ ပိတ်ပင်တားဆီးလိုတဲ့
မူမမှန်တဲ့သူတွေရဲ့စိတ်ဓါတ်ကိုလည်း နားမလည်နိုင်အောင်ဖြစ်ခဲ့ရပါတယ်။

တကယ်ဆိုရင် ငါတို့မှာတာဝန်ရှိနေပါလား၊ ငါတို့အဖွဲ့အစည်း၏ဂုဏ်သိက္ခာအတွက်ဖြေရှင်းပေး
ရမည့်တာဝန်ရှိနေပါလားဆိုတဲ့ အသိစိတ်၊ တာဝန်ယူလိုစိတ်ကိုပြသရမည့်အစား ဖြေရှင်းပေး ရန်တောင်းဆိုနေကြသူတွေကို မလိုမုန်းထားရှိနေတာကလည်း မူမမှန်ဆိုတာထင်ရှားလှပါ
တယ်၊

ကျနော်သူတို့ကိုပြောလိုက်ချင်တာက..ဒီနေ့ဟာအိုင်တီ(IT)ခေတ်ကိုရောက်နေပြီ၊ဘယ်အရာမှ
ဖုံးကွယ်ထားလို့မရတဲ့ပွင့်လင်းတဲ့(Globalization)ခေတ်ကြီးကိုရောက်နေပါပြီဗျာ၊တကယ်လို့သူတို့ABSDFကိုချစ်ရင်၊ ပေးဆပ်ခဲ့ပြီးသောသူတို့၏သမိုင်းကိုတန်ဖိုးထားလျှင် တာဝန်ရှိ သူတွေ ကို တာဝန်ယူဘို့ပူးပေါင်းပြီးပြောစေချင်တယ်ဗျာ၊ စစ်မှန်တဲ့တော်လှန်းရေးဆိုတာ ဂလဲ့စားချေ ရေးမဟုတ်ဘူး၊ ဒါပေမဲ့လှစ်လျှူရှုခြင်းလဲမဟုတ်ဘူး၊ လူသတ်ဝါဒမဟုတ်ဘူး၊ အမှန်တရားကို ထာဝရဆုပ်ကိုင်ခြင်းမည်၏၊

ပထမဦးဆုံးကျနော်ရှင်းပြချင်တာကABSDFရဲ့အသက်သွေးကြောဖြစ်တဲ့ဖွဲ့စည်းပုံစည်းမျည်း
(သို့)အခြေခံဥပဒေကိစ္စပါပဲ၊ ဖွဲ့စည်းပုံအခြေခံစည်းမျည်းထဲမှာသေဒဏ်နဲ့ပတ်သက်တဲ့အချက်
ကိုပဲအရှင်းဆုံးကောက်နှုတ်ဖေါ်ပြရင် ဗဟိုကော်မီဥက္ကဌတစ်ဦးကပင်သေဒဏ်ကိုပေးပိုင်ခွင့်မရှိ
သလို အမိန့်ပေးပိုင်ခွင့်လည်းမရှိခဲ့ပါ၊ဗဟိုကော်မီတီမျက်နှာစုံညီအစည်းအဝေးကဆုံးဖြတ်ချက် ချထားရင်တောင် ညီလာခံအထိအယူခံပိုင်ခွင့်ရှိနေပါတယ်၊ ဗဟိုကော်မီတီနဲ့ညီလာခံအကြား
မှာတောင် ဥက္ကဌကအသနားခံပိုင်ခွင့်ကိုပေးနိုင်ခွင့်ရှိနေပါသေးတယ်၊(ABSDFတောင်ပိုင်းတွင်
ဖြစ်ခဲ့သောကိုဝင်းနိုင်ငြိမ်းအမှုတွင်ကိုဝင်းနိုင်ငြိမ်းသေဒဏ်မှလွတ်ငြိမ်းခွင့်ရခဲ့သည်ကိုABSDF ဗဟိုကော်မီတီသုသေသနဌါနတွင်မှတ်တမ်းရှိပါသည်)၊

ဒါကြောင့်မြောက်ပိုင်းကိစ္စမှာတာဝန်ရှိသူတွေလုပ်ပိုင်ခွင့်အလွဲသုံးစားပြုပြီး၊လူ့အခွင့်အရေးကို
ပြောင်ပြောင်တင်းတင်းချိုးဖေါက်ခဲ့မှန်းသိသာနေပါတယ်၊ဦးနှောက်အလွန်နည်းတဲ့မြောက်ပိုင်း
မျိုးဝင်းရဲ့လူမိုက်ဆန်သောလုပ်ရပ်တွေကိုအမျှော်အမြင်ညာဏ်နည်းခဲ့ကြတဲ့၊သံချောင်းနှင့်ရော်
နယ်အောင်နိုင်တို့ကထပ်ဆင့်ပူးပေါင်းကာမှားခဲ့ကြတယ်၊ ကျနော်တာဝန်အရလုပ်ခဲ့ရပါတယ်
ဆိုတဲ့ရော်နယ်အောင်နိုင်ဟာABSDF ရဲ့ဖွဲ့စည်းပုံကိုလုံးဝမျက်ကွယ်ပြုခဲ့တာထင်ရှားတယ်၊

မြောက်ပိုင်း(၁၅)ဦး အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကိစ္စကိုဖြစ်ပြီးတော့မှ တောင်ပိုင်းဗဟိုက၊ လူသတ်မှုကိုထပ်ဆင့်ထောက်ခံမှုပေးခြင်းဟာ သမိုင်းတွင်ခဲ့သည့်မဟာအမှားပဲဆိုတာအားလုံး နားလည်လိုက်ပေမဲ့ အလွန်တရာနောက်ကျခဲ့ပါတယ်၊ ဘာကြောင့်မြောက်ပိုင်းအမှားကိုဗဟို ကထပ်ဆင့်ထောက်ခံခဲ့တာလဲ? ဒါဆိုဘယ်သူတွေကမှားခဲ့ကြသလဲ ?
ဘယ်နေရာမှာမှားခဲ့ကြသလဲ ?၊ တစ်ခုချင်းပြောကြရအောင်။

နိုင်ငံရေးပရောဂါကြောင့်လို့ပြောရင် စစ်အာဏာရှင်စနစ်ဆိုးကြီးကြောင့် ဒီအဖြစ်ဆိုးတွေကြုံရ
တာပါလို့ပြောရင်၊ သိပ်ကိုအလှမ်းဝေးသွားမှာဖြစ်ပြီး၊လူသတ်မှုဆိုတဲ့ရာဇ၀တ်မှုဟာ ပျောက် သွားလိမ့်မယ်၊ တချိန်တည်းမှာပဲကျနော်တို့ဟာ လူသတ်မှုဆိုတဲ့လူ့အခွင့်အရေးချိုးဖေါက်မှု ကိုအမှန်အတိုင်းဖေါ်ထုတ်ရမှာဖြစ်သလို နိုင်ငံရေးအရတာဝန်ရှိမှုတွေကိုလည်း တစ်စစီ ဖေါ်ထုတ်ရမဲ့တာဝန်လည်းရှိနေပါတယ်။

မြောက်ပိုင်းဗဟိုကော်မီတီဟာ လူသတ်မှုအတွက်လုံးဝတာဝန်ရှိတယ်ဆိုတာဘယ်သူမှငြင်း
မယ်မထင်ပါဘူး၊ သူတို့အားလုံးဟာ အစုလိုက်အပြုံလိုက်လူသတ်မှုအတွက် လုံးဝတာဝန်ရှိ
သူတွေဖြစ်နေတဲ့အတွက် သူတို့ကတော့တရားဥပဒေကို မုချရင်ဆိုင်ရမှာပါ၊ တောင်ပိုင်းဗဟို
ကော်မီတီကရော ဘယ်လိုဘယ်အတိုင်းအတာထိပါဝင်ပတ်သက်ခဲ့သလည်းဆိုတာကို အား
လုံးကစိတ်ဝင်တရားလေ့လာအဖြေရှာနေကြဆဲပါပဲ။

ထင်ထင်ရှားရှားထွက်ပေါ်နေတာကတော့ မြောက်ပိုင်းလူသတ်မှုအမှားကြီးကိုတောင်ပိုင်း
ဗဟိုကနေတာဝန်ယူခဲ့တဲ့ကိစ္စ၊ တာဝန်ယူခဲ့တဲ့ပုံစံကိုလုံးဝသဘောမတွေ့ခဲ့ကြတဲ့ကိစ္စတွေပါပဲ၊
ကိုင်တွယ်ပုံကိုင်တွယ်နည်းလုံးဝမှားခဲ့သည့်အတွက်ကြောင့် အဖွဲ့အစည်း၏ဂုဏ်သိက္ခာကျဆင်း
ခဲ့ရသည်သာမက တော်လှန်ရေး၏ဂုဏ်သိက္ခာကိုပါထပ်ဆင့်ထိခိုက်နစ်နာခဲ့ရပြန်ပါတယ်၊ ဒီအတွက်ဘယ်သူ့မှာတာဝန်အရှိဆုံးဆိုတာ ဖေါ်ထုတ်ပြီးတာဝန်ယူခိုင်းရမှာဖြစ်ပါတယ်၊

I have no more disputes about the righteousness to execute 15 spies. However, I myself, on behalf of the central committee, have the responsibilities for that even though there was no participation by central committee on decision process.

အထက်ပါစာသားကတော့ ဗဟိုကော်မီတီဥက္ကဌတစ်ဦးရဲ့ ဗဟိုကော်မီတီကိုယ်စားတာဝန်
ရှိမှုကိုတာဝန်ခံခဲ့တာဖြစ်တယ်၊ ဒါဟာအမှန်တရားကိုစနစ်တကျဖြေရှင်းတာလား(ဒါမှမဟုတ်)
တော်လှန်ရေးကိုဦးချိုးခံခဲ့ရတာလားဆိုတာငြင်းစရာကျန်ခဲ့ပေမဲ့၊ တာဝန်ရှိမှုအတွက်ကိုတော့
ဝန်ခံထားပြီးသားမို့ပြောစရာလိုမယ်မထင်တော့ပါဘူး။

မည်သို့သောအခြေအနေတွင်ဖြစ်ပါစေ၊စပိုင်လို့စွပ်စွဲခံရသူတွေအတွက်မှာတော့ABSDFဖွဲ့စည်းပုံအရသူတို့အသက်၊သူတို့သိက္ခာကိုကာကွယ်ပိုင်ခွင့်မရခဲ့သွားရှာပဲ၊ရက်ရက်စက်စက်အသတ်ခံခဲ့ကြရတယ်၊ဒါဟာလုံးဝငြင်းပယ်လို့မရတဲ့အဓိကသက်တွေတွေပဲဆိုတာဘယ်သူမှငြင်းလို့မရဘူး။

ရော်နယ်လ်အောင်နိုင်ရဲ့သွေးရှုးသွေးတန်းနဲ့ပြောနေတဲ့၊စပိုင်ဆိုရင်သတ်ခွင့်ပေးထားပါတယ်ဆိုတဲ့စကားဟာ ABSDF ရဲ့ဖွဲ့စည်းပုံကိုဗြောင်စော်ကားနေတဲ့ စကားလုံးတွေပဲဖြစ်တယ်၊ ဒီလိုလူ တွေရဲ့လက် လွတ် စ ပယ် ပြောကြားချက်တွေကြောင့်ABSDF ရဲ့ဂုဏ်သိက္ခာကိုထိခိုက်ရ သလို၊ တိုက်ပွဲအသီးသီး မှာကျဆုံးခဲ့ရသောရဲဘော်ရဲဘက်တွေရဲ့သမိုင်းကြောင်းကိုလည်း စော်ကား လိုက်တာဖြစ်တယ်။

ကိုအောင်ထူးကဘာတွေထုတ်ပြန်ခဲ့သလဲကြည့်ကြရအောင်၊
ဒါတွေဟာ စစ်ပွဲတခုအတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့အခြေအနေဆိုခဲ့ပေမဲ့ စွပ်စွဲခံရသူတွေဟာ ခုခံ ကာကွယ်ပိုင်ခွင့်ရှိခဲ့ပါတယ်။ ရန်သူ့သူလျှိုတွေရဲ့အမှုကိုတရားရုံးမှာ ကြားနာခဲ့ပါတယ်။

