တော်နှင်းဆီတွင် သတင်းစာရှင်းလင်းပွဲဦးဆောင်သူ ကိုကျော်နိုင်ဦးကို RFA မှ မေးမြန်းခြင်း..။

Monday, December 26, 2011

ကျွန်တော်လူ့ ကက်ဆက် ( ပန်းချီ ထိန်လင်း )

ကျွှန်တော်လူ့ကက်ဆက်(ပန်းချီ ထိန်လင်း )

တလောက သန်းဂျီးမတွေ အကြောင်းရေးလိုက်တော့ တချို့လည်း သဘောတွေ့ကြ တချို့ကလည်း ပူပန်ကြ အသံမျိုးစုံ ကြားခဲ့ရပါတယ်။ ဒီတခါတော့ တမျိုးပြောင်ပြီး “ပိုး” တွေအကြောင်းရေးမယ် စိတ်ကူးမိပါတယ်။ ပိုး က ရိုးရိုးပိုးမျိုး မဟုတ်ပါဘူး ဂီတပိုး၊ အနုပညာပိုးများ အကြောင်းပါ။ သန်းဂျီးမ တွေကို ရေနွေးတွေကြိုထားတဲ့ ဒယ်အိုးထဲထည့်လိုက်တော့ အားလုံးကြွကုန်ပေမယ့် ဒီအနုပညာပိုးက ရေနွေးအိုးထဲထည့်လည်း မသေ၊ လျှပ်စစ်နဲ့ တို့လို့လည်း မသေ၊ အင်မတန် ချိုးရ နှိမ်ရခက်တတ်ပါတယ်။

၁၉၉၈ နေ ၂၀၀၄ နှစ်ကုန်ပိုင်းထိ အင်စိန်ထောင်၊ မန်းထောင်နဲ့ မြောင်းမြထောင် သုံးထောင်ကို ဂန္ဓာရီလှည့်လည် စံမြန်းစဉ်ကာလ ခြောက်နှစ်ခွဲ အတွင်း ထောင်အာဏာပိုင်နဲ့ အရှင်းရဆုံးအမှုဟာ ထောင်တွင်း သီချင်းအော်ဆိုမှု အများဆုံးပါ။ တခါကဆို သီချင်းအသစ်တပုဒ်ကို စိတ်နဲ့ရေးပြီးစ သီချင်းတပုဒ်ကို ထ အသံစမ်းဆိုကြည့်တော့ထောင် ၀န်ထမ်းတွေ နံပတ်တုတ်တွေ တိုက်ထဲကို အလန့်တကြားပြေးဝင်လာ ကြပါတယ်။ နောက်တော့ ကျွန်တော် သီချင်းဆိုတာဆိုလည်းသိရော ဆဲလိုက်ဆိုလိုက်တာ မိုးမွှန်နေသွားတော့တာပါပဲဗျာ။ သူတို့ အဆိုအရ ကျွန်တ်ာသီချင်းဆိုသံဟာ ခွေးဟောင်သံထက်ကို ဆိုးတယ်လို့ဆိုပါတယ်။ အဲဒီလောက်ထိ ပါရမီ ထူးခြားပါတယ်။ အဲဒီကြားထဲက ကိုထိန်လင်းက စိတ်ကူးလွဲနေတာ ပန်းချီဆွဲရမှာ မဟုတ်ဘူးဗျ သီချင်းဆိုရမှာလို့ တခါတလေ ကာရာအိုကေမှာ တစုံတယောက် ပြောလာရင်တော့ ကျွန်တော်လက်ထဲက မိုက်ကရိုဖုန်းဟာ ဆွဲလုမယူခဲ့ရင် တခြားလူရဘို့ မမြင်တော့ပါဘူး။ အဲလောက်ရူးပါတယ်။


ရှူးတဲ့အထဲမှာတော့ ကာလတခုမှာ လူကက်ဆတ် ဖြစ်သွားတဲ့အထိပါ။ အဲဒီကာလက စီဒီတွေ မပေါ်သေးတဲ့ ကတ်ဆတ်ခေတ်ဖြစ်တာမို့ လူကတ်ဆတ် ဖြစ်သွားရတာပါ။ ခုလို စီဒီခေတ်၊ အိုင်ပေါ့ခေတ်ဆိုရင်တော့ လူစီဒီ၊ လူအိုင်ပေါ့တို့ ဘာတို့ ဖြစ်သွားနိုင်ပါတယ်။ လူကတ်ဆက်က ဘယ်တုန်းက ဖြစ်ခဲ့ဘူးပြန်တာတုန်းဟု မေးသော် ၁၉၉၁ စက်တင်ဘာ နောက်ပိုင်း ကနေ ၁၉၉၂ မိုးလယ်ပိုင်းအတွင်း ကချင်ပြည်နယ် ပါဂျောင်ဒေသ ABSDF (NB) ထပ်ဖွဲ့၏ အကျဉ်းသား ဘ၀ကဟု တိတိကျကျ ပြောမှဖြစ်ပါလိမ့်မယ်။


အဲဒီလိုပြောရတဲ့ အကြောင်းကတော့ တောင်ပိုင်း ထိုင်းနယ်စပ်မှာ ABSDF တပ်ဖွဲ့ဟာ တော်လှန်ရေးတပ်ဖွဲ့တခုအဖြစ် ဆက်လက် ရပ်တည်နေပြန်ပါတယ်။ အဲဒါကြောင့် မဆီမဆိုင် အလကားနေရင်းမတ်တတ် တချို့က ဒီတပ်ဖွဲ့က ရဲဘော်တွေကို ဒီပြသနာတွေနဲ့ ဆက်စပ်ပတ်သတ် နေသယောင် ထင်ယောင်ထင်မှား မဖြစ်ရဘို့ တိတိကျကျ ကြိုပြောထားရခြင်း ဖြစ်ပါသဗျ။ ပြသနာက တောင်ပိုင်းတပ်ဖွဲ့ ဦးဆောင်သူ တွေထဲမှာက ကိုမျိုးဝင်း နာမည်တူက ရှိနေတော့ အလကားနေရင်း ကိုမျိုးဝင်း အိပ်ယာအောက် ရေ၀ပ်တဲ့ကိန်း ၀င်နိုင်တာ မြင်ယောင်မိလို့ ကျွန်တော်အနေနဲ့ ဒီအကြောင်းအရာကို ရေးသားဘို့ လက်တွန့်တဲ့အထဲမှာ အဓိက အချက်တခုကတော့ နှစ်ပေါင်း၂၀ ကျော်လာတဲ့ ကျောင်းသားတော်လှန်ရေးသမိုင်း အလံတော်ကို မည်သို့ပင်ဖြစ်စေ ချစ်နေဦးမည် ဆိုတဲ့ စာသားလို ဒုက္ခအပေါင်း ခါးစည်းခံပြီး စွဲစွဲမြဲမြဲ လုပ်နေတဲ့ပုဂ္ဂိုလ်တွေလည်း ရှိနေသေးတယ်ဆိုတာကိုလည်း သိနေတဲ့အခါ အတော်လက်တွံ့မိတယ်ဆိုတာ ရိုးသားစွာဝန်ခံပါတယ်။


ပြည်ပကို ထွက်ခွင့် စပြီးရတော့ ချင်းမိုင်ကို ပန်းချီပြပွဲ ကိစ္စနဲ့ လာတဲ့အချိန်မှာ လက်ရှိ အေဘီခေါင်းဆောင် (ကို)သံခဲက သမီးလေးနဲ့အတူ ဆိုင်ကယ်လေးနဲ့ လေယဉ်ကွင်းလာ ကြိုသဗျ။ ကျွန်တော်တို့ တောစခိုကာစက အိန္ဒိယ လေခွန်းစခန်းမှာ ကျွန်တော့်အနွံအတာ အများကြီးသည်းခံနားလည်မှု ပေးခဲ့တဲ့သူငယ်ချင်း ဖြစ်လို့ပါ။ ပန်းချီပြပွဲ ဖွင့်ပွဲအပြီး နောက်တရက်မှာတော့ သံခဲက မင်းကို ဒီနေ့ စပါယ်ရှယ်ဒင်နာ ကျွေးမယ်ဆိုပြီး လာခေါ်ပါတယ်။ သိတဲ့အတိုင်း လက်ရှိ အေဘီ ဥက္ကဌ တဦးက တည်ခင်းမယ့် ညစာဆိုတော့ တော်တော်လေး စိတ်ဝင်စားပြီး သူ့ဆိုင်ကယ်လေးနောက်ကနေ လိုက်သွားပါတယ်။ လမ်းမှာ စမူဆာတို့၊ နံပြားတို့၊ ဒန်ပေါက်တို့ရတဲ့ ကုလားဆိုင်တဆိုင်ကို ၀င်ပြီး ပဲဟင်းနဲ့ ကြက်သားဟင်း ၂ထုပ် ၀င်ဝယ်သဗျ။ ပြီးတဲ့အခါကျတော့ သူတို့မိသားစု ငှါးထားတဲ့ အခန်းလေးကို သွားကြပါတယ်။

သူတို့မိသားစု သုံးယောက်နေတဲ့ အခန်းလေးထဲရောက်တော့ မဒမ်သံခဲက ကွန်တော်အတွက် အထူးစီမံထားတဲ့ ဟင်းတခွက်နဲ့ စောင့်နေပါတယ်။ တခြားဟုတ်ပါရိုးလားဗျာ။ ကျွန်တော်တို့ အိန္ဒိယမှာ နေခဲ့စဉ်က ရွှေလှံဗိုလ်လို့ နာမည်ကြီးတဲ့ ကုလားအော်ငြုပ်သီးကို ငပိနဲ့ ထောင်းထားသဗျ။ ပြောစရာတခုရှိတာကတော့ မဒမ်သံခဲ (ကျွန်တော်တို့အခေါ် ဒေါ်လှိုင် ခေါ် မခင်ဆွေလှိုင်) ဟာ ကျွန်တော်တို့ မြောက်ပိုင်းပြသနာတွေ ဖြစ်နေချိန်မှာ ပါဂျောင်မှာ တထိတ်ထိတ် တလန့်လန့်နဲ့ ဖြစ်ပျက်သွားတဲ့ အနိဌာရုံ အားလုံးကို မြင်တွေ့ခဲ့ရတဲ့ မျက်မြင် တဦးလည်းဖြစ်ပါသဗျ။ ဒီလိုနဲ့သုံးဦးသား ရှေးဟောင်းနှောင်းဖြစ်တွေ ပြောရင်း မျက်ရည်ဖြိုင်ဖြိုင် ကျရပါတယ်။ (ရွှေလှံဗိုလ် ငြိုပ်သီး ကြောင့်ပါ ဒီငြုပ်သီးက စားတဲ့သူတိုင်း မျက်ရည်ကျအောင် စပ်ပါတယ်။)

ထမင်းစားပြီးတော့ စကားပြောကြရင်း ကိုထွန်းအောင်ကျော်တို့တွေ ထောက်လှမ်းရေးအဖြစ် စွပ်စွဲခံခဲ့ရပြီး ကျဆုံးခဲ့ရတာနဲ့ ပတ်သက်ပြီး လက်ရှိတောင်ပိုင်း ABSDF (NB) က တော်လှန်ရေးသမား ကျောင်းသား ရဲဘော်တွေသာ ဖြစ်တဲ့အကြောင်း ကြေညာချက်ထုတ်ပေးဘို့ သင့်၊ မသင့်ကိစ္စ စကားပြောမိကြပါတယ်။ ဒီတော့ သူက ခပ်ရှင်းရျင်းပဲ ဒီလိုပြောပါတယ်။ သူငယ်ချင်း မင်းစဉ်းစားကြည့် ဒီကိစ္စ ဖြစ်နေချိန် ငါက အနောက်ပိုင်း (အိန္ဒိယ) ဘက်မှာပဲ ရှိသေးတာ၊ မျက်စိနဲ့ တပ်အပ်မြင်ခဲ့တာလည်း မဟုတ်ဘူး။ ပြီးတော့ ဒီကိစ္စမှာ တိုက်ရိုက်ပါဝင်ခဲ့တဲ့ ပုဂ္ဂိုလ်တွေ သက်ရှိထင်ရှား ရှိနေပါရက်နဲ့ ဘာမသဘောထားမှ မပေးဘဲ ရေငုံနေကြတာကို ငါက သဘောထားထုတ်ပေးဘို့ ဘာမှ မလိုဘူးထင်တယ်လို့ ပြောပါတယ်။ သူပြောတာ အမှန်ပါပဲ။ အမှန်ကတော့ ကျွန်တော်တို့ မသေဘဲ ကျန်နေသူတွေ လုပ်ရမယ့် အလုပ်ပါ။ ကျွန်တော်တို့တွေရဲ့ အားနည်းချက်။ ကျွန်တော်တို့တွေရဲ့ တာဝန်ပျက်ကွက်မှု သက်သက်ဖြစ်ပါတယ်။

ပြီးတော့ ဆက်ပြောတာက ငါတို့က အခုလက်ရှိ ရှိနေတဲ့ အခြေအနေကို ထိမ်းထားနိုင်ဘို့ကို မနည်းရုန်းကန် နေရတာ။ အပြင်ရောက်နေတဲ့ ကိုယ့်မြန်မာတွေ ကူညီနေလို့ ဒီလောက်ထိ ရပ်တည်နေနိုင်တာ။ ဒါလည်းအမှန်ပါ။ လောလောဆယ် ကျွန်တော်တို့ သုံးယောက် ထမင်းစားနေရတာကိုက သူတို့မိသားစု အိပ်ခန်းထဲမှာ စားနေရတာပါ။ အိပ်ခန်းနဲ့ မီးဖိုချောင်နဲ့ ထမင်းစားခန်းကို ပေါင်းထားတဲ့ သရီး အင်န် ၀မ်း အခန်းလေးကို ကြည့်ပြီး လက်ရှိ အေဘီ အတွက် စခန်းပြင်ထွက်ပြီး လှုပ်ရှားနေတဲ့ ခေါင်းဆောင်တဦးတောင် ခုလို ကြပ်ကြပ်တည်းတည်း ချို့ချို့တဲ့တဲ့ နေရရင် အထဲမှာ ရုန်းနေရတဲ့ ရဲဘော်တွေခမြာ ဘယ်လောက် ခက်ခဲကြမလဲဆိုတာကို ခန့်မှန်းမိပြီး စာနာမိပါတယ်။ ဒီလို အကြပ်တည်းကြား ခရီးဆက်နေတဲ့ သူတို့စိတ်ဓါတ်ကိုလည်း လေးစားမိသွားပါတယ်။ ဒါကြောင့် အခုရေးသားမယ့် လူကတ်ဆက် အဖြစ်အပျက်များမှာ လက်ရှိ ABSDF တပ်ဖွဲ့မှာ တာဝန်မရှိပါကြောင်း ကြိုတင် ပြောထားရပါတယ်။