အပြစ်မရှိတဲ့သူတွေကိုအညိုးအတေးထားပြီး၊လက်နက်အားကိုးလူမိုက်အားကိုးဖမ်းဆီးပြီး
သွေးအေးအေးနဲ့ရက်ရက်စက်စက်သတ်နေကြတာကိုခင်ဗျားသိနေရက်သားနဲ့၊ဒါတွေဟာ စစ်ပွဲတခုအတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့အခြေအနေဆိုခဲ့ပေမဲ့လို့ပြောရက်ဆိုရက်တဲ့ စိတ်ဓါတ်မျိုး နဲ့ရှေ့နေဖြစ်လာကိုသိပ်ကိုအံ့သြစရာကောင်းပါတယ်။

ကိုအောင်ထူးခင်ဗျား၊မိမိတို့ကိုယ်တိုင်ရေးဆွဲခဲ့တဲ့ဥပဒေကို၊ကိုယ်ကိုယ်တိုင်ကျူးလွန်ဖေါက်ဖျက်လို့ကတော့၊မသိလို့နားမလည်လို့ဖေါက်ဖျက်မိတာပါလို့ပြောလို့မရတော့ဘူး၊သိသိကြီးနဲ့ကျူး
လွန်ခဲ့တာကိုထောက်ခံပေးလိုက်တာဖြစ်တယ်၊အဲဒါခင်ဗျားတို့ရဲ့မဟာအမှားကြီး၊သိသိကြီးနဲ့မှားတဲ့မဟာအမှားကြီး၊နိုင်ငံရေးလောဘကြီးသူတွေရဲ့မဟာအမှားကြီးတွေပဲဆိုတာထင်ရှားတယ်၊အဲဒီခင်ဗျားတို့ရဲ့မဟာအမှားကြီးတွေအောက်မှာABSDFသာမက၊ပြည်တွင်းပြည်ပဒီမိုကရေစီ
အင်အားစုတွေအားလုံးကိုထိခိုက်ခဲ့ရတယ်ဆိုတာ၊ဒီနေ့ဒီအချိန်မှာခင်ဗျားတို့သိနေပါပြီ။

ဒါပေမဲ့ဒီကိစ္စမှာတစ်ဦးချင်းတာဝန်ရှိသူတွေဟာ၊အဖွဲ့အစည်း၏ဂုဏ်သိက္ခာကိုငဲ့ညှာခြင်းမရှိပဲ၊အကြောက်တရားကြီးစွာဆက်လက်ငြင်းဆိုနေဆဲ၊တာဝန်မဲ့သောစကားများကိုပြောဆိုနေဆဲပဲ
တွေ့ရလို့၊အပြစ်မဲ့သောတပ်ဖွဲ့ဝင်များအတွက်အတော်ကိုရင်ထုမနာဖြစ်ရပါတယ်၊အခုတော့ခင်
ဗျားတို့ရေးသားခဲ့ကြတဲ့သမိုင်းလိမ်သမိုင်းအမှားကြီးတွေအတွက်၊ခင်ဗျားတို့အားလုံးရှေ့ထွက်ပြီးရဲရဲဝံ့ဝံ့ဖြေရှင်းဖို့လိုနေပါပြီ။

နောက်ဆုံးကုန်ကုန်ပြောရရင်ဖြစ်ပြီးတဲ့ကိစ္စအတွက် ကိုယ့်နဲ့ဆိုင်ရာဆိုင်ရာ ပတ်သက်ရာ
ပတ်သက်ရာတွေအားလုံးကိုအရိုးသားဆုံးတာဝန်ယူစေချင်ပါတယ်၊ဒီလိုပြောနေရတာကလည်း
အဖွဲ့အစည်းရဲ့အလံတော်အောက်မှာ တော်လှန်ရေးယုံကြည်ချက်ကြောင့်အသက်ပေးခဲ့တဲ့ ရဲဘော်ရဲဘက်တွေအတွက်ရော လူတွင်မကသမိုင်းကိုပါအသတ်ခံခဲ့ရသောကံဆိုးသူကျနော်
တို့မြောက်ပိုင်းကရဲဘော်ရဲဘော်တွေအတွက်ရောအမှန်ကန်ဆုံးဖြစ်စေချင်တဲ့ဆန္ဒတစ်ခုတည်းပါ။

ကျနော်ဖြစ်စေချင်တာက ဇတ်သိမ်းခန်းကိုကောင်းစေချင်တယ်၊ ကျနော်တို့ကြည့်နေကြမြန်မာ
ဆန်ဆန်ရုပ်ရှင်ကားလေးထဲကလိုပဲဇတ်သိမ်းခန်းမှာဗီလိန်အားလုံးလဲအမြင်မှန်ရ၊ငါ့သားငါ့သမီးကိုမတူဘူးမတန်ဘူးဆိုတဲ့လူတန်းစားခွဲခြားတဲ့မိဘတွေကလည်းအမြင်မှန်ရ၊လူဆိုးလူမိုက်တွေကိုရဲတွေဖမ်းဆီးရာနောက်ကိုယက်ကန်ယက်ကန်နဲ့ပါသွား၊မင်းသားနဲ့မင်းသမီးကြည်ကြည်နူး
နူးနဲ့ပြန်ပေါင်းဆုံကြတဲ့သမရိုးကျဇါတ်လမ်းလေးလိုဖြစ်စေချင်ပါပြီ၊ ဂျိမ်း(စ်)ဘွန်းကားလိုရမ်ဘို
ကားလို၊ တစ်ယောက်မှလည်းအမြင်မှန်မရပဲတစ်ကိုယ်တော်လူစွမ်းကောင်းကြီးတစ်ဦးကပဲ
အပြတ်အသတ်အနိုင်တာမျိုးကိုလည်းမမြင်ချင်တော့ပါ။မြန်မာဆန်ဆန်ကျနော်မှားခဲ့ပါတယ်ဆိုတာကိုတော့ လူထုရှေ့မှောက်မှာရဲရဲဝံ့ဝံ့ကြီးပြောစေချင်တယ်ဗျာ။

ဒီလိုမျိုးကံယကံရှင်တွေလုပ်ကြဖို့ တိုက်တွန်းနေကြ၊ဖြစ်စေချင်နေကြတဲ့အထဲမှာ ခံခဲ့ရတဲ့သူ တွေတောင်ပါနေတာကိုက အင်မတန်ကိုထူးခြားနေပါတယ်၊နောက်တစ်ချက်က ကိုယ်ချင်းစာ
စိတ်နဲ့ ခံခဲ့ရသူတွေနောက်ကရပ်နေတဲ့သူတွေကလည်း နောက်ဆုံးအချိန်ထိအပြစ်ရှိတဲ့သူတွေ
ကိုမလွတ်တန်းစောင့်ကြည့်နေတာကိုလည်းမေ့ထားလို့မရပါဘူး၊ အမြင်မှန်မရပဲဆက်ပြီးမှားတဲ့ လမ်းကိုဆက်လျှောက်နေရင်တော့ အဆုံးသတ်ကောင်းမှာမဟုတ်ဘူး၊

ဒီနေ့မြန်မာ့နိုင်ငံရေးမှာလည်း မှားတာကိုမှားခဲ့ပါတယ်လို့လုထုကိုဝန်မခံရဲတဲ့စစ်ဗိုလ်ချုပ်ကြီး တွေကြောင့် တိုင်းပြည်ဟာလုံးဝငြိမ်းချမ်းရေးမရသေးဘူး၊ ကျနော်တို့အားလုံး ဒီစစ်ဗိုလ်ချုပ် ကြီးတွေရဲ့အကျင့်ဆိုးတွေကို အတုခိုးဦးမှာလား။ ဒါမှမဟုတ် အမြင်မှန်ရပြီး မိမိတာဝန်ကိုမိမိတို့
ရဲရဲဝံ့ဝံ့တာဝန်ယူသွားကြမှာလားဆိုတာကို ကျနော်တို့အားလုံးကမျှော်လင့်စောင့်စားနေကြ
ကြောင်းပါခင်ဗျာ၊
-------------------------------------------------------------------------------------------------
စစ်မှန်တဲ့တော်လှန်းရေးဆိုတာ ဂလဲ့စားချေရေးမဟုတ်ဘူး၊ လူသတ်ဝါဒမဟုတ်ဘူး၊
အမှန်တရားကို ထာဝရဆုတ်ကိုင်ခြင်းမည်၏၊ အမှန်တရားကိုတော်လှန်ရေးသမားတိုင်း
ဆုပ်ကိုင်နိုင်ကြပါစေ၊

ကိုကိုဦး
19th Febuary, 2012

Saturday, February 18, 2012

မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ ( အပိုင်း-၁၀)

မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ ( အပိုင်း-၁၀)
မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ ရဲ့ အဆင့် (၃) ကို ရောက်လာပြီ။ ဒီအဆင့်ဟာ ကြိုတင်ပြောထားသလိုပဲ၊ မုန်တိုင်းပိုထန်လာမယ်။ မျက်နှာဖုံးတွေ ပိုကွာကျလာမယ်။ စည်းဝိုင်းအတွင်းမှာ တရားဝင် ရင်ဆိုင်ဖို့ ကမ်းလှမ်းကြတော့မယ်။ နန်းအောင်ထွေးကြည်ကတော့ လူသတ်သမားရော်နယ်အောင်နိုင်နဲ့ တာဝန်ရှိသူများကို ကဗျာတပုဒ်နဲ့ ရာဇသံပေးလိုက်တယ်။ ပြည်တွင်းမှာ ရှိတဲ့ ကျောင်းသားတွေကလည်း သူတို့သာ ထောက်လှမ်းရေးမှန်ရင် သက်သေပြပါ ဆိုတဲ့ စိန်ခေါ်မှုတရပ်ကို တရားဝင်ကြေငြာခဲ့တယ်။ တကယ်တော့ အမှန်တရားဖေါ်ထုတ်ရေးအဆင့်က ပြီးဆုံးသွားပြီ။ ဘယ်သူတွေက လက်နက်ကိုင် တော်လှန်ရေးကို ဖျက်ဆီးခဲ့သူတွေလဲ၊ ဘယ်သူတွေက ဒီမိုကရေစီရေးလှုပ်ရှားသူအစစ်လဲ ဆိုတာတွေကလည်း ရှင်းရှင်းကြီးဖြစ်သွားပြီ။ မြောက်ပိုင်းဒေသ အရိုးတွန်သံများ ( အပိုင်း- ၁၀- ) ကို ဆက်လက်တင်ပြလိုက်ပါတယ်။
(၁)
“ ကိုထွန်းအောင်ကျော် ကို ပုဂ္ဂိုလ်ရေးအရတော့ စိတ်မကောင်းပါဘူး။ ဒါပေမဲ့ လက်နက်ကိုင်တော်လှန်ရေးမှာတော့ ကိုယ်တာဝန် ကိုယ်ကျေအောင်လုပ်ရတာပါပဲ” တဲ့ ရော်နယ်အောင်နိုင်ရဲ့ဧရာဝတီ မဂ္ဂဇင်းအင်တာဗျူးကို ဖတ်လိုက်မိတဲ့ မိတ်ဆွေတယောက်က
“ အောင်မလေး အင်တာဗျူးတွေက သောက်ကျိုးနည်းလောက်အောင် ကြီးကျယ်လှချည်လားကွာ။ လက်နက်ကိုင်တော်လှန်ရေး ဆိုပါလားဟေ့။ မန္တလေးဆန္ဒပြပွဲမှာတောင် သွေးမရှိခဲ့တဲ့ကောင်က ဘယ်နေရာမှာ သွားပြီး လက်နက်ကိုင်ပြီး တိုက်ပွဲဝင်သလဲ မသိဘူး” လို့ ပြောဆိုပြီး ခုံကို ပုတ်လိုက်တယ်။ ကျနော်ကတော့ စိတ်မပါတပါ ပြုံးနေမိတယ်။
“ မန္တလေးသားတွေနဲ့ ဗကသ များအဖွဲ့ချုပ်ဟာ “ ထွန်းအောင်ကျော် ကို ချစ်သလား၊ ရော်နယ်အောင်နိုင် ကို မုန်းသလား” ဆိုတာ ဖေဖေါ်ဝါရီ (၁၂) ရက်နေ့မှာ ကျင်းပတဲ့ပွဲက တဆင့်၊ ဖေ့ဘွတ် စာမျက်နှာတွေကတဆင့်၊ ရှင်းလင်းတဲ့အဖြေတခုပေးပြီးပြီလို့ ထင်ပါတယ်။ ၁၉၉၂ မှာ ကျောင်းသား (၁၅) ယောက်ကို ခေါင်းဖြတ်သတ်အပြီးမှာတော့ ကျောင်းသားတပ်မတော်(မြောက်ပိုင်း) ရဲ့ အပုတ်နံ့တွေက နိုင်ငံတကာမှာ တထောင်းထောင်းထနေပြီ။ ထိုင်းနိုင်ငံသတင်းထောက်၊ ရင်ဒီ က၊ ကျောင်းသားတပ်မတော် ( မြောက်ပိုင်း) ခေါင်းဆောင်တွေနဲ့တွေ့ပြီး အင်တာဗျူးတဲ့အခါ၊ သူတို့က အတည်ပေါက်ပဲ၊ ရဲရဲကြီး ဂတိပေးခဲ့တယ်။
“ အသတ်ခံရသူတွေထဲမှာ ကျောင်းသားစစ်တယောက်မှားပါခဲ့မယ် ဆိုရင် ကိုယ့်စိတ်နဲ့ကိုယ် ကြိုးစင်တက်သွားမယ်” ဆိုပဲ။ အင်း- ကိုယ့်ဘာသာ စိန်ခေါ်မှုအရဆိုရင်တော့၊ ကြိုးမိန့်ကျမှာက တကြိုးတောင် မကဘူး၊ အပြင် (၃၇) မင်း၊ အတွင်း (၃၇) မင်းပါ ပင့်ပြီး (၃၈) ကြိုးတောင်း၊ အခမ်းအနားလုပ်၊ ကွပ်မျက်ရမလို ဖြစ်နေပြီ။
(၂)
နန်အောင်ထွေးကြည်ရဲ့ ရာဇသံ ကဗျာ ကို ဖတ်အပြီးမှာတော့
“ဗမာပြည်တော်လှန်ရေးသမိုင်းမှာ အမျိုးသမီးတယောက်က သူပုန် လို ဟန်ဆောင်နေတဲ့ ယောင်္ကျားရင့်မာကြီးတွေကို စိန်ခေါ်တာ ဒီတခါပဲ ရှိမယ်ထင်တယ်” လို့ တွေးလိုက်မိတယ်။ “ကျနော်တို့မှာ ခိုင်မာတဲ့ သက်သေတွေရှိပါတယ်” ဆိုတဲ့သူတွေရဲ့ ငြိမ်သက်မှုကလည်း သူရဲဘောကြောင်တာထက် ဆိုးဝါးလွန်းလှတယ်။ ဘာပဲဖြစ်ဖြစ် သုတေသနစာတမ်းအတွက် စိတ်ဝင်စားစရာ အကောင်းဆုံးက “ ရေလှိုင်းစစ်ဆင်ရေး” ဆိုတဲ့ ဝေါဟာရ ပဲ ဖြစ်တယ်။ ဒီ ဝေါဟာရဘယ်လိုပေါ်ပေါက်ခဲ့သလဲ၊ ဘယ်လို ဇာတ်လမ်းမျိုးဖြစ်မလဲ ဆိုတာကို ကာယကံရှင်တွေရဲ့ ရှင်းလင်းချက်စာတမ်းတွေကို စောင့်မျှော်နေခဲ့တယ်။
ဒီတပတ်မှာ ကိုအောင်ထူး ရဲ့လက်မှတ်နဲ့ထုတ်ဝေခဲ့တဲ့ ABSDF စတိတ်မန့် ( ၁၉၉၂ မတ်လ ၁ ရက်) နဲ့ ဒေါက်တာနိုင်အောင်ရဲ့ သတင်းစာရှင်းလင်းပွဲ ( ၁၉၉၂ မေလ ၃၁) ကို နှိုင်းယှဉ် သုံးသပ်ကြဖို့ တင်ပြလိုက်ပါတယ်။
မြောက်ပိုင်း ကျောင်းသားတပ်မတော်တွင် ဖမ်းဆီးခံထားရသည့် ရန်သူ့သူလျှိုများနှင့် ပတ်သက်ပြီး
ကျောင်းသားတပ်မတော် ဥက္ကဋ္ဌ ၏ သတင်းထုတ်ပြန်ချက်
ကချင်ဒေသကိုတစ်လကြာ အလည်သွားပြီးတဲ့နောက်မှာ ကျနော်အနေနဲ့ ရက်စက်ကြမ်းကြုတ်တဲ့စစ်အစိုးရ အပေါ် ယခင်ကထက်ကိုပိုပြီး ခါးသီးစွာခံစားခဲ့ရပါတယ်၊ အဖမ်းဆီးခံနေရသူများရဲ့ပြောကြားထွက်ဆိုချက်အားလုံးကို ရိုးရိုးသားသား ဖတ်ရှု့နားထောင်ခဲ့ပါတယ်၊ ငြိမ်ဝပ်ပိပြားရေး အဖွဲ့(SLORC)ရဲ့ဖိနှိပ်ရေးယန္တယားတစ်ခုဖြစ်နေသော
မြန်မာနိုင်ငံအမျိုးသားထောက်လှမ်းရေးအဖွဲ့(NIB)ဟာ ရှစ်လေးလုံးပြည်သူအုံကြွမှုကြီးကို ဝရုန်းသုန်းကားဖြစ်အောင်၊ မင်းမဲ့စရိုက်ဖြစ်လာအောင်ဖန်တီးခဲ့မှုတွေမှာ အဓိက တာဝန်ရှိခဲ့ပါတယ်၊သူတို့ဟာစနစ်ကျခိုင်မာတဲ့စီမံချက်နဲ့အတူ မိမိတို့ အတိုက်အခံအင်အားစုတွေအတွင်းကို ထိုးဖေါက်ဝင်ရောက်ပြီး ရှုပ်ထွေးမှု၊ ညီညွတ်ရေးဖြိုခွဲမှုတို့ကို ဖန်တီးကာ၊ အပေါ်စီးက ရအောင် ကြိုးစားခဲ့ကြပါတယ်။ သူတို့ရဲ့ လူတွေကိုသတင်းပေးသမား၊ထောက်လှမ်းသမားများအဖြစ်အသုံးချပြီး နည်းမျိုးစုံနဲ့
ထိုးဖေါက်ဝင်ရောက်လာကြတာဖြစ်တယ်၊ သူတို့ရဲ့အဓိကပြစ်မှတ်ကတော့ ထင်ရှားတဲ့ခေါင်း ဆောင်များနဲ့အတိုက်အခံ အင်အားစုတွေပဲဖြစ်တယ်၊ သူတို့ရဲ့ မဟာဗျူဟာ တစိတ်တပိုင်းအရ၊ ABSDF ဟာ ပစ်မှတ်တခုဖြစ်ခဲ့ပြီး၊ သူတို့ရဲ့ သူလျှိုတွေကို “ရေလှိုင်းစစ်ဆင်ရေး” ခေါင်းစဉ်အောက်မှ ထိုးဖေါက်ဝင်
ရောက်နိုင်ရေးပင်ဖြစ်တယ်၊ သူတို့အဓိကလုပ်ဆောင်ရမဲ့အရာတွေကတော့

၁၊ အဖွဲ့အစည်းများအတွင်းမတည်မငြိမ်ဖြစ်အောင်ဖန်တီးလုပ်ဆောင်ရေး

၂၊ အဆင့်မြင့်ရာထူးနေရာတွေကိုရယူထားရှိရေး

၃၊ မဟာမိတ်အဖွဲ့များနဲ့ထောက်ခံအားပေးသောအဖွဲ့အစည်းများနှင့်နားလည်မှုလွှဲမှားရေး

၎၊ ခိုင်မာတဲ့အတိုက်အခံခေါင်းဆောင်တွေကိုလုပ်ကြံသတ်ဖြတ်ရေးတို့ပင်ဖြစ်သည်၊

နောက်ဆုံးအပြီးသတ်ဆောင်ရွက်ရမဲ့အချိန်ကတော့ အမျိုးသားညီလာခံကျင်းပမည့်အချိန်ဖြစ်သည့် ၁၉၉၂နှစ်ကုန်ပိုင်း တွင် ဖြစ်ပါသည်၊ တစ်ချို့အုပ်စုတွေကတော့အမျိုးသားညီလာခံမကျင်းပခင်အလင်းဝင်ကြရန်ဖြစ်တယ်။ ကျန်နေမဲ့အုပ်စုတွေကိုတော့ ဖိအားတွေကိုအပြင်းအထန်ပေးပြီးအမျိုးသားညီလာခံအပြီးတွင်ဖြစ်လာမည့် အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် ပေးသည့်အချိန်တွင်အလင်းဝင်ကြရန်ပင်ဖြစ်သည်၊ (ဒီစပိုင်အဖွဲ့ရဲ့ခေါင်းဆောင်တွေကတော့ အမျိုးသားညီလာခံကို ၁၉၉၂ ကုန်ပိုင်းမှာ ကျင်းပလိမ့်မယ် ဆိုတဲ့အချက်ကို သိရှိပြီးသားဖြစ်တယ်) လွတ်ငြိမ်းချမ်းသာခွင့်ပေးအပြီး၊ နောက်ဆုံးကျန်ရှိနေဦးမည်ဖြစ်သည့်အုပ်စုတွေကတော့ ပြင်းထန်တဲ့စစ်ဆင်ရေးနဲ့အတူချေမှုန်းခံရလိမ့်မည်ဖြစ်သည်၊
ကျနော်အနေနဲ့ ရန်သူ့သူလျှို (၁၅) ယောက်ကို ကွပ်မျက်သတ်ဖြတ်ပစ်လိုက်ခြင်းဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဖြစ်တယ် လို့ ယုံကြည်တာကြောင့် ထပ်မံအငြင်းပွားစရာ မရှိတော့ပါ။ ဗဟိုကော်မီတီဟာ ယခုဆုံးဖြတ်ချက် လုပ်ငန်းစဉ်တလျှောက်လုံးမှာ လုံးဝပါဝင်ပတ်သက်ခဲ့ခြင်းမရှိသော်လည်း ဗဟိုကော်မတီ ကိုယ်စား ကျနော့်အနေနဲံ့ တာဝန်ရှိခဲ့တယ်ဆိုတာလက်ခံပါတယ်၊
ဖမ်းဆီးထားတဲ့ ကျန်ရှိနေသေးသော ရန်သူ့သူလျှိုတွေကို အပြုသဘောဆန်စွာဖြေရှင်းသွားမယ်ဆိုတဲ့ အကြောင်းကို နိုင်ငံတကာ အသိုင်းအဝိုင်း ထံ ရှင်းပြချင်ပါတယ်။

မကြာသေးခင်ကပဲ ကျနော်၊ ABSDF မြောက်ပိုင်းကော်မတီ နဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးပြီး အောက်ပါဆုံးဖြတ်ချက်တွေချမှတ်လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့ကြပါတယ်၊

၁၊ ABSDF အနေဖြင့် နောက်ထပ်ကျန်ရှိနေသေးတဲ့စပိုင်တွေကို သေဒဏ်မပေးရေး

၂၊ မိမိတို့တော်လှန်ရေးလှုပ်ရှားမှုအပေါ် ရပ်တည်ချက်မှန်မှန်ပြောင်းလဲလာသူတွေအားလုံးကို သာမန်အဖွဲ့
ဝင်တွေအဖြစ်ပြန်လည်လက်ခံသွားရန်၊

၃၊ ကျနော်တို့ အနေဖြင့်လုံးဝလက်မခံနိုင်သောရန်သူ့ သူလျှိုများကိုမူ ၄င်းတို့၏အနာဂတ်လုံခြုံရေး အတွက် နိုင်ငံတကာအဖွဲ့အစည်းများသို့ လွှဲပြောင်းပေးအပ်သွားမည်ဖြစ်သည်၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ဒီမိုကရက်တစ် အစိုးရများ အနေဖြင့်လည်း သူလျှိုများအား မြန်မာပြည်ဒီမိုကရေစီရေးပြောင်းလဲမှု
ရရှိသည်အထိလက်ခံသွားပါရန် ABSDF အနေဖြင့် မေတ္တာရပ်ခံသွားမည်ဖြစ်သည်၊