ရိုးရိုးသားသားပြောရရင် ခုလို ကြိုတင်ရှင်းလင်းထားရတာကလည်း သတင်းတွေထဲမှာ အမြဲပါပါလာတတ်တဲ့ ရဲဘော်သံခဲဆိုတဲ့ ဒီပုဂ္ဂိုလ်ကို နည်းနည်းလန့်တာလည်း ပါပါတယ်။ မလန့်လို့လည်း မရဘူးဗျ။ ကျွန်တော်ရဲ့ ငယ်ကျိုး ငယ်နာအားလုံးကို ဒီငသိက သိထားတာ၊ မတော် အိန္ဒိယစခန်းမှာ နေခဲ့တုန်းက ကျွန်တော်ကြောင်ခဲ့တဲ့ ကသည်းမတွေထဲက တယောက်ယောက်နာမည်ကို မှားရိုက်သလိုနဲ့ အွန်လိုင်းကနေ ကျွန်တော့်မိန်းမ မေးလ်ထဲ ရိုက်ထည့်လိုက်တာမျိုးပေါ့ဗျာ။ ဆောရီး တလုံးထဲနဲ့တင် ကျွန်တော် စပွန်ဆာပျောက်သွားနိုင်တဲ့ အကွက်လေးတွေက ရှိနေတော့ ကြိုခင်းရကျင်းရ တင်ရမြောက်ရ တာလေးတွေတော့ ရှိတာပေါ့ဗျာ။ ကျွန်တော်တို့ လူပြက်တွေ ပြက်လုံးပြက်တာတောင်မှ မပြက်ခင်မှာ ရပ်ရွာ အခြေအနေကြည့်ပြီး ပဏာမ အမှုနဲ့ ဂါရ၀ပြုပါသည် ဆိုတာလေးတွေက လုပ်ရသေးတာကိုး။ နို့မဟုတ်ရင် ပွဲခင်းထဲ ဖါးခုန်ဝင်လာတာကနေ ကျားခုန်ဝင်လာတယ် ဖြစ်လို့ ပြေးပေါက်တွေမှားခဲ့ရဘူးတဲ့ ကိုယ်တွေ့တွေက ရှိခဲ့တာကိုး။

နောက်ပြသနာတခုကတော့ ကိုထွန်းအောင်ကျော် နာမည်တူပြသနာပါ။ ခက်တာက ၂ ယောက်စလုံးက အေဘီ ဥက္ကဋ္ဌ တွေချည်းဖြစ်နေတာပါ။ ခုလောလောဆယ် အမေရိကားမှာရှိနေတဲ့ ကိုထွန်းအောင်ကျော်က တောင်ပိုင်းက ဥက္ကဋ္ဌဟောင်းဖြစ်ပြီး ကျွန်တော်တို့ရှေ့က ၁၉၇၄ မျိုးဆက်က ဖြစ်ပြီး ကျွန်တော်တို့ထက်အရင် ထောင်ပုံစံထမင်းကို စားခဲ့သူပါ။


ဒီလောက် နိဒါန်းပျိုးပြီးပြီ ဆိုရင်ဖြင့် ကျွန်တော့် လူကက်ဆက်ဖက်ကို လှည့်လို့ရပြီ ထင်တယ်ဗျာ။ ပြောမယ့်သာ ပြောရတာ အွန်လိုင်းမှာ စာရေးရတာလည်း မလွယ်ဘူးဗျ။ ပြောသလိုအ င်မတန် ၀ဋ်ကြွေးမကင်းတဲ့ လူတွေ လုပ်တဲ့အလုပ်ဗျ။ ရေးတဲ့စာမူက စာရိုက်လို့ မပြီးသေးခင် ကွန်မင့်က အောက်က အရင်တက်လာတဲ့ ခေတ်ကြီးကိုး။


ကျွန်တော်တို့ ပါဂျောင်မှာ ဖြစ်ပွါးခဲ့တဲ့ သန်းဂျီးမ အတွေ့အကြုံကို ဖတ်ပြီးကြတဲ့နောက်မှာ အမျိုးမျိုး တုန့်ပြန်လာတာ တွေ့ရပါတယ်။ ကျွန်တော်ကိုလည်း ဒီပြသနာကို ဘယ်သူတွေ ကျူးလွန်တယ်။ ဘယ်သူတွေ ဘယ်ပုံ သေဆုံးခဲ့ရတယ်။ ဘယ်သူတွေ အသက်မသေပဲ ကျန်နေတယ် … စသည်ဖြင့်ပေါ့ဗျာ။ ပြောရရင် ကျွန်တော်နဲ့အတူ ထွက်ပြေးလာကြတဲ့ ရဲဘော် ၅၀ လုံး ပြည်တွင်းမှာ အသက်ရှိထင်ရှား ရှိနေကြသလို တိကျတဲ့ စာရင်းဇယားနဲ့ ထုတ်ဘို့လည်း လုပ်နေတယ်ဆိုတာ ကြားရပါတယ်။


နောက် တကယ်ကြုံခဲ့ရတဲ့ ရဲဘော်တွေရဲ့ ပြောကြားချက်တွေကတဆင့် အချက်အလက်တွေကို ဖေ့ဘွတ် စာမျက်နှာပေါ် တက်လာတာလည်း တွေ့နေရတာမို့ အချက်အလက်တွေ သိချင်ရင်တော့ အဲဒီ စာမျက်နှာတွေကိုပဲ ညွန်းဆိုရပါတယ်။ ကျွန်တော်အဓိက ရေးချင်တာက အဲဒီ ကာလဆိုးကြီးမှာ ကျွန်တော်တို့ ဘယ်လိုခံစားရသလဲ၊ ဘယ်လို အသက်ရှင်အောင် မွေးခဲ့ကြသလဲ၊ ဘယ်လို အမှားတွေ ရှိခဲ့သလဲဆိုတဲ့ အချက်တွေကိုပါ။


ဒီလိုဗျ ဒီပြသနာတွေ မဖြစ်ခင်က ABSDF(NB) အဖွဲ့ရဲ့ ဥက္ကဌက ကိုထွန်းအောင်ကျော်ပါ။ဥက္ကဌ အပါအ၀င် ဗဟိုကော်မတီ ၀င်အားလုံးလိုလို ကို ထောက်လှမ်းရေးတွေကို ဆိုပြီး ဖန်းဆီးခဲ့တဲ့ အဖွဲ့မှာ ဥက္ကဌ လုပ်ခဲ့သူက ကိုအောင်နိုင်။အတွင်းရေးမှုးက ကိုမျိုးဝင်း ပါ။စစ်ရေးတာဝန်ခံက ကိုသံချောင်း ပါ။ ကျွန်တော်တို့ကို ဖမ်းဆီးနှိပ်စက် စစ်ဆေးတဲ့ ကိစ္စတွေကိုတော့ ကျောင်းသားတပ် ထောက်လှမ်းရေးတပ်ဖွဲ့ ကဆောင်ရွက်ပြီးကိုမျိုးဝင်းက ဦးစီးသဗျ။

အဲဒီကာလမှာတော့ ထောက်လှမ်းရေးတပ်ဖွဲ့ဟာ ထင်တိုင်းကြဲခွင့် ရှိပါတယ်။ ကျွန်တော်တို့ကိုလည်း အချိန်မရွေး ထောင်ကနေ ခေါ်ထုတ်ပြီး အချက်အလက် လိုချင်သည်ဖြစ်စေ မလိုချင်သည်ဖြစ်စေ ခေါ်ယူပြီး ကြိုက်တဲ့နည်းနဲ့ စစ်ဆေးလို့ရပါတယ်။ ညှင်းပန်းနည်း မျိုးစုံကိုလည်း တီထွင်ခွင့် ရှိပါတယ်။ ဒီလိုပြောရတာကတော့ တကြိမ်မှာ ကျွန်တော်ကိုခေါ်ပြီး ပါးစပ်ထဲကို ၀ါယာကြိုး ၂ ပင် ပူးထည့်ပါတယ်။ ပြီးပါးစပ်ကို တိတ်နဲ့ ပိတ်လိုက်ပါတယ်။ ပြီးတော့ ၀ါယာစကို လက်နဲ့ လှည့်ခေါ်ရတဲ့ တယ်လီဖုန်းနဲ့ဆက်ပြီး လျပ်စစ်ဓါတ် ထွက်လာတဲ့အထိ လှည့်ပြီး ညှင်းဆဲပါတော့တယ်။ အမှန်တော့ စမ်းသပ်တာပါ။ အဲဒီကထွက်လာတဲ့ လျှပ်စစ်ဓါတ်ကြောင့် ကျွန်တော့် ခေါင်းတ၀ိုက်မှာ လျှပ်စစ်စီးနေတာကို မျက်လုံးမှိတ် အော်နေတဲ့ အာရုံမှာ မြင်နေရတဲ့ အထိပါပဲ။ စစ်နေတဲ့ ချာတိတ်တွေက ကျွန်တော့်ကိုကြည့်ပြီး တခွီးခွီး သဘောကျ ရယ်ပါတယ်။ အကြောင်းကတော့ ကျွန်တော့ မျက်နှာဟာ လျပ်စစ် စီးဆင်းမှုကြောင့် တွန့်လိမ်ရှုံ့တွ နေတဲ့ကြားက ကြွက်သားတွေ တဆတ်ဆတ် ဖြစ်သွားပုံဟာ တော်တာ် ရီစရာ ကောင်းနေပုံ ရပါတယ်။ အဲဒါကိုပဲ ထပ်ခါထပ်ခါ လုပ်ပြီး တခွိခွိ ဖြစ်နေပါတယ်။


နောက်တော့ သူတို့ရဲ့ ရှာဖွေတွေ့ရှိချက်ကို ဥက္ကဋ္ဌကို ခေါ်ပြလိုက်ပါသေးတယ်။ ကြည့်ကြည့် နည်းနည်းလေး လှည့်ရင် နည်းနည်းလေး ရွှဲ့တယ် များများလှည့်ရင် များများရွှဲ့တယ် စသည်ဖြင့်ပေါ့ဗျာ။ အဲဒီချိန်က ကျွန်တော့်ကို နှိပ်စက်နေတဲ့ထဲက ဖိုးနှောင်းဆိုတဲ့ ကောင်လေးဆိုတာကလည်း ၁၈ နှစ်လောက် ရှိပါဦးမယ်ဗျာ။ တခါကျတော့လည်း ကျွန်တော်ကို ထင်တိုင်း လှိမ့်ရိုက်နေရာက သူတို့ ချက်ရိုက်ရင် ကျွန်တော်က ဒူဝေေ၀လို့ အော်ပေးရမယ်လို့ ပြောလာပြန်သဗျ။ အဲဒီတော့ ကျွန်တော့်လိုကောင်မှာလည်း ပေါကြောင်ကြောင်နဲ့ ဒူဝေေ၀ ရတာပေါ့ဗျာ။ နောက်တော့ နာလွန်းမက နာတော့လည်း ဒူဝေေ၀ တင်မက ဒူဝေးဝေးဝေးဝေး ထိကွန့်ရတဲ့ထိ ပေါ့ဗျာ။


အဲဒီလို ထောက်လှမ်းရေး နှိပ်စက်ချိန်ကလွဲလို့ ကျန်တဲ့ အချိန်တွေကတော့ ကျွန်တော်တို့တွေဟာ အကျဉ်းထောင် တာဝန်ကျတဲ့ အဖွဲ့ရဲ့ လက်ထဲမှာပဲ နေရသဗျ။ အဲဒီ ထောင်ကုန်း တာဝန်ခံဆိုတဲ့ အဖွဲ့ကလည်း သူတို့ ခေါင်းဆောင်ပိုင်းနဲ့ ထောက်လှမ်းရေးအဖွဲ့က အယုံကြည်ရဆုံးထဲမှာမှ လက်ရဲဇက်ရဲ နာမည်ရသူတွေကို တပ်ဖွဲ့ ဖွဲ့ပေးထားတာမို့ ထောင်လုံခြုံရေးအဖွဲ့က ဒုတိယ တန်ခိုးထွားဆုံးပေါ့ဗျာ။


အဲဒီလုံခြုံရေးလက်မှာ ကျွန်တော်တို့အသက်ကို ၀ကွက် အပ်ထားရတာမို့ သူတို့ပြုသလို နုရပါတယ်။ သူတို့ကလည်း သူတို့ခန့်ထားတဲ့ တာဝန်နဲ့လျော်ညီစွာ လက်စွမ်းလက်စ အပြိုင်ပြရပါတယ်။ တညမှာတော့ ကျွန်တော်တို့ကို မျက်နှာတွေ စည်းထားပြီး အိပ်ယာထဲ လှဲခါနီးမှာ လူကက်ဆက် အထူးဖျော်ဖြေရေး အစီအစဉ် ဖြစ်ပေါ်လာပါတယ်။ အဲဒါကတော့ မင်းတို့အထဲက ဘယ်သူ သီချင်းကောင်းကောင်းဆိုတတ် သလဲကွတဲ့။ အားလုံး တိတ်ပြီးနေပါတယ်။ ဘာများ လုပ်ဦးမလို့လဲ ပေါ့လေ။ လုပ်ပါကွတို့က ဒီကုန်းပေါ်မှာ နေ့နေ့ညည စောင့်နေရတာ။ ပျင်းစရာကြီး အပျင်းပြေ သီချင်းဆိုတဲ့ အစီအစဉ်လေး လုပ်ရအောင်ဆိုတော့ တယောက်က ကိုဘောကြီး ဆိုတတ်တယ်ဆိုပြီး ကျွန်တော်ဆီကို ကျွန်တော်တို့ထဲက တယောက်က ချွန်တွန်းလုပ်လွတ်လိုက်ပါတယ်။


ကျွန်တော် အဖမ်းမခံရခင်မှာ အူကျသလို ဖြစ်လို့ ခွဲစိတ်မှုတခု လုပ်ခဲ့တာကို စွဲပြီး ကျွန်တော့်ကို ဖမ်းတဲ့အခါမှ မင်းလို ထောက်လှမ်းရေးက မတန်မရာ ဗိုလ်ချူပ်ငယ်နာမည် မှည့်ရကောင်းလားဆိုပြီး နောက်နာမည်တခုရှိလား မေးပါတယ်။ အဲဒီမှာ တယောက်က တလောလေးက ဒီကောင် ဘောခွဲထားတာ ဘောကြီးလို့ ခေါ်ရအောင်ဆိုပြီး နံနှိမ်လိုက်ပြီးတဲ့နောက် ကျွန်တော်နာမည်ဟာ ဘောကြီးဖြစ်လာပါတယ်။


နောက်ဆုံးတော့ ကျွန်တော်က တတ်သည့်ပညာ မနေသာဆိုသလို ဓနုဖြူစိုးသိန်းရဲ့ လူပျိုကြီး သီချင်းကို ခပ်နောက်နောက်လေး ဆိုပြလိုက်ပြီးတဲ့ နောက်မှာတော့ ကျွန်တော်ဟာ ထန်းပင်တက်လက်မှတ်ရတဲ့လူ တယောက် ဖြစ်သွားပြီး မကြာခဏဆိုသလို ဒီသီချင်းကို ဆိုပြရတဲ့ ဘ၀ ရောက်ပါတော့တယ်။ အဲဒီနောက်တော့ စောစောက သီချင်းဆိုခိုင်းတဲ့ လူက ကျွန်တော့်မျက်နှာနား လာရပ်ပြီး ပါးစပ်ဟလို့ ဆိုပါတယ်။ ကျွန်တော်ပါးစပ် ဟလိုက်တော့ သူသောက်နေတဲ့ ဆေးပေါ့လိပ်ကို လာတပ်ပေးပြီး သောက်လို့ပြောပါတယ်။ ဘယ်ပြောကောင်းမလဲဗျာ ကျွန်တော်ဟာ နေရင်းထိုင်ရင်း လူ ၇၀ ကျော်လောက်ထဲမှာ ဆေးပေါ့လိပ် ပထမဆုံး စသောက်ခွင့်ရတဲ့ ကံထူးသူ ဖြစ်သွားတာပေါ့။ သောက်တယ်ဆိုတာကလည်း သူ့စေတနာရှိသလောက် သုံးလေးဖွါပေါ့ဗျာ။ လက်ပြန်ကြိုး ချည်ထားတဲ့ အပြင် မျက်လုံးကလည်း စီးထားသေးတာကိုး။