၎၊ အကယ်၍သူတို့ကိုပြည်ပနိုင်ငံတွေမှာလက်ခံထားရှိပေးနိုင်ခဲ့ခြင်းမရှိခဲ့လျှင်၊ သူတို့ကိုထောင်ဒဏ်တစ်နှစ်စီချမှတ်ပြီး မိဘဆွေမျိုးတို့၏ခံဝန်ချက်ဖြင့်ပြန်လွှတ်ပေးသွားမှာဖြစ်သည်၊သူတို့တစ်တွေဟာ ကျနော်တို့ရဲ့ရန်သူတွေဖြစ်ခဲ့သော်လည်းပဲ သူတို့ဟာ ယုတ်မာရက်စက်တဲ့ အာဏာရှစ်စနစ်ရဲ့သားကောင်တွေအဖြစ်လက်ခံထားပါတယ်၊ ဒါဟာကျနော်တို့ရဲ့ အနာဂတ်အကျိုးစီးပွါးနဲ့လူအခွင့်အရေးကိုစာနာထောက်ထားလို့ပဲဖြစ်ပါတယ်၊ ပြီးရင်ကျနော်တို့အနေဖြင့် သူတို့နဲ့ပတ်သက်တဲ့ ရန်သူ့သူလျှို မှတ်တမ်း အထောက်အထားအသေးစိတ်တွေကိုလူသိရှင်ကြားဖေါ်ပြပေးသွားမှာဖြစ်တယ်
ထို့အတွက်ကြောင့် ကျနော်တို့အနေဖြင့်နိုင်ငံတကာအဖွဲ့အစည်းတွေကိုပန်ကြားလိုသည်မှာ ရန်သူ့သူလျှိုတွေရဲ့ အနာဂတ်အတွက်
ကျနော်တို့ကို နားလည်စွာဖြင့်ပူးပေါင်းဆောင်ရွက်မှုပေးသွားကြ ပါရန်မေတ္တာရပ်ခံအပ်ပါသည်၊

ဆန္ဒမွန်များဖြင့်
( လက်မှတ်)
မေလ(၃၁)ရက်နေ့၊ ၁၉၉၂ခုနှစ်

ဒေါက်တာနိုင်အောင်
ဥက္ကဌ
ဗဟိုကော်မီတီ
ABSDF

(၃)
တကယ်တော့ တတိယအဆင့်မှာ မုန်တိုင်းရဲ့ ဗဟိုချက်မဟာ ဘယ်ကိုဦးတည်တော့မယ်ဆိုတာ လူတိုင်းနီးပါး
သိနေပြီ။ ဒါပေမဲ့ မိုးပြိုနေတာကို မသိတဲ့ ပရွက်ဆိတ်တကောင်ကတော့၊ နိုင်ငံရေးလူပျက်တယောက်လို
လုပ်နေတဲ့အခါ ကျနော့မှာ သူ့ကို ကြည့်စေချင်တဲ့ ရုပ်ရှင်ကားလေးတကားနဲ့ နှုတ်ဆက်ကြည့်ဖို့ ဆုံးဖြတ်
လိုက်တယ်။