ဒီလိုနဲ့ ကျွန်တော်တယောက် ဆေးလိပ်ကလေး သောက်ခွင့်ရပြီး ထောင်စောင့်နဲ့ ကောင်တွေရဲ့ မျက်နှာသာရတာလေး ကြားတဲ့အခါ နောက်ဘယ်သူ သီချင်း ဆိုချင်သေးလဲ ဆိုတဲ့အခါ နောက်ထပ် ဖိုးဆိုချင်လေးတွေ ပေါ်လာပါတယ်။ တယောက်က ဆိုနေချိန်မှ ကျန်တဲ့လူတွေက လှဲနေကြရပါတယ်။ သီချင်းဆိုတဲ့ သူကပဲ ထ ထိုင်ပြီး မျက်နှာစည်းထားရက်က ဆိုပြရပါတယ်။ ဘာပဲဖြစ်ဖြစ် အဲဒီညလေးဟာ ကျွန်တော်တို့ ဘ၀မှာတော့ လက်ရှိခံနေရတဲ့ ဒဏ်ရာတွေ ဒုက္ခတွေထဲကနေ အပြန်အလှန် ဆိုပြကြတဲ့ သီချင်းလေးတွေထဲ စီဆင်းမျောပါ သက်သာခွင့်လေး တခဏရခဲ့တဲ့ ညလေးတည အစဖြစ်ခဲ့ပါတယ်။


ရာသီဥတုတွေ ပြောင်းလဲသလိုပဲ ကျွန်တော်တို့ လုံခြုံရေးတဖွဲ့ရဲ့ သဘောထားကလည်း အမျိုးမျိုးပြောင်း နေတာမို့ တညမှာတော့ လုံခြုံရေးတာဝန်ခံတဲ့ အဖွဲ့ရော ထောက်လှမ်းရေးတာဝန်ခံတဲ့ အဖွဲ့တွေရော တပ်ဖွဲ့ကို ခေါင်းဆောင်တဲ့ လူတွေပါ ထောင်ကုန်းအောက် တနေရာရာမှာ သောက်ကြပြီး တော်တော်ရေချိန် မှန်လာတော့မှ တက်လာကြတာပါတယ်။ ဒီလိုညမျိုးတွေဟာ ကျွန်တော်တို့တွေအတွက်တော့ မြိုင်ရာဇာတွတ်ပီ စကားကို ငှါးပြောရမယ်ဆိုရင်တော့ ဒီည ကံမကောင်းပါလားလို့ ပြောရမယ့်ညပါ။ ထုံးစံအတိုင်း တရားခံတွေထ ဆိုတော့ ထထိုင်နေရပြီး မျက်နှာတွေ စည်းထားတဲ့ ကျွန်တော်တို့ရှေ့က အလာလမ်းပေါ်မှာ လူတွေ လမ်းတွေ လျောက်နေကြသံ ဆဲဆိုကြိမ်းမောင်းသံတွေပဲ ကြားနေရပြီး သူတို့ကိုတော့ ဘယ်မြင်ရမလဲဗျာ။ တယောက်က ဟာဒီကောင်တွေ သီချင်းဆိုကောင်းတယ်ဗျ ဆိုပြီး စလာပါတော့တယ်။

အဲဒီ အချိန်မှာ ထောင်မှူးလုပ်တဲ့ ကောင်က အားလုံးနားထောင် ခုချိန်ကစပြီး မင်းတို့က လူကက်ဆက်တွေ လုပ်ရမယ်။ မင်းတို့ကို ဘယ်ဘက်ပါးကို ရိုက်လိုက်ရင် အဲဒါ ကက်ဆက်ဖွင့်တာပဲ။ မင်းတို့ရတဲ့ သီချင်းကို ဆိုရမယ်။ ညာဘက်ပါးကို ရိုက်လိုက်ရင် stop ပဲ နားလည်လားလို့ အော်လိုက်တော့ အားလုံးကလည်း နားလည်ပါတယ်လို့ ပြန်ဖြေလိုက်ရတာပေါ့ဗျာ။ အဲဒီလို ပြန်ဖြေပြီး သူတို့ကြားမှာ ဘယ်ကက်ဆက်ကို စဖွင့်ရင် ကောင်းမလဲဆိုတာ နည်းနည်းကြိတ်ပြောသံ တိုးတိုးကြားနေရပြီး ဘောကြီး၊ ဘောကြီး ဆိုတာလဲကြားရသဗျ။ စက္ကန့်ပိုင်းအတွင်းမှာပဲ ဖြန်းကနဲ ကျွန်တော့်ဘယ်ဘက်ပါး ပူကနဲ ဖြစ်သွားတာမို့ ကောက်ကာငင်ကာနဲ့ လူပျိုကြီး သီချင်းရဲ့ အင်ထရိုတီးလုံးလေး ပြာပြာသလဲကောက် ပါးစပ်နဲ့ဆိုရင်း လူကက်ဆက်ဘ၀ အရှင်လတ်လတ် ကျရောက်သွားပါတော့တယ်။


ပြောရရင်တော့ အဲဒီညက ကျွန်တော်ကနေ အစပြုပြီး သီချင်းဆိုတတ်တဲ့ အကျဉ်းသားရဲဘော်တော် များများဟာ လူစင်စစ်ကနေ လူကက်ဆက်ဘ၀ ရောက်သွားခဲ့ရသဗျ။ ပါးရိုက်တဲ့ လက်ဆတွေကတော့ အမျိုးမျိုးပေါ့ဗျာ။ တချို့ကျတော့လည်း ဆိုနေရင်းက ညာဘက်ပါးကို ပြင်းပြင်းရိုက်ပြီး ပိတ်လိုက်တော့ အူကြောင်ကြောင်နဲ့ ဘာဆက်လုပ်ရမယ်မသိ ဖြစ်နေချိန်မှာ ပြန်အိပ်တော့လေဆိုပြီး ရင်ဝကို ဘိနပ်နဲ့ ဆောင်ကန်လိုက်တာခံ ရပြီးမှ လန်ကျသွားတဲ့သူတွေလည်း ရှိပေါ့ဗျာ။

တကယ်စေ့စေ့တွေးကြည့်တော့ ဒါဟာ အကြီးအကျယ် စော်ကားတဲ့ကိစ္စပါ ဒါပေမဲ့ ကျွန်တော်ဆိုတဲ့ ကောင်က ဘယ်လောက်ထိ ရူးသလဲဆိုတော့ အဲဒီအစီအစဉ်ကို စပြောပြ နေတုန်းက တော်တော် ဆန်းပြားတဲ့ စိတ်ကူးလေးပဲ တော်တော်စိက်ကူးကောင်းတဲ့လူလို့ စိတ်ထဲက တွေးမိနေသေးဗျာ။ ပါးရိုက်ချလိုက်တော့မှ ဘုရားတမိတာဗျ။ အဲဒီနောက်ပိုင်းက စလို့ ကျွန်တော်တို့ အားလုံးဟာ ဒီလူကက်ဆက် တွေအဖြစ် အစောင့်တွေနဲ့ ထောင်ကုန်းပေါ်တက်လာတဲ့ ဗီအိုင်ပီတွေကို ဖျော်ဖြေရတာဟာ အစဉ်အလာတခု ယဉ်ကျေးမှုတခုဖြစ်လာ ပါတော့တယ်။