In The Bedroom ဆိုတဲ့ ရုပ်ရှင်လေးအကြောင်းကို ပြောပြချင်ပါတယ်။ ၂၀၀၁ ခုနှစ်က အကယ်ဒမီ (၅) ဆုရတဲ့ကားလေးပါ။ အမေရိကန်ပြည်ထောင်စု၊ မိန်းပြည်နယ်ရဲ့ ဆိတ်ကမ်းမြို့လေးတမြို့မှာ ဖြစ်ပျက်ခဲ့တဲ့ ရာဇဝတ်မှုလေးတခုအကြောင်းကို ရိုက်ကူးထားတဲ့ ကားလေးပါ။ ဇာတ်လမ်းအတိုချုပ်ကို ပြောရရင်၊ ဒေါက်တာ “မက်” နဲ့ “ရုဒ်” လို့ခေါ်တဲ့ လင်မယားနှစ်ယောက်မှာ ဖရန့် လို့ ခေါ်တဲ့သားလေးတယောက်ပဲရှိတယ်။ သူ့တို့ရဲ့သာလေး ဖရန့်က “နက်တလီ” လို့ခေါ်တဲ့ အသက်ကြီးကြီး မိန်းမတယောက်နဲ့ချစ်ရည်မျှနေခဲ့တယ်။ “နက်တလီ” ရဲ့ ယောင်္ကျားဟောင်း “ရစ်ချတ်”က အင်မတန်ဆိုးသွမ်းတယ်။ မိန်းမဟောင်း နက်တလီ ဆီကို လာလာပြီး နှိပ်စက်ရိုက်နှက်လေ့ရှိတယ်။ တရက်မှာတော့ နက်တလီကို လာနှိပ်စက်လေ့ရှိတဲ့“ရစ်ချတ်” နဲ့ “ဖရန့်” ထိပ်တိုက်တွေ့ကြ၊ ထိုးကြကြိတ်ကြပြီး၊ ရစ်ချတ် ဆိုတဲ့လူဆိုးက “ဖရန့်”ကို ပစ်သတ်ပစ်လိုက်တယ်။ ဒီအမှုဟာ တရားရုံးကိုရောက်ရှိခဲ့ပေမဲ့၊ လူသတ်မှုကို မျက်မြင်သက်သေအဖြစ်ထွက်ဆိုမဲ့သူမရှိဘူး။ “နက်တလီ” ဆိုတဲ့ အမျိုးသမီးကလည်း သူမရှေ့မှာ ဖြစ်ပျက်ခဲ့တာကို ကိုယ်တိုင်မြင်ခဲ့ပေမဲ့ ရစ်ချတ် ရဲ့ အန္တရာယ်ကို ကြောက်နေတာကြောင့်၊ အဖြစ်မှန်ကို မထွက်ဆိုရဲဘူး၊ တရားသူကြီးကလည်း လုံလောက်တဲ့ မျက်မြင်သက်သေမရှိခဲ့တဲ့အတွက် ရစ်ချတ်ကို လူသတ်မှုနဲ့ အပြစ်ပေးလို့မရဘူး၊ ဒီလိုနဲ့ လူသတ်သမား ရစ်ချတ်တယောက် ရာဇဝတ်မှုကနေ ကွင်းလုံးကျွတ်လွတ်သွားခဲ့တယ်။ ဒေါက်တာ “မက်” နဲ့ “ရုဒ်” အတွက်တော့၊ သူတို့သားကို သတ်သွားတဲ့ လူသတ်သမား ရစ်ချတ် ကို မြို့ကလေးမှာ တွေ့တွေ့နေရခြင်းဟာ ခြောက်လှန့်နေတဲ့အိပ်မက်ဆိုးတခုကို မက်နေရသလိုမျိုးပါပဲ။ သူတို့နှစ်ယောက် ညရောက်ရင် အိပ်ယာပေါ်မှာ အဲ့ဒီ စိတ်မသက်မသာဖြစ်စေတဲ့ ခံစားမှုတွေကို ပြောကြတယ်။ အိပ်မပျော်ကြဘူး။ အသတ်ခံရတဲ့ ဖရန့် ရဲ့ အမေဖြစ်သူ “ရုဒ်” ဟာ ခံစားရတာတွေများလာတော့ အိမ်မှာ ယောင်္ကျားဖြစ်သူ ဒေါက်တာ မက် ကို အော်ဟစ် တောင်းဆိုတယ်။ “ ရှင်တခုခု လုပ်စမ်းပါရှင်၊ ကျမ ဒါတွေကို ဆက်မခံစားနိုင်တော့ဘူး” တဲ့။ ဒေါက်တာရစ်ချတ် တယောက် ဆေးခန်းပိတ်ပြန်တဲ့အခါ အိမ်ကို မပြန်သေးပဲ ဘား တခုကိုသွားတယ်။ မိတ်ဟောင်းဆွေဟောင်းတချို့နဲ့ တိုင်ပင်တယ်။ နောက်မကြာဘူး။ သူတို့ရဲ့ အစီအစဉ်ကို စတင်တော့တယ်။ တညမှာ “ရစ်ချတ်” နေတဲ့အိမ် ကို သွားပြီး စောင့်တယ်။ အပြင်ကပြန်လာတဲ့ “ရစ်ချတ်” ကို သေနတ်နဲ့ချိန်ပြီး၊ သူ့ရဲ့ အဝတ်အစားတွေကို အိပ်ထဲထည့်ခိုင်းတယ်။ စားပွဲပေါ်မှာ ခရီးသွားသလိုလို သက်ရောက်စေမဲ့ လေယာဉ်လက်မှတ် ဖြတ်ပိုင်းလေးကို တင်ထားခဲ့တယ်။ “ရစ်ချတ်” ကတော့ သူသတ်ခဲ့တဲ့ ဖရန့် ရဲ့ အဖေ ဒေါက်တာ“မက်” က သူ့ကို ဒီမြို့ကလေးမှာ မမြင်စေချင်တော့လို့၊ မြို့ကနေ ထွက်သွားခိုင်းတာ လို့ ထင်နေတယ်။ တကယ်တော့ မဟုတ်ဘူး။ ဒေါက်တာ “မက်” က ရစ်ချတ် ဆိုတဲ့ကောင်ကို တောအုပ်တခုထဲမှာ ခေါ်သွားပြီး ပစ်သတ်ပစ်လိုက်တယ်။ မနက်လင်းတော့ အိမ်ပြန်လာတဲ့ ဒေါက်တာ ရစ်ချတ်ကို သူ့အမျိုးသမီး ရုဒ် က တချက်ကြည့်ပြီး ဘာမှမမေးတော့ဘူး။ ဇာတ်လမ်းလေးက အဲ့သလို အဆုံးသတ်ထားတယ်။
အပေါ်ယံဇာတ်လမ်းကို ကြည့်လိုက်မယ် ဆိုရင်တော့ In the Bedroom ရုပ်ရှင်ကားဟာ လက်စားချေမှုတခုကို ရိုက်ပြတာလို့ ထင်စရာရှိပါတယ်။ ဒါပေမဲ့ နိုင်ငံတကာရုပ်ရှင်အသိုင်းအဝိုင်း၊ အနုပညာအသိုင်းအဝိုင်းတခုလုံးက ဒီဇာတ်ကားကို တခုတ်တရ အမွှန်းတင်ပြောဆိုကြသလို၊ နယူးယောက်တိုင်းမ် သတင်းစာကြီးက ဆိုရင် “ဆယ်စုနှစ်တွေအတွင်းမှာ အရေးကြီးဆုံးရုပ်ရှင်ကား တကား နဲ့ ဒီကိစ္စဟာ ဘာကြောင့်အရေးကြီးသလဲ” ဆိုတဲ့ ဆွေးနွေးထောက်ခံဝေဖန်မှုတွေကို ဝေဝေဆာဆာရေးသား
ခဲ့တယ်။
ဒီကားကို ဘာကြောင့် အကယ်ဒမီ ဆု (၅) ဆုပေးခဲ့တာလဲ။ ရာဇဝတ်မှု ဇာတ်လမ်းနဲ့ နောက်ခံထားတဲ့ ရုပ်ရှင်ကားတကားကို နိုင်ငံတကာပြည်သူတွေ ဘာကြောင့်ကြိုက်ခဲ့ကြသလဲ။ အဓိကအချက်တွေကတော့ လင်မယားနှစ်ယောက် ညတိုင်ရင် အိပ်ယာပေါ်မှာ ရင်ဖွင့်ပြောဆိုကြတဲ့ အပြန်အလှန်စကားပြောခန်းတွေ၊ စိတ်ခံစားမှုတွေပဲဖြစ်တယ်။ သူတို့နှစ်ယောက်ပြောဆိုနေကြတဲ့ ခံစားမှုတွေ၊ ဒဿန တွေကို လူတွေက ခံစားနားလည်နိုင်ခဲ့ကြတယ်။ ဒါကြောင့်လည်း အဆင့်အတန်းရှိတဲ့ နိုင်ငံတကာအနုပညာအသိုင်းအဝိုင်းဟာ၊ စာနာနားလည်ခံစာနိုင်မှု ကို အရေးပါတဲ့ ကျင့်ဝတ်အဖြစ်ထည့်သွင်းပြီး အမှတ်ပေးခဲ့ကြတာဖြစ်တယ်။
(၄)
စာနာနားလည်မှုမရှိတဲ့ အနုပညာသမားတွေရဲ့ အောက်ခြေလွတ်မှု၊ အတ္တကြီးမားမှုတွေကိုလည်း ကျနော်တို့လောကထဲမှာ တခါတလေတွေ့ရတတ်ပါတယ်။ အပြင်လောကမှာ ဘာတွေဖြစ်နေမှန်းမသိပဲနဲ့ အငြိမ့်စင်က မီးစလိုက်ကို စိတ်ဆွဲနေသလိုမျိုး ဟိုဟာပြောရင် ဒီကိစ္စက မှိန်သွားမယ် ပြောလို့ပြော၊ ပုရွက်ဆိတ်နဲ့ ပုရုတ်ဆီကို ဥပမာပေးလို့ပေး ခက်တော့တာပဲ။ ယုတ်မာရက်စက်သူနဲ့ ယဉ်ကျေးတဲ့လူ့အဖွဲ့အစည်းဆိုတာ ဘယ်တုံးကမှ အချင်းချင်းမဖြစ်ခဲ့သလို၊ ရန်သူ လို့ သတ်မှတ်ထားသူတွေဆီကနေ “ အဘ ကျနော်နိုင်ငံခြားသွားမလို့ မုန့်ဘိုးပေးပါအုံး” ဆိုတဲ့ မျက်နှာပြောင်ပြောင် အလုပ်တွေလည်း ကျနော်တို့မလုပ်ခဲ့ပါဘူး။ မိသားစုတခုလုံးလည်း နိုင်ငံခြားကို ပို့မထားခဲ့ပါဘူး။ “ခွှင့်လွတ်ခြင်းတရားတွေ တသွင်သွင်ပြောပြီး ကိုယ်ကဘယ်လိုသဘောထားကြီးကြောင်း ပြောဆိုနေမှုတွေဟာ မရိုးသားတဲ့ လေလံတင်မှု၊ လက်ခုပ်သံမျှော်မှု တခုဖြစ်တယ်” တဲ့။ ကိုယ့်ဘာသာ သတိထားရမှာက အဇာတသတ်နောက်လိုက်မဖြစ်မိဖို့ရယ်၊ လူရည်လည်သူတွေချင်းဆက်သွယ်ပြီး NGOs တွေနဲ့ပေါင်းစီးပွားရေးလုပ်ဖို့ကြိုးစားနေကြတဲ့ နိုင်ငံရေးစားကျက်ထဲမှာ မမျောပါမိဖို့ရယ် ဆိုတဲ့အချက်ပါပဲ။
(၅)
“ရန်သူစစ်တပ်က ထောင်ချီသတ်တာကျတော့ ဘာမှမပြောဘူး။ လူ (၁၅) ယောက် (၃၀) လောက် သတ်ခံရတာကို ပြောနေတယ်၊ ငါတို့ရဲဘော်တွေ ဘယ်လိုပေးဆပ်ခဲ့ရတယ်” ဆိုတဲ့စကားကို ကြားမိတော့ ကျနော်တို့အညာဘက်မှာ နောက်ပြောင် ပြောဆိုနေတဲ့ “တံတားကြိုး သခင်များ” ဆိုတဲ့ဝေါဟာရကို သွားသတိယမိတယ်။
ဒုတိယကမ္ဘာစစ်အပြီး ဖက်ဆစ်ဂျပန်တွေ စစ်ရှုံးဆုတ်ခွာသွားတော့၊ တော်လှန်ရေးမှာလေးလေးနက်နက်မပါဝင်ခဲ့ဘူးသူတွေက လက်ပတ်တွေစည်း၊ လက်နက်တွေကိုင်ပြီး တော်လှန်ရေးခေါင်းဆောင်ယောင်ယောင်ထွက်လာကြတော့တယ်။ ရွာထိပ်က တံတားကြီးကို ချိုးကြပစ်လိုက်ပြီး၊ သူတို့တိုက်ထုတ်လိုက်လို့ ဖက်ဆစ်ဂျပန်တွေပဲထွက်ပြေးသွားသလိုလို၊ လုပ်ကြတော့တယ်။ မကြာပါဘူး။ သခင် ဆိုတဲ့နာမည်တွေကို ရှေ့မှာတပ်ပြီး၊ တည်ငြိမ်မှုမရှိသေးတဲ့ ရွာမှာ ရွာသားတွေကို အနိုင်ကျင့်တော့တယ်။ အကြောင်းသိသူတွေကတော့ သူတို့ကို တံတားကျိုးသခင် များလို့ ခေါ်ဝေါကြတာပေါ့။ ဒါပေမဲ့ သူတို့က အုပ်စုဖွဲ့ပြီး “ ငါတို့က ဘယ်လိုအနစ်နာခံခဲ့တယ်” ဆိုတာတွေပြော၊ ထန်းတောထဲမှာလည်း ညနေတိုင်ရင်မူးရူး၊ သောက်ထားတဲ့အရက်ဖိုး၊ ထမင်းဖိုးကိုလည်းမပေး၊ တွေ့ကရာ စော်ကားတော့တာပဲ။ အခုကျနော်တို့တတွေ ကြုံတွေ့နေရတဲ့ ပြည်ပနိုင်ငံရေးမှာလည်း အဲ့သလို “တံတားကျိုးသခင်များ” က နေရာအနှံ့တွေ့နေရတယ်။ တကယ် လက်နက်ကိုင်တိုက်လာတဲ့ ရဲဘော်တွေက အမှန်တရား နဲ့ ရိုးသားမှု ကို ဘာနဲ့မှ မလဲဘူး။ သူတို့ပေးဆပ်ခဲ့ရတာတွေကိုလည်း စာဖွဲ့ပြောမနေဘူး။ “ကိုယ့်အဖွဲ့အစည်းကို ဘယ်လိုချစ်ကြောင်း၊ လက်နက်ကိုင်တော်လှန်ရေး ကို ဆက်ဆင်နွဲရမယ်၊ ဘုံရန်သူကို မျက်ခြေမပြတ်နဲ့” လို့ ဟစ်ကြွေးနေသူတွေကို ကြည့်လိုက်တော့၊ တော်တော်များများက နိုင်ငံတကာ ဒိုနာတွေဆီက ငွေလိမ်တောင်းနေသူတွေ၊ တတိယနိုင်ငံတွေမှာ သောက်စားမူးယစ်နေသူတွေ၊ အစိုးရဆီက လူမှုဖူလုံရေးလိမ်တောင်းစားနေသူတွေကိုသာ တွေ့ရတယ်။
လူမှုတော်လှန်ရေးတရပ်လုပ်တယ်ဆိုတာ ဖက်ဆစ် အစိုးရကျူးလွန်နေတဲ့စရိုက်တွေကို အတုယူဖို့မဟုတ်ဘူး။ တော်လှန်ရေးလုပ်ခဲ့တာကို အကြောင်းပြပြီး အခွင့်အရေး ယူဖို့မဟုတ်ဘူး။ အစိုးရဘက်က သတ်တာတွေကိုပြောပြီး၊ ငါတို့ဘက်က ယုတ်မာတာတွေကို ပါးစပ်ပိတ်ထားလို့ အဆိုပြုတဲ့သူဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ခေါင်းဆောင်တဲ့ ကြံ့ဖွံ့အဖွဲ့ဝင်တွေနဲ့ အတူတူပဲဖြစ်သွားမှာပေါ့။ လူနေမှုအဆင့်မြင့်တဲ့နိုင်ငံတွေမှာ နေပြီး ကြံ့ဖွံ့လို စိတ်ဓါတ်တွေ မွေးနေကြ၊ ခြစားအကျင့်ပျက်သူတွေနဲ့ သူတော်ချင်းချင်းသတင်းလွေ့လွေ့လုပ်နေကြတာတော့ စိတ်မကောင်းစရာပဲ။
ပြောသာပြောရတာပါ။ ဘာမှမဟုတ်ပဲ စစ်သွေးကြွပုံစံတွေနဲ့ ကိုယ့်ဘာသာ ကိုယ်ရှိန်ကိုယ်ဝါတောက်ပပြနေတဲ့ လူတွေက လက်ချိုးရေ လို့ရပါတယ်။ သူတို့က ကျောင်းသားတပ်မတော်ကို ချစ်ဟန်ဆောင်ပြီး၊ အကျင့်ပျက်လူတယောက်နှစ်ယောက်ကို အကာအကွယ်ပေးနေတာ လူတိုင်းက သိနေပေမဲ့ သူတို့လို လိုက်အဆင့်မနိမ့်ချင်လို့ ယှဉ်ပြီး မပြောပဲနေကြတာ။ တကယ်တိုက်လာခဲ့တဲ့ ဒီမိုကရေစီရေးလိုလားသူတွေနဲ့ ကျောင်းသားတပ်မတော်က ရဲဘော်တွေ က အမှန်တရားနဲ့ ရိုးသားမှုကို ချစ်တယ်။ မြောက်ပိုင်းလူသတ်မှုကို အကြီးအကျယ်ရှုတ်ချပြီး စာနာနားလည်စွာပါဝင်နေကြတယ်။ ပြည်တွင်းကို သဝဏ်လွှာတွေပို့ကြတယ်။ အဲ့သလို ခိုင်မာတည်ကြည်တဲ့ ABSDF ရဲဘော်တွေရှိနေမှတော့ ကျန်တဲ့ ပြည်ပရောက် ကြံ့ဖွံ့တွေဆိုတာ၊ ဓါတ်တိုင်အောက်မှာ ပျံဝဲနေတဲ့ တရာသီစာ ပရစ်အော်သံတွေ အဖြစ်သာ ဆူညံကျန်ရစ်ခဲ့တာပါ။ တရားမျှတမှုအတွက် တောင်းဆိုတိုက်ပွဲဝင်သံတွေ မကြာခင်ကြားကြရပါလိမ့်မယ်။

အောင်မိုးဝင်း

Thursday, February 16, 2012


သမိုင်းအဖျက်ခံရသူများ ၏ ..စိမ်ခေါ်သံ

ကြောက်စရာမလို ပုန်းစရာလဲမလို
ပြေးစရာမလို ရှောင်စရာလဲမလို
မှန်တယ်ထင်ရင် ရင်ဆိုင်လိုက်ပေါ့
အားလုံးကိုယ်စား ……. ငါကမင်းကို စိမ်ခေါ်တယ်၊

အနှစ် ၂၀ လုံးစကားတွေ ဖေါင်ဖွဲ.
သူလျှိုမို.လို. သတ်ရပါသည်
စပိုင်မို.လို. အပြစ်ပေးရပါသည်
ရင်နဲ.မမျှ နာကျင်ခဲ့ရ
အချိန်မတန်သေး၍ ရေငုံ နှုတ်ဆိတ်နေခဲ့ရသည်။

ငါ့လက်ထဲမှာ သေနတ်မရှိ
ခုတ်ဖြတ်ဖို.လဲ ဒါးမရှိပါ
လက်ဖြတ်ပစ်ဖို. မိုင်းမရှိ
ရက်စက်ဖို.လဲ ကားစင်မရှိပါ
ကွန်ပြူတာ ခလုပ်မှာ ပြေးကစားတဲ့ လက်ချောင်းလေးများကို
မင်းကဘာလို. ကြောက်နေလဲ ……..
အချိန်မဆွဲနဲ. ရှောင်မပြေးနဲ. ယောင်္ကျားဆိုတာ
မှန်တယ်ဆိုရင် ရင်ဆိုင်လိုက်ပေါ့
အားလုံးကိုယ်စား ……. ငါကမင်းကို စိမ်ခေါ်တယ်။

ဟိုးတစ်ချိန်က မနောမြေမှာ
ဂုဏ်ယူဝံ့ကြွား မင်းပြောခဲ့တယ်
ကျောင်းသားစစ်တစ်ယေါက် မှားပါခဲ့ရင်
ကိုယ့်စိတ်နဲ.ကိုယ် ကြိုးစင်တက်မတဲ့ ……….
ကြောက်နေပြီလား အယောက် ၁၀၀ ဟာ ကျောင်းသားတွေပါ
မင်းမှန်တယ်ဆို ခုရင်ဆိုင်စမ်း
အားလုံးကိုယ်စား …… ငါကမင်းကို စိမ်ခေါ်တယ်။