ကျွန်တော်အတွက်တော့ စောစောကလို လူက ၀မ်းတွင်းရူး ဖြစ်နေကြောင့်လည်း ဖြစ်လို ဒီသီချင်းသီဆိုတဲ့ အစီစဉ်မှာ ပါဝင်ရတဲ့ လုံလောက်တဲ့ နောက်အကြောင်းတခု ရှိပါတယ်။ သီချင်းဆိုခိုင်းတဲ့ လူက ကျွန်တော်တို့ကို နှိပ်ကွပ်နေတဲ့ ထောင်အာဏာပိုင်တို့ ထောက်လှမ်းရေးတို့ ဖြစ်ပေမယ့် နားထောင်နေတဲ့လူ အများစုကတော့ ထောက်လှမ်းရေးရဲ့ နှိပ်စက်မှု ဒဏ်နဲ့ သေလုမြောပါး ဖြစ်နေရသူတွေ ဘယ်နေ့ထုတ်ပြီး သတ်မလဲဆိုတာ တထိတ်ထိတ် ဖြစ်နေရတဲ့ ဘ၀တူ တော်လှန်ရေး ရဲဘော် တွေဖြစ်နေလို့ပါ။ တကယ်လည်း နေ့မြင် ညပျောက် သွားတာတွေကလည်း မနည်းမနောကိုးဗျ။ ဒါကြောင့် ဘာပဲဖြစ်ဖြစ် အသက်ရှင်ခွင့် ရတဲ့အချိန်လေးတခုမှာ စိတ်လေးခဏ အနုပညာကြောင့် သက်သာရာရလည်း မနည်းဘူးဆိုတဲ့ စိတ်နဲ့ ပါးရိုက်ရိုက် မရိုက်ရိုက် သီချင်းဆိုကြချိန်တွေတိုင်း အရိုက်ခံပြီး ၀င်ဆိုခဲ့တဲ့အပြင် နောက်ပိုင်းမှာ တကိုယ်တော် အငြိမ့်ပြက်လုံး အစီအစဉ်လေးတွေပါ ဆောင်းပြီး တင်ဆက်ဖြစ်ပါတယ်။


ဒီလောက်ဖြစ်နေတဲ့ကြားမှာ ၀င်ပြီး ရီစရာ ပြက်လုံးထုတ်ရတာ တော်တော်အန္တရာယ် များသလို စိန်ခေါ်ချက်လည်း များပါတယ်။ နားထောင်နေတဲ့ လူတွက ကိုယ့်ကိုမှ မမြင်နိုင်တာကိုး ထိုင်နေရင်း ကနေ လုပ်ရတာ ဖြစ်သလို ကိုယ့်မျက်နှာကိုလည်း ပတ်စကြီးနဲ့ စည်းထားတာဆိုတော့ နောက်ဆုံးမှာ ရေဒီယိုကလာတဲ့ ရေနံချောင်း ဖေကံကောင်းဆိုတဲ့ ဦးဓါတ်ဆီ၊ ဦးဓါတ်ဆံတို့ ပြက်လုံးကို အစအဆုံး ရနေတာမို့ အဲဒီ ပြက်လုံးကို အခြေအနေ ကြည့်ပြီး တိုက်ရိုက်ပြက်တဲ့အခါ ကူပြက် နည်းနည်း လစ်ရင်လစ်သလို ကိုယ် ထည့်ပြောချင်တာလေးတွေကိုလည်း ထည့်နဲ့ထောင်တွင်း ပျော်တော်ဆက်တယောက်ဖြစ်ခဲ့ပါတယ်။

သီချင်းဆိုဘို့ တောင်းဆိုခံရတဲ့သူအတွက် တခုကောင်းတာက သူများတွေမြေပေါ် မသက်မသာ လှဲအိပ် နေရချိန်မှာ သူက ထိုင်နေခွင့်ရတာ နာေးထာင်နေတဲ့ အစောင့်က စေတနာရှိရင် ဆေးလိပ်လေးတဖွါ နှစ်ဖွါသောက် ခွင့်ရတာတို့ဖြစ်ပြီး အင်မတန် အန္တရာယ်များတာကတော့ မူးပြီးတက်လာတဲ့ လူတွေရဲ့ အဓိက ပစ်မှတ်ဖြစ်သွား တတ်ထာ ကိုယ်ရွေးလိုက်တဲ့ သီချင်းမှားလို့ နားထောင်နေတဲ့ ကောင်က နားကြားမြင်းကပ်ပြီး ဆောင့်ကန်တာတို့ ခံရတတ်ပါတယ်။ ဥပမာ ထူးအိမ်သင်ရဲ့ ညီလေးရေ ဆိုတဲ့ သီချင်းမျိုးပေါ့ဗျာ။ အောင်မာ ထောက်လှမ်းရေးက ရာစစ မှန်ရာလုပ် ဟုတ်တာပြောဘို့ မမေ့နဲ့ လုပ်နေသေးတယ် ငါတို့ကို ရိနေတာပေါ့ ဟုတ်လား ဆိုတဲ့နောက်မှာ နှစ်ရက်၊ သုံးရက်လောက် အစာတောင်မြိုမရတဲ့ အခြေအနေမျိုးကို ကျရောက်သွားနိုင်လို့ပါ။ မှတ်မှတ်ရရကတော့ အမရပူရဘက်လာတဲ့ အေဘီယူဂျီလောကမှာ မုန်တိုင်း ၃ လို့ သိထားကြတဲ့ စံလွင်လေး (ခေါ်) စံစံ က ခေတ်ဟောင်းတေးတွေ တော်တော်ရသလို အသံကလည်း တော်တော်ကောင်းပါတယ်။ သူမကြခဏ ဆိုလေ့ရှိတဲ့ သီချင်းကတော့ ဆရာမြို့မငြိမ်းရေးတဲ့ ရေချိုးဆိပ်နဲ့ နပန်းဆံ သီချင်းပါ။ ဒါကြောင့် မကြာခဏ သူ့ပါးကလည်း လက်ဝါးတောင်းတတ်ပါတယ်။ ဖြန်းကနဲပြီးတာနဲ့ လုပ်ပါဦးကွ အိပွဲ့ အိပွဲ့ ပြောလိုက်ရင် သူက စဆိုပါတော့တယ်။ အိပွဲ့ အိပွဲ့ ငှက်သမ္မာန် ခတ်သွားတယ်.....။


ကိုစံလွင်လေးကို စစ်ဆေးတဲ့ အချိန်မှာ ဓါးမြောင်ကို မီးဖုတ်ပြီး ခြေသလုံးထဲ ထိုးထည့်တဲ့ ဒဏ်ရာကို တော်တော်ကြာကြာ ခံစားရရှာပါတယ်။ နောက်ပိုင်း စခန်းက ထွက်ပြေးကြတဲ့ထဲမှာ ကျွန်တော်တို့နဲ့ အတူပါလာပြီး။ ၁၉၉၈ ကျွန်တော်တို့ နိုင်ငံရေး ပြန်လည်လှုပ်ရှားတဲ့စွဲချက်တွေနဲ့ စစ်အစိုးရက ထောင်ပြန်ချတော့လည်း ကျွန်တော်တို့နဲ့အတူ ပျော်ပျာ်ကြီးပါလာပါတယ်။ ၅ ည နဲ့ ၇နှစ်ပါ။ မန်းလေးထောင်ထဲမှာ ကျွန်တော်တို့နဲ့ ဆက်ပြီး အိပွဲ့ အိပွဲ့ သီချင်း ဆက်ဆိုကြပါတယ်။ ခုတော့ ထောင်ကပြန်လွတ်လာပြီး အထဲမှာစဖြစ်ခဲ့တဲ့ ခုခံအားနည်းရောဂါ ကြောင့် တောင်မြို့မှာ ကွယ်လွန်ပြီလို့ ကြားရပါတယ်။

နောက် အဆိုကောင်း တယောက်ကတော့ စမ်းချောင်း အခြေခံပညာ သမဂ္ဂ ကျောင်းသားလေးဘ၀က တောခိုလာတဲ့ ဘိုဘို (ခေါ်) မိုးကျော်သူ ပါ။ ငယ်ငယ်လေးနဲ့ တောခိုလာလို့ လူတကာချစ်ကြတဲ့ ဘိုဘို တယောက်ဟာလည်း အသက်မသေရေးအတွက် ကျွန်တော် NIP က ပါလို့ ထွက်ဆိုချက်ပေးပြီး အကျဉ်းသား ဖြစ်လာရရှာပါတယ်။ ဘိုဘို ကျောင်းသားတပ်ဖွဲ့က တီးဝိုင်းမှာ ပင်တိုင်အဆိုတော်ဖြစ်ပြီး အခမ်းအနားတွေမှာ တော်လှန်ရေးသီချင်းတွေ အမြဲဆိုရတာမို့ ကျောင်သားတပ်ထဲမက ကေအိုင်အေဖက်က မိသားစုတွေက အစ ချစ်ကြခင်ကြသူပါ။ သူတပါးကို အမြဲကူညီတတ်ပါတယ်။ သူက အမြဲတမ်း “သဘာဝရဲ့ရင်သွေးငယ်” သီချင်းကို ဆိုတတ်ပါတယ်။


ဒီလိုနဲ့ တညမှာတော့ အစောင့်တာဝန်ကျတဲ့သူက ဘိုဘိုရဲ့ သဘာဝရဲ့ရင်သွေးငယ် အပြီးမှာ ကျောင်းသားတော်လှန်ရေး တပ်ဖွဲ့ သီချင်းတပုဒ်ကို ဆိုဘို့ တောင်းဆိုပါတယ်။ ဘိုဘိုက ဒီသီချင်းတော့ မဆိုပါရစေနဲ့ အကိုရယ်ဆိုပြီး တောင်းပန်ပါတယ်။ အဲဒီလို အချီအချ ဖြစ်နေကတည်း ဘိုဘို့ ဘေးမှာကပ်ပြီး လှဲအိပ်နေတဲ့ ကျွန်တော် စိတ်ထဲမှာ ပြသနာတော့ စပြီဆိုတာ သိနေပါတယ်။ နောက်ဆုံးတော့ ဘိုဘိုဟာ မငြင်းသာတော့ပဲ “ပျံသာပျံပါခွပ်ဒေါင်းနီ” ဆိုတဲ့ သီချင်းကို လွမ်းလွမ်းဆွတ်နဲ့ စဆိုပါတော့တယ်။ ဒီလို အခြေအနေမျိုးမှာ ထွက်လာတဲ့ ဘိုဘိုရဲ့ သီချင်းသံကြောင့် ဒဏ်ရာကိုယ်စီနဲ့ မြေပေါ်မှာ မျက်နှာကို စည်းပြီး လှဲအိပ်နေကြရတဲ့ ကျွန်တော်တို့ အားလုံးဟာ စူးနစ်တဲ့ဝေဒနာနဲ့ အတူ သီချင်းစာသားတွေနောက်မှာ မျောပါနေပါတော့တယ်။

…… ပျံသာပျံပါ ခွပ်ဒေါင်းနီ မုန်တိုင်း မိုးသက်ချီ.... တဲ့။

ကျွန်တော်တို့ဟာ ခွပ်ဒေါင်းနီသီချင်းမှာ သိပ်ကြာကြာ မနစ်မျောလိုက်ပါဘူး “ဖုန်း .. ခွပ် .. အင့်” ဆိုတဲ့ အသံနဲ့အတူ ဘိုဘိုရဲ့ တကိုယ်လုံး ကျွန်တော့် အပေါ်ပုံကျလာပါတယ်။ အကြောင်းကတော့ သူသီချင်းဆိုတဲ့ အချိန်မှာ အင်မတန် လက်ယဉ် သွေးဆာတတ်တဲ့ လက်သီးဆိုတဲ့ နောက်တန်း လုံခြုံရေးတာဝန်ကျ တယောက်ဟာ အရက်မူးဝင်လာပြီး သီချင်းဆိုနေတဲ့ ဘိုဘို့ မျက်နှာကို စစ်ဘိနပ်နဲ့ ဆောင့်ကန်ချလိုက်လို့ပါ။ ပြီးတော့ ပြန်ထခိုင်းပါတယ်။ ထောက်လှမ်းရေးက လူပါးဝလို့ ကျောင်းသားတော်လှန်ရေး သီချင်း ဆိုရကောင်းလားဆိုပြီး ပါလာတဲ့ M22 မောင်းပြန်သေနတ်ဒင်နဲ့ ခေါင်းကိုရိုက်ချလိုက်တဲ့ အခေါက်မှာတော့ ဘိုဘို့ခေါင်းက သွေးတွေ ကျွန်တော် မျက်နှာပေါ်ကို ပေါက်ပေါက် ပေါက်ပေါက် ကျလာပါတယ်။ အဲဒီမှာ မရပ်သေးပဲ ပြန်ထခိုင်းလိုက် ရိုက်ချလိုက်နဲ့ အကြိမ်ကြိမ် ထင်တိုင်းကြဲနေပါတော့တယ်။

ခံရတဲ့သူမှာတော့ မသိပါဘူး ကျွန်တော့်စောင်နဲ့ အင်္ကျီတွေကတော့ သွေးနဲ့ ရွဲနစ်နေပေမယ့် ကျွန်တော်လည်း မလှုပ်ရဲပါဘူး။ ဘယ်သူ့ဆီကမှလည်း ဘာအသံ ထွက်မလာပါဘူး။ အမှန်တရားကို ချစ်လွန်းလို့ ကျွန်တော်တို့ အားလုံးဟာ ကိုယ့်နားထဲမှာ အတိုင်းသား ကြားနေရတဲ့ ဒီမတရားမှုကြီးအတွက် တားမြစ် ကန့်ကွက်ဘို့နေနေသာသာ နားရွက်တောင်မခတ်ရဲပဲ ငြိမ်စင်းနေရတဲ့အဖြစ်ကို စေ့စေ့ပြန်တွေးကြည့်တိုင်း မိမိကိုယ် မိမိ စက်ဆုပ် အော့နှလုံးနာရပါတယ်။


တကြိမ်မှာတော့ မူးနေတဲ့ လက်သီးဟာ ဘိုဘို့ကို ပြန်ထခိုင်းပြီး မျက်နှာကို သေနတ်ပြောင်းနဲ့ ဆောင့်ထိုးချလိုက်ပါတယ်။ ကံဆိုးချင်တော့ သေနတ်ပြောင်းဟာ ဘိုဘို့ကို ချော်ပြီး အိပ်နေတဲ့ ကျွန်တော်နံကြားထဲကို အရှိန်နဲ့တိုးဝင် ဆောင့်ပါတော့တယ်။ နံရိုးတော့ ကျိုးပြီလို့ စိတ်ထဲမှာ ခံစားလိုက်ရပါတယ်။ နောက်ဆုံး အားရအောင် နှိပ်စက်နေတဲ့ တချိန်လုံး ဘယ်သူတဦး တယောက်ကမှ တားမြစ်ခြင်း မရှိပါဘူး။ တနာရီလောက်ကြာတော့ သူနာပြုအဖွဲ့ ရောက်လာပြီး ခေါင်းကကွဲ နေတာတွေကို အစိမ်းချူပ်ချူပ်နေကြတာ အားလုံးနားမှာ ကြားနေခဲ့ရပါတယ်။

ဒီဘိုဘို (ခေါ်) မိုးကျော်သူ ဟာ ၁၉၉၈ ခုနှစ် ကျွန်တော်နဲ့အတူ စစ်အစိုးရက ဖမ်းဆီးထောင်ချတဲ့ အထဲမှာ အမှုတွဲဖြစ်ပြီး ကျွန်တော်တို့က ၅ည နဲ့ ၇ နှစ် သာကျပေမယ့် မိုးကျော်သူကို ၁၂၂ ပုဒ်မနဲ့ နှစ်နှစ်ဆယ် ချလိုက်ပါတယ်။ မန်းထောင် ရဲ့ညချမ်း ဂီတ ဆည်းဆာတွေ ဆိုရင် အမြဲပွဲတောင်းခံရပြီး မကြခဏ “ပျံသာပျံပါခွပ်ဒေါင်းနီ” သီချင်းကို ဆိုလေ့ရှိပါတယ်။