ရထားတဲ့ စစ်ချက်များ တင်ပြလိုက်စမ်း
ရိုက်ထားတဲ့ကား ချပြလိုက်စမ်း
မင်းသား မင်းသမီး တင်ကာထားသမို.
ကြည့်လိုက်ခြင်းသည်
ငါကဒါမေး မင်းကဒါဖြေ
ဇတ်တိုက်ထားတဲ့ ပြက်လုံးကွက်များ
မရှိတဲ့အဆိပ် လုပ်ယူပြသ
ဓါတ်ခဲထဲမှ အမှုံ.များနဲ. လိမ်ညာကေါက်ကျစ်
ဒါလားကျောင်းသား မင်းမပြောနဲ.
မင်းမှန်တယ်ဆို ရင်ဆိုင်လိုက်စမ်း
အားလုံးကိုယ်စား …………ငါကမင်းကို စိမ်ခေါ်တယ်။

ဒေါင်းစစ်စစ်က ကျီးဖြစ်ခဲ့ရ
ဒေါင်းယေါင်ဆောင်တဲ့ ကျီးလို လူတစ်စု
အုပ်ချုပ်ခဲ့လို.
ရွှေဝါရောင်ဒေါင်း အနက်မှောင်လွှမ်းခဲ့
ကမ္ဘာမကြေ မြန်မာပြည်
ခွတ်ဒေါင်းတို.ရဲ. စိမ်ခေါ်သံတွေ
ပျံ.နှံ.နေပြီ နားထောင်လိုက်စမ်း
ကြောက်နေပြီလား မှန်တယ်ဆိုရင် ရင်ဆိုင်လိုက်စမ်း
အားလုံးကိုယ်စား..... ငါကမင်းကို စိမ်ခေါ်တယ်။

လူမသတ်ခဲ့သော ကျောင်းသားလက်များ
မိဘပြည်သူ ကြည်ဖြူလိမ့်မယ်
ကျောင်းသားဆိုတာ ဖြူစင်ရတယ်
သွေးညှီနံ.နဲ. ကင်းဝေးရတယ်
ရှေ.ဆက်မပြောနဲ. ကျောင်းသားပါလို.
မကဒတ က ကျောင်းသားတပ်မတော်
မင်းတို.တတွေက ကျောင်းသားသတ်မတော်
မှန်တယ်ဆိုရင် ရင်ဆိုင်လိုက်စမ်း
အားလုံးကိုယ်စား….. ငါကမင်းကို စိမ်ခေါ်တယ်။

မင်းတို.တတွေရဲ. သမိုင်းကြွေး
မင်းတို.ပြန်ပေး
AB ကိုဖြူစင်အောင်လုပ်
ပြည်သူတွေကြား ရွံအောင်မလုပ်နဲ.
မင်းတို.တတွေကို ကျောင်းသားသမိုင်းမှာ ကဗျည်းတင်လိုက်မယ်
စစ်အာဏာရှင် ဖက်ဆစ်များနဲ. တဂိုဏ်းထဲလို.
ငြင်းဆန်ချင်ရင် ငြင်းလိုက်လေ
မင်းမှန်တယ်ထင်ရင် ရင်ဆိုင်လိုက်ပါ
အားလုံးကိုယ်စား …… ငါက မင်းကို စိမ်ခေါ်တယ်

ငါတို.သမိုင်းစစ် ပေါ်ထွန်းနေပြီ
မင်းတို.သမိုင်းညစ် အများသိပြီ
ငါ့မိဘရင် ငါပြန်ရဲတယ်
ငါ့ပြည်သူ.ရင် ငါခိုလှုံရဲတယ်
ငါတို.တတွေမှာ အပြစ်မရှိပါ …….
မင်းတို.မှာသာ အပြစ်က အနှစ် ၁၀၀ ……..

ငါ့လိုမင်းတို. ပြည်ပြန်ရဲလား
ပြည်သူ.ရှေ.မှောက် လျောက်လှမ်းရဲလား
သံဃာမြတ်ကို ဖူးမျှော်ရဲလား
၈၈ မျိုးဆက်အပေါင်းနဲ. ပြန်ပေါင်းရဲလား
မျိုးဆက်သစ်များနဲ. တွေ.ဆုံရဲလား
မှန်တယ်ထင်ရင် ရင်ဆိုင်လိုက်စမ်း
အားလုံးကိုယ်စား …. ငါကမင်းကိုစိမ်ခေါ်တယ်။

နန်းအောင်ထွေးကြည်

(၁၉၉၁ မှ ၁၉၉၂ခုနှစ်ထိ မကဒတ မြန်မာပြည်မြောက်ပိုင်းမှ အာဏာရှင် လူသတ်သမား ရော်နယ်အောင်နိုင်နှင့် လူသတ်မှုများအား ၀ိုင်းဝန်းအားပေးခဲ့သော။ တာဝန်ယူခဲ့သော ခေါင်းဆောင်ပိုင်းတို.အား ရည်စူးပါသည်၊)

မြောက်ပိုင်းလူသတ်ပွဲကိစ္စ ပန်းချီထိန်လင်း ကို ပေါ်ပြူလာမြန်မာ မှ အင်တာဗျူး

မြောက်ပိုင်းလူသတ်ပွဲကိစ္စ ပန်းချီထိန်လင်း ကို ပေါ်ပြူလာမြန်မာ မှ အင်တာဗျူး

ကိုထိန်လင်း မြောက်ပိုင်း ကို စရောက်တဲ့အချိန်က စပြောပြပါ။ ဘယ်အချိန်က ရောက်တာလဲ။

မြောက်ပိုင်းကို စရောက်တာက ပတ္တနိကုသဏ ကံဆောင်ပွဲတွေ နှိမ်နင်းပြီးတဲ့ အချိန်လောက်ပါ။ အမှန်က ကျွန်တော်က အိန္ဒိယကနေ ထွက်လာတာ။ အိန္ဒိယကမ့် မှာ နှစ် နှစ်နေပြီးပြီ။ နေပြီးတဲ့ အချိန် မှာ အခုတောင်ကြီး ထောင်ထဲမှာ ကျန်နေတဲ့ ဦးရွှေထူး။ ဦးရွှေထူးက အဲဒီအချိန်မှာ ဒီပတ္တနိကုသဏကံ ဆောင်ပွဲမှာ မစိုးရိမ်တိုက်မှာ ဘုန်း ဘုန်းတွေနဲ့နေပြီး စီမံနေတော့ သူကနေ လှမ်းပြီးအသံပြုလိုက်တာ။ အဲဒီတုန်းက စပြီးတော့ ပန်းချီ အလုပ်တွေ အနုပညာအလုပ်တွေ လုပ်နေပြီလေ။ ဒါပေမဲ့ အဲဒီလို ဝါဒ ဖြန့်ချိရေးကိစ္စပေါ့။ ကျောင်းသား တပ်မတော်တို့ ဘာတို့ပေါ့။ သူက အဲဒါကို ဆရာတော်တွေနဲ့ လာလုပ်စေချင်တာဆိုတော့ အဲဒါနဲ့တင် သွားလိုက်တာ။ ခိုးဝင်လာ တာပေါ့နော်။ ရောက်တဲ့ နေ့မှာပဲအဲဒီ ကံဆောင်ပွဲကို နှိမ်နင်းတဲ့ဟာက ဖြစ်နေပြီ။ ဖြစ်နေတော့ ကျွန်တော် ဘုရားကြီးက တိုက်ထဲကနေ မြင်လိုက်တာနဲ့ တပ်က ကျောင်းကို ဝိုင်းထားလိုက်တာ။ မြင်လည်း မြင်ရတယ်။ အဲဒါနဲ့တင် ဘုရားဖူးတွေနဲ့ ရောပြန်ပြေးပြီးတော့ ရေနံချောင်းသွားတယ်။ အဲဒီမှာ စုံစမ်းလိုက်တော့ မြောက်ပိုင်းမှာ ကိုယ့်ရဲဘော်တွေ ရှိတယ်။ ကသာတို့ မိုးညှင်းတို့ အဲဒီမှာရှိတဲ့ ကျောင်းနေဖက်တွေ။ သူတို့တွေကလည်း သပိတ် ခေါင်းဆောင်တွေပဲ။ အဲဒါနဲ့ တက်သွားလိုက်တာ။
ဆိုတော့ ၉ဝ ရွေးကောက်ပွဲ အပြီး။ ပတ္တနိကုသဏကံဆောင်ပွဲ အပြီးလောက်မှာပေါ့။ ၁၉၉ဝ နှစ် လယ်လောက်ပေါ့။ ပြောမယ်ဆိုရင်တော့ မိုးတွင်းကြီး ဇွန်၊ ဇူလိုင် လောက်မှာ။ မိုးညှင်းကနေ တက်သွားတာ။ တပ်ရင်း (၅) လေ။ အဲဒီမှာ ကျောင်းသားတွေ တွေ့ရတယ်။ လက်နက်ကိုင်ထားတာ တွေ့ရတယ်။ အဲဒီအချိန်မှာ တပ်မတော်ထိုးစစ်က အသည်းအသန်ထိုးတာ။ မိုးတွင်းကြီး။ ဧရာဝတီမြစ်ကိုလည်း သူတို့က ပိတ်ထားလိုက်တယ်။ သင်္ဘောတွေနဲ့ ပိတ်ထားတာ။ စစ်သင်္ဘောတွေ ဧရာဝတီမြစ်နဲ့ ရထားသံလမ်းကြား။ သူတို့ခေါ်တာတော့ မိုးညှင်းရင်း (၅) ခွင်ပေါ့။ ကောက် ကွေ့ချောင်းနဲ့ရင်း (၅) ခွင်။ အဲဒီခွင် ထဲမှာ (၇) လ၊ (၈) လ လောက် ကြာတယ် ထွက် မရဘူး။ အဲဒီမှာပတ်ပြီး တောထဲမှာ ဝှက်ထားတဲ့ ဆန်တွေဘာတွေ စားသောက်ပြီးနေရတာ။ ဒါပေမဲ့ အဲဒီမှာကတည်းက ဒေသခံ ABSDF ရဲဘော်တွေရဲ့ သဘော ထားတွေ ကြည့်ကတည်းက ပြဿနာရှိနေပြီ ဆိုတာခံစားလို့ရတယ်။ သူတို့ကကျတော့ ဘယ်လိုလဲဆိုတော့ ရွာဘက်က လာတဲ့သူတွေဖြစ်တယ်။ ပြောမယ် ဆိုရင်တော့ တောနေတောစား ကျွမ်းကျင်တယ်ပေါ့နော်။ ကျွန်တော်တို့က မြို့ပေါ်ကလာရတယ်။ မိဘအလုပ်အကိုင်မှာလည်း ဒီဟာမျိုးမရှိဘူး။ ဆိုလိုတာကတော့ နှီးမဖြာ တတ်ဘူး။ တိုင်မခုတ်တတ်ဘူး။ ဝါးမခုတ်တတ်ဘူး။ ဒါကို သူတို့က အပြစ်လို့ ခေါင်းဆောင်တွေပိုင်းက အစပြောတာလေ။ မင်းတို့ ရန်ကုန်က တက်လာတဲ့ကောင်တွေက အကုန်လုံး ဘော်ကျော့ချည်းပဲ။ လက်ကြောတင်းတဲ့ ကောင်တစ်ကောင်မှ မပါဘူး။ ဒါနဲ့များ တော်လှန်ရေး လုပ်ဦးမယ်တို့။ ကျွန်တော်တို့က ပြောတာလည်း ပါတယ်။ ကျန် တဲ့သူတွေကိုလည်း အသိပေးနေတာ။ ဒီကောင်တွေဟာ အလကားပေါ့။ ရန်ကုန်၊ မန္တလေးက တက်လာတဲ့ ကောင်တွေဟာ အလကားကောင်တွေ။ တော်လှန်ရေးမှာ ဘာရုပ်မှမပေါက်ဘူး ဆိုတဲ့ဟာမျိုးပေါ့။

ကျောင်းသားတွေ ကိုယ့်အချင်းချင်း သတ်လာတာ။ အဲဒီ ပဋိပက္ခရဲ့ အစမြစ်ဖျားခံတာ ဘယ်ကစတာလဲ။

ဒီပြဿနာရဲ့ အစက ကျွန်တော်မရောက်ခင် အစောပိုင်း နှစ်တွေကတည်းက။ ဒါက နောက်မှ ကျွန်တော် ပြန်ကောက်ရတာပေါ့နော်။ ဒါပေမဲ့ လတ်တလော ပြဿနာ တစ်ခုလည်း ရှိတယ်။ လတ်တလောပြဿနာက ကျွန်တော်တို့ ဗဟိုရောက်ပြီးတော့ ရှစ်လေးလုံးပွဲလုပ်တယ်။ လုပ်ပြီးတဲ့ နောက်ပိုင်းမှာ ကျွန်တော်တို့နဲ့အတူ မန္တလေး ဘက်က တက်လာတဲ့ စိုးမြတ်အောင်ဆိုတဲ့ ရဲဘော်လေးတစ်ယောက် ထွက်ပြေးတယ်။ အဲဒီကနေ လမ်းကြောင်းရသွားတာပေါ့လေ။ သူ့ကိုဖမ်းလိုက်တယ်။ ထွက် မပြေးလည်း ဒီကိစ္စက လုပ်တော့မှာပဲ။ ဘယ်သူဘာပဲဖြစ်ဖြစ် အစတစ်ခုကနေ ဖမ်းပြီးလုပ်တော့မှာပဲ။ အဲဒီတော့ ဒီပြဿနာတွေ ဖြစ်ပြီးတဲ့ နောက်ပိုင်းမှာ ပြန်ကောက် တဲ့အခါမှာ ဘာဖြစ်တာလဲဆိုတော့ ကျွန်တော်မရောက်ခင် ပထမဆုံး ရှစ်လေးလုံးအပြီးမှာ မြောက်ပိုင်းမှာ ရှိနေတဲ့ မိုးညှင်း၊ နမ္မား၊ မိုးကောင်းစသည်ဖြင့် အဲဒီက သပိတ်ခေါင်းဆောင်တွေ။ သူတို့က အရင်ရောက် သွားတာ။ ရောက်သွားပြီး တပ်ဖွဲ့တွေ ထူထောင်တယ်။ KIA နဲ့အတူ ပူးတွဲပြီးတော့ စစ်ရေးတာဝန်ယူမယ် ဆိုတဲ့ဟာမျိုး နဲ့ သံချောင်း၊ မျိုးဝင်း၊ အောင်ကြီးတို့အဲဒီဘက်က ခေါင်းဆောင်တွေ၊ အရင်ရောက်နှင့်သူတွေ။ သူတို့မှာတော့ ဘယ်လိုပြ ဿနာတွေရှိလဲဆိုတော့ တပ်ဖွဲ့အတွင်း အကြီး အကျယ် အာဏာသုံး၊ သူတို့လာရင်မတ်တပ်ရပ် သတိဆွဲပေါ့။ ပါးရိုက်လည်းခံ၊ နားရိုက်လည်းခံ။ သူတို့ရဲ့ဝေယျာဝစ္စတွေကအစ လိုက်လုပ်ပေးရတဲ့ဟာ မျိုးတွေ၊ နောက် တစ်ခါ အချို့ကျတော့လည်း ငွေကြေးတွေရလာတော့ ပြန်ပို့တာတို့ ဘာတို့ပေါ့ဗျာ။ စည်းစိမ်ခံတာတို့၊ အဲဒါမျိုးတွေရှိတယ်။ ရှိတော့ တော်လှန်ရေးတပ်ဖွဲ့ သိပ်မဆန်ဘဲနဲ့ ဂိုဏ်း နည်းနည်း ဆန်လာတယ်။ နိုင်ငံရေးမပါဘဲနဲ့ အကြမ်းဖက်ဂိုဏ်းတစ်ခုလို၊ အဲဒီနောက်ပိုင်းမှာ ရန်ကုန်၊ မန္တလေးက ကျောင်းသားတွေထုံးစံ အတိုင်းရောက်လာတယ်။ ကိုထွန်း အောင်ကျော်အပါအဝင် ကိုအောင်နိုင်တို့ ရောက်လာတယ်။ အဲဒီလို ရောက်လာတဲ့အခါကျတော့ ကွာခြားသွားတယ်။ ဥပမာကိုရဲလင်းတို့ဆို ဒီကနေတက် သွားတဲ့သူတွေ၊ ပါတီတာဝန်တွေဘာတွေ လုပ်ဖူးတယ်။ ရန်ကုန်-မန္တလေးကတက်တဲ့ ကျောင်းသားတွေက နိုင်ငံရေးစာပေတွေ ဖတ်ရှုလေ့လာတယ်။ သမိုင်းကြောင်း လေ့ လာမှု၊ ရှစ်လေးလုံး အရေးတော်ပုံကြီး တစ်ခုလုံးအပေါ်မှာ ကြေညက်ခဲ့တယ်။ ဒါမျိုးတွေ ရှိလာတော့ ကွာသွားပြီလေ။ စကားပြောလိုက်တာနဲ့ ကွာသွားပြီ။ အသစ်ရောက် လာတဲ့ ရဲဘော်တွေ ဖြစ်သော်လည်း နဂိုရောက်လာတဲ့သူတွေ အမြင်မှာ ဒီလူတွေနဲ့ငါတို့ ရှိထားတဲ့ခေါင်းဆောင်တွေနဲ့ဆိုတာ အကြီးအကျယ် ကွာခြားသွားပြီ။ အဲဒီလိုအပြင် အနေအစားတွေလည်း ကွာလာပြီ။ အနေအစားတွေမှာလည်း တကယ့်ရဲဘော်ရဲဘက် စိတ်နဲ့အတူနေတယ်။ တစ်ယောက်နဲ့တစ်ယောက် အပြန် အလှန် လေးလေးစားစား နှိမ့်နှိမ့်ချချနဲ့ ဆက်ဆံတတ်တဲ့သူတွေ ပေါ့နော်။ ဆိုတဲ့အခါကျတော့ တကယ်ယဉ်ကျေးတဲ့ သူတွေက ဒီလူတွေပါလား။ သိလာတော့ ဟိုကောင်တွေကို လက်မခံချင်တော့ဘူး။ နောက်ဆုံးကျတော့ ပြောရရင် ဘယ်လိုလဲဆိုတော့ တပ်တွင်းမှာ ဆန္ဒပြမှုဆန်ဆန်ပေါ့။ သင်တန်းမဆင်းတော့တာ။ တန်းမစီ တော့တာတို့။ အဲဒီမှာတင် သူတို့ ဆွေးနွေးပွဲပြန်လုပ်တော့ ဟုတ်ပြီ ခေါင်းဆောင်တွေကို မကျေနပ်တာတွေကို လွတ်လွတ်လပ်လပ် ပြောဆိုကြပါ ဆိုပြီး ဖြစ်လာတာပေါ့။ အဲဒီမှာတင် ဒေါ်ချိုချိုကျော်ငြိမ်းသားကို မောင်မောင်ကြွယ်၊ ဦးဇော်ခင်ရဲ့သား မောင်ဝဏ္ဏဇော်တို့ စသည်ဖြင့် ရန်ကုန်-မန္တလေးက တက်လာတဲ့ သူတွေက သူတို့တွေက Stage ပေါ်မှာ ကျင့်သားရနေပြီ။ ဝေဖန်တာ ပြောဆိုတာတွေကိုသူတို့တွေက ဦးဆောင်ပြီး လက်ရှိ ရှိထားတဲ့ခေါင်းဆောင် တွေရဲ့ အားနည်း ချက်တွေကို ထောက်ပြဝေဖန်တာတွေ။ ဒီမိုကရေစီတပ်ဖွဲ့ဆိုရင် ဘယ်လိုမျိုး ဖြစ်သင့်တယ်။ အခုလို လုပ်နေတာတွေက ဘာနဲ့တူတယ်ဆိုတာမျိုးပေါ့။ လူဆိုးဂိုဏ်းနဲ့ တူတယ်ပေါ့။ ဆိုတော့ အရှက်ရသွားကုန်တယ်။ အများအလယ်မှာ အရှက်ရတယ်။ နောက်မဲခွဲလိုက်တဲ့ အခါကျတော့ တစ်မဲမှမရတော့ဘူး။ မရတော့ ဒါလည်း အကြီးအကျယ် အရှက်ကွဲတယ်။ အရှက်ကွဲတော့ အဲဒီမှာ ဒီဟာက အငြှိုးပဲ။ ဒါပေမဲ့ ကိုထွန်းအောင်ကျော်တို့ ရွေးကောက်ပွဲနဲ့ ခေါင်းဆောင်တင်မြှောက်လိုက်တဲ့ ပုဂ္ဂိုလ်တွေထဲမှာ ကိုညီဂျော်တို့၊ ကိုရဲလင်းတို့ ကိုထွန်းအောင်ကျော်၊ ကိုအောင်နိုင်စတဲ့ ရန်ကုန်၊ မန္တလေးက လာတဲ့သူတို့။ နောက်ဦးစိန်တို့၊ ဦးစိန်ဆိုတာက ၁၉၇၄ ကတည်းက ယူဂျီအနေနဲ့ တောက်လျှောက် လုပ်လာတာ။ အကျဉ်းထောင် အကြိမ်ကြိမ်ကျလာတဲ့သူ။ ဆိုတော့ ပြည့်ဝမှုတို့ဘာတို့က ကွာသွားပြီလေ။ ဦးစိန်တို့ လည်း ခေါင်းဆောင်တွေဖြစ်။ ဒါပေမဲ့ ပြဿနာက ဟိုနဂိုရှိထားတဲ့ကောင်တွေက မလွှဲချင်ဘူး။ လက်နက်ကလည်း ရှိတယ်။ ဟိုသေနတ်ဖောက်၊ ဒီသေနတ်ဖောက်၊ အရက်သောက်နဲ့ ငါတို့က ဒီလေ့ကျင့်ရေးကွင်းတွေ ငါတို့ဖောက်ထားတာပေါ့။ ဒီတဲတွေ ငါတို့ဆောက်ထားတာပေါ့။ အခုမှ ဒီကောင်တွေကလာပြီး ဘာညာပေါ့။ ဒါမျိုးတွေပေါ့ဗျာ။ အဲဒီတော့ ရန်ကုန်၊ မန္တလေး ခေါင်းဆောင်တွေနဲ့ ကိုထွန်းအောင်ကျော်တို့က စဉ်းစားတယ်။ သူတို့ပြောတာလည်း ဟုတ်တာပဲပေါ့။ ဒီလူတွေကိုလည်း တတ်နိုင်သလောက် နေရာလေး တစ်ခုထားသင့်တယ်ပေါ့။ ဆိုပြီးတော့ ဗဟိုကော်မတီထဲမှာ ဆွဲထည့်တာ။ ဆိုတော့ အတွင်းရေးမှူး (၁)ပေါ့။ ကိုသံချောင်းဆိုလည်း စစ်ရေးက စစ်ရေးပဲပေါ့။ ကိုမျိုးဝင်းက သူ့ကိုစစ်ရေးတာဝန်ခံ ဒုတိယသူ့ကိုပေးပါပေါ့။ အဲဒီမှာ ငါတို့က နိုင်ငံရေးအရ နေပြီးတော့ စစ်ရေးတာဝန်ကို ညွှန်ကြားမှာပဲ။ ကဲ ရတယ် ယူကြဆိုပြီးတော့ ကိစ္စမရှိဘူးပေါ့။ အဲဒီလို ပေးလိုက်တဲ့ဥစ္စာက အခုဟာရဲ့ တကယ့်ပြဿနာပဲ။ ဘာလို့လဲဆိုတော့ အဲဒီနေရာကို ခြေကုပ်ယူပြီးတော့ အကွက်ကျကျ စီစဉ်ခွင့်ရသွားတယ်။ အချိန်ယူပြီး အယုံသွင်းတယ်ပေါ့ဗျာ။ ကိုထွန်းအောင်ကျော်ဆိုလည်း ဆက်ဆံရေး ပြောင်းသွားတယ်။ ဥက္ကဋ္ဌ၊ ဥက္ကဋ္ဌနဲ့ ကျိုးကျိုးနွံနွံနဲ့ လုပ်ပြတယ်။ အခြေခံကျတဲ့ ရဲဘော်တွေအောက်မှာလည်း အရင်လို အာဏာသုံးတာတွေ ဘာတွေ မလုပ်တော့ဘဲနဲ့ပေါ့။ သူတို့က အကြံရှိတာကိုး။ အဲဒီလိုမျိုးနဲ့ အချိန်ယူ ပြီးတော့ အငြှိုးအတေး အာဃာတနဲ့လက်စားချေတာ။ အဲဒီတော့ အာဏာလုပွဲပါပဲ။ တော်တော်လေး ယုတ်ယုတ်မာမာနဲ့ အောက်တန်းကျကျလုပ်တဲ့ အာဏလုပွဲပဲ။
ဆိုတော့နိုင်ငံရေး အမြင်ရှိ တဲ့သူတွေကို ရှင်းထုတ်လိုက်တဲ့ သဘောပေါ့။
ဒါပါပဲ။

အဲဒီအချိန်မှာ ABSDF က ဒေါက်တာနိုင်အောင်တို့ အဲဒီဘက် ရောက်နေပြီလား။

ဒေါက်တာနိုင်အောင်တို့က ဒီပြဿနာတွေ ဖြစ်လာတယ်။ ဖြစ်လာတဲ့အချိန်မှာ တောင်ပိုင်းနဲ့ ဆက်သွယ်တယ်လို့ဆိုတယ်။ ဒါတွေက ပြောရရင်တော့ ကျွန်တော် တို့ ပြဿနာတွေဖြစ်တဲ့ အချိန်မှာ နေ့စဉ်နဲ့အမျှ ရိုက်နှက်နေတော့ အဲဒီထဲကနေ ဖမ်းယူရတာပေါ့။ မျက်လုံးစီး ရိုက်နှက်နေတော့ အသံတွေနဲ့ပဲ ကြားရတာပေါ့။ ထဲထဲဝင် ဝင်လားဆိုတော့ မဟုတ်ဘူး။ ဒါပေ မဲ့ ဒီဟာတွေက ထဲထဲဝင်ဝင်ရှိခဲ့တဲ့ အဲဒီအချိန်က ခေါင်းဆောင်တွေထဲပါတဲ့ ကိုသိုက်ထွန်းဦးတို့လို ပုဂ္ဂိုလ်မျိုးပေါ့။ သူပါတယ်။ သူက သူ့မှာ အပြစ်ရှိတယ်လို့လည်း ပြောတယ်။ သူက အဲဒီအထဲမှာ ဝင်ရိုက်ရတယ် လို့လည်းပြောတယ် စသဖြင့်ပေါ့။ အပြင်မှာ အဖမ်းမခံရဘဲနဲ့ ကျန်နေတဲ့ မျက်မြင် ရဲဘော်တွေရှိသေးတယ်။ ဒီရဲဘော်တွေရဲ့ပြောပြချက်တွေနဲ့ လည်း ကျွန်တော်တို့က သိရတယ်။ ကျွန်တော်တို့ ကိုယ်တိုင်လည်း ကိုနိုင်အောင် ရောက်လာတော့ ရှိတယ်လေ။ ကျွန်တော်တို့နဲ့ တွေ့ရတယ်။ တွေ့ရတယ်ဆိုပေမယ့် စကားမပြောရဘူး။ အဲဒီအချိန်မှာ ကျွန်တော်တို့က သုံ့ပန်းလိုဖြစ်သွားပြီ။ သူကတကယ့်တော်လှန်ရေးခေါင်းဆောင် ကြီးတစ်ယောက် ဖြစ်တယ်ပေါ့။ သူလာတဲ့အခါမှာ ကျွန်တော်တို့ကို ဒီကောင်တွေကို ဟိုဟာတွေဆိုပြီး ကြည့်သွားတာ။ ဒါပေမဲ့ ကျွန်တော် တို့ထဲမှာမှ သူတို့တောင်ပိုင်းက တက်လာတဲ့ ရဲဘော်တွေကို တစ်ယောက်ချင်းခေါ်တွေ့ပြီးတော့ တချို့တွေကို ရိုက်နှက်သွားတာရှိတယ်။ ကိုသိန်းထွန်းဆို အခုအချိန်အထိ နားတွေမကြားတော့ဘူး။ ကိုနိုင်အောင် ရိုက်သွားတာ။
ဆိုတော့ စဖမ်းတဲ့အချိန်မှာ ကိုနိုင်အောင် မရှိဘူး။ တောင်ပိုင်းနဲ့ ဆက်သွယ်တဲ့အခါမှာ သူတို့က လက်ခံတာ။ ဒါကိုသေချာလုပ်ပေါ့ စသဖြင့်ပေါ့ဗျာ။ ဒါမျိုးတော်လှန်ရေး တပ်ဖွဲ့ထဲမှာ ရှိတတ်တယ်ပေါ့။ နောက် သူရောက်လာပြီးတော့ ဖေဖော်ဝါရီလ ၁၂ ရက်ပေါ့။ လွန်ခဲ့ တဲ့နှစ် ၂ဝ က ဒီနေ့ပေါ့။ နည်းနည်း စောပြီး ကျွန်တော်တို့ကို ထမင်းကျွေး လိုက်တယ်။ ကျွန်တော်တို့က အဲဒီအချိန်မှာ တောထဲမှာ ထင်းဖြတ်၊ ကျောက်ထုပေါ့။ နံနက်လင်းတာနဲ့ အခုရှိနေတဲ့ ရဲဘက်ပေါ့။ အဲဒီထက် ပင်ပန်းတယ်။ အကန်အကျောက်လည်း ခံရတယ်။ ထင်းခုတ်၊ ဝါးခုတ်၊ လမ်းပြင်အကုန် လုပ်ရပါတယ်။ လုပ်နေရင်းနဲ့ မနက်ပိုင်းမှာ အလုပ်သိမ်းလိုက်တယ်။ သိမ်းပြီးတော့ လက်ပြန် ကြိုးတွေ တုပ်၊ မျက်လုံးတွေစည်း။ လူတွေကလည်း အများကြီးရောက်လာတယ်။ မလှုပ်နဲ့ဘာဖြစ်တယ်။ ညာဖြစ်တယ်ပေါ့ဗျာ။ ကျွန်တော်တို့ မြန်မာစကားမှာ တုပ်တုပ်မျှ မလှုပ်နဲ့ဆိုတဲ့စကားပေါ့။ နားရွက်မခတ်နဲ့ပေါ့ဗျာ။ လှုပ်တဲ့ကောင်က အုန်းခနဲ ဒိုင်းခနဲ ဖြစ်သွားတာ။ ပြီးတော့မှ နာမည်ရှိတဲ့ သူတွေ သူတို့စီစဉ်လာတဲ့ သူတွေခေါ်တယ်။ အဲတော့ အဲဒီလိုမလုပ်ခင်မှာသူတို့ လက်မှတ်ထိုးပြီးပြီလေ။ တပ်ဖွဲကို ကြေညာခဲ့ပြီ။ ဒီလူတွေကို သေဒဏ်ပေးမယ် ဆိုပြီး။ အဲသလို ကြေညာပြီးတော့မှ သူတို့ တက်လာ တာ။ တက်လာပြီးတော့မှာ ကိုထွန်းအောင်ကျော် အပါအဝင်ပေါ့ ၁၅ ယောက် ခေါ်ထုတ်သွားတာ။ ကျွန်တော်တို့တွေက ကျန်ခဲ့တယ်။ အဲဒီမှာခေါင်းဖြတ်တာ။

ဒါဆို ဒီပြဿနာမှာ ဒေါက်တာ နိုင်အောင်က အဓိကကျတဲ့ အခန်းကဏ္ဍက ပါတာပေါ့။

ပါတာပေါ့။ သူက တောင် ပိုင်း ဥက္ကဋ္ဌလည်း ဖြစ်တာ။ ဒီဘက်မှာ တက်လာတဲ့အခါမှာလည်း သူ့ကို ကိုအောင်နိုင်တို့ ဘာတို့ကလည်း အသိအမှတ်ပြုတဲ့ မဟာမိတ်အနေနဲ့ ပါဝင်တာ။ ဆို တော့ ဒီဟာထဲမှာ သူရဲ့သဘောထား ပါဝင်ပါတယ်။ သတ်တဲ့သူတွေက ပြောတာ တော့ Informer (သတင်းပေး) ဆိုပြီး ပြောတယ်။ သူတို့ပြောတာတော့ သူလျှို ဖော်ထုတ်တယ်ပေါ့။

အဲဒီအချိန်မှာ မိုးသီးဇွန်ကရော။

အဲဒီမှာ မိုးသီးဇွန်နဲ့ ဒေါက်တာ နိုင်အောင်ကွဲနေပြီ။ နောက် ကျွန် တော်တို့ ဒီဘက်ကိုရောက်လာပြီး နောက်ပိုင်း ထောင်က လွတ်လာတယ်။ နောက် ပတ်စပို့ရလာတော့ အပြင်ထွက်ခွင့်ရတယ်။ နိုင်ငံပြင်ပ လူတွေနဲ့ ဆက်သွယ်ခွင့်ရတဲ့အချိန်မှာ ကြေညာချက်သုံးစောင် ရထားတယ်။ တစ်စောင်က မိုးသီးဇွန်၊ နောက်တစ်စောင် က ဒေါက် တာ နိုင်အောင် ဦးဆောင်တဲ့ အဖွဲ့ရဲ့ ကြေညာချက်၊ နောက်တစ်စောင်က BLC ရဲ့ ကြေညာချက်။ ကိုအောင်ထူးတို့ပေါ့။ ရှေ့နေများ ကောင်စီရဲ့ ကြေညာချက်။ ဒါတွေ ကျွန်တော့်မှာရှိပါတယ်။ BLC က ဒေါက်တာနိုင်အောင်တို့နဲ့ သဘောထားတူတယ်။ ကိုမိုးသီးဇွန် ထုတ်ထားတဲ့ သဘောထားမှာ ဒါကို လက်မခံနိုင်ဘူး။ ဒါပေမဲ့ ကျွန်တော်တို့ရတဲ့ ကြေညာချက်တွေက သတ်ပြီးမှရတဲ့ ကြေညာချက်တွေ။ သတ်ပြီးသွားတဲ့အချိန်မှာ ကိုမိုးသီးဆိုဒ်က လက်မခံဘူးလို့ ထုတ်တယ်။ ကိုနိုင်အောင်တို့ က ဖော်ထုတ်ခဲ့ပြီး သုတ်သင်ခဲ့တာ ရှိတယ်။ ထောက်လှမ်းရေးတွေဟာ ကျွန်တော်တို့ တပ်ဖွဲ့ထဲဝင်ပြီး ခေါင်းဆောင်ပိုင်းနေရာကို ယူမယ်။ ဘယ်လို ဖြိုခွင်းမယ်။ အဲဒါကြောင့်မို့ သူတို့လုပ်ရတာပေါ့။ BLC ကလည်း အဲဒီ သဘောပါပဲ။ ဒီဟာကို လက်ခံတယ်ဆိုတဲ့ သဘောထားမျိုး တောတွင်းဥပဒေအရ လုပ်ရတယ်ပေါ့။

ဆက်လက်ဖော်ပြပါမည်
မျိုးညွန့်၊ မိုးမြင့်မြတ်

ပေါ်ပြူလာမြန်မာ (http://popularmyanmar.com/mpaper/archives/37220 )

ပြည်တွင်း ပြည်ပမှာ ကျင်းပကြသော အနှစ် ၂၀ မြောက် အမှတ်တရပွဲများ

ကြွေလွင့်သွားသောကျောင်းသားများအမှတ်တရပွဲမှာ ကိုယ်တွေ့ ပြောပြခြင်းများ။

ကြွေလွင့်သွားသောကျောင်းသားများအမှတ်တရ.အပိုင်း ၂

မန္တလေး အမှတ်တရပွဲမှာ ပြသသော သရုပ်ဖေါ်ပြကွက်

မန္တလေး အမှတ်တရပွဲမှာ ကိုရဲလင်းအားမေးမြန်းခြင်း

http://facebook.com/khudaun

http://facebook.com/khudaun

ထပ်ဆင့်နှိုးဆော်အပ်ခြင်း

ထပ်ဆင့်နှိုးဆော်အပ်ခြင်း

မြောက်ပိုင်း လူသတ်မှု့ကိစ္စအတွက် တပ်ရင်းမှူးကိုသိုက်ထွန်းဦးနဲ့ ထိန်လင်း ဆွေးနွေးခြင်း..

88KhuDaun88 ©

TOP