၂၀၀၀ခုနှစ် မန်းထောင် ထောင်တွင်းတိုက်ပွဲတွေမှာ ကျွန်တော်တို့ကို ရိုက်နှက်ပြီး မြောင်းမြထောင်ကို ပို့လိုက်ချိန်မှာ ဘိုဘို တယောက်က မန်းထောင်မှာ ဆက်ကျန်နေရပြီး အဲဒီနေ့က နားကို ပိတ်ရိုက်ခံ လိုက်ရတဲ့အတွက် နားလေးသွားတယ်လို့ နောက်ပိုင်းကြားရပါတယ်။ ဟိုတလောကတော့ ဘိုဘို တယောက် ပြန်လွတ်လာပါတယ်။ အွန်လိုင်းပေါ်မှာ တနေ့က တွေ့တော့ ခုထောင်က လွတ်လာပြီး ဘာတွေလုပ်နေလဲဆိုတော့ ၈၈က စပြီး ဒီမိုကရေစီတော်လှန်ရေး နှစ် ၂၀ ကာလ အတွင်း ထင်ရှားခဲ့တဲ့ တိုက်ပွဲဝင် တော်လှန်ရေး သီချင်းတွေကို ခုလူငယ်တွေ ကြားဖူးရအောင် ပြန်ဆိုမယ့် စီးရီးတခုကို လုပ်နေတယ်။ အခု အတီးပိုင်းပြီးပြီ အဆိုတွေပဲ ကျန်တော့တယ်တဲ့။ ဘယ်သူဆိုမှာလဲလို့မေးတော့ …..

“အဟီး ကျွန်တော်ပဲပေါ့” ….. တဲ့။
လူငယ်ပြောလေ့ရှိတဲ့ စကားနဲ့ပြောရင်တော့ “အင်း...မနိုင်ပါလား” လို့ တွေးမိပါတယ်။

လူကက်ဆက် ဒုတိယပိုင်းဆက်လက်မျှော်ပါ ….. ။
( ပန်းချီထိန်လင်း )

Friday, December 23, 2011

မြောက်ပိုင်းဒေသ မှ အရိုးတွန်သံများ (အပိုင်း-၂- ( အောင်မိုးဝင်း )


မြောက်ပိုင်းဒေသ မှ အရိုးတွန်သံများ (အပိုင်း-၂- ( အောင်မိုးဝင်း )

ခုခံချေပချင်သူတွေဘက်မှ ကျောင်းသားတယောက်ကနေ ဖေ့ဘွတ်မှာ မှတ်ချက်တခုပေးထားတာကို ဖတ်လိုက်ရပါတယ်။ “ တာဝန်ရှိသူတွေကလည်း ဒီကိစ္စ ကို ပြန်လည်တုန့်ပြန်ဖို့ လုပ်နေတယ်” ဆိုတဲ့ စကားပါ။ ကျေးဇူးတင်ပါတယ်။ မင်းသိင်္ခ ရဲ့ မမင်းဖြူမှန်မှန်ပြော ဝတ္ထုထဲက စကားလို၊ “ အိုင်ပီ အောင်သင်းရေ- ဒီ ကွင်းဆက် က စိတ်ဝင်စားစရာ အကောင်းဆုံးပဲဗျ၊ ဇာတ်လမ်းကတော့ အထွဋ်အထိပ် ကို ရောက်လာပြီဗျို့” လို့ ပြောရမလို ဖြစ်လာပါပြီ။ ကျနော်တို့ လိုချင်တာလည်း “ အဲ့ဒီ တာဝန်ရှိသူတွေဆိုတာ ဘယ်သူလဲ” ဆိုတဲ့မေးခွန်းပါပဲ။ သွေးအေးအေးနဲ့ လူသတ်ခဲ့တဲ့သူတွေကို ဘဝမှာ တခါတလေလောက်တော့ ပြန်ပြီး အမဲလိုက်ကြည့်ချင်စိတ်က ပေါ်နေတာ အခုမှ မဟုတ်ပါဘူး။ ဇာတ်လမ်းတခုပြောပြမယ်ဗျာ။
မသတ်ရသေးပဲ ဖမ်းဆီးချုပ်နှောင်ထားတဲ့ ကျောင်းသား (၅၀) ကျော် အကျဉ်းထောင်က ဖောက်ထွက် လွတ်မြောက်သွားပြီ ဆိုတာ ကို သိလိုက်တဲ့ “မျိုးဝင်း” ဟာ အရုပ်ကြိုးပြတ်လဲကျသွားပြီး “ ဟာကွာ ငါ့ဘဝတော့ သွားပါပြီ” လို့ ငြီးငြူတယ်ဆိုပဲ။ သူမတရားသဖြင့် နှိပ်စက်နိုင်ခွင့်ရှိတဲ့ ကမ္ဘာမြေဟာ စတင်မီးလောင်ပြီးပြိုကျနေပြီ။ သိတ်မကြာဘူး။ အကုသိုလ်ကံက သူ့နောက်ကို လိုက်ပါလာတယ်။ နောက်ကျည်ထိ သေဆုံးသွားတယ်။ (တချို့ကတော့ နှုတ်ပိတ်ခံရတယ် လို့ ဆိုတယ်) တကယ်တော့ သူ့ကို မသေစေချင်ပါဘူး။ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေနဲ့ အဲ့သလို မြန်မြန်အသက်ထွက်သွားတာ မတန်လိုက်တာဗျာ။ တကယ်ဆို သံချောင်းလိုပဲ အကျဉ်းထောင်ထဲမှာ ကြိုးမိန့် (၅) ခါလောက်ကျရမှာ။ အင်း- ရော်နယ် အောင်နိုင် ကတော့ ဒီကိစ္စတွေကို ဘယ်သူ တာဝန်ခံဖြေရှင်းမှာလဲ။ အဖွဲ့ကို ဖျက်ပစ်မှဖြစ်မယ် လို့ အကြံပေးသတဲ့။ ကျောင်းသားတပ်မတော်(မြောက်ပိုင်း) ရဲ့ သမိုင်းကို ခြေရာဖျောက်ဖို့ ကြိုးစားတဲ့သူတွေက သွေးရောတကယ်ရှိလို့လား။ စိတ်ဝင်စားတယ်ဗျာ။ “ ဟော့ဒီ အစုလိုက်အပြုံလိုက် လူသတ်မှုကို ဘယ်သူက တာဝန်ယူဖြေရှင်းပေးမလဲ” ဆိုတဲ့အချက် ကိုပေါ့။
နေပါအုံး။ တာဝန်ရှိသူတွေထဲမှာ “ လှဆိုင် ( ကချင်သံဝဲဝဲနဲ့ပြောရရင် လှဆောင် ပေါ့ဗျာ) ဆိုတဲ့သူရောပါမလား။ သူက တရုပ်နယ်စပ်မှာ ဇာတ်မြှုပ်နေနေသူ လို့ သိရတယ်။ အာသံကုန်းမှာ မျိုးဝင်းနဲ့အတူ ကျောင်းသားတွေကို ဓါးနဲ့အပိုင်းပိုင်းခုတ်သတ်ခဲ့သူ လို့ နာမည်ကြီးတာပဲ။ တွေ့ချင်ပါသေးတယ်ဗျာ။ ဒီလောက် ဘီလူးသရဲစီးနေတဲ့ နှလုံးသား ဘယ်လို ဆဲလ်နဲ့များဖွဲ့စည်းထားသလဲ လို့ပါ။
(က)
ဒုတိယပိုင်းကို ဆက်ရေးတဲ့အခါ ခံစားမှုပြင်းထန်စွာနဲ့ ဝင်ရောက်မှတ်ချက်တွေရေးပေးတဲ့ မိတ်ဆွေတချို့ကို အနူးအညွတ်မေတ္တာရပ်ခံ ချင်တာတခုရှိပါတယ်။ ကျောင်းသားတပ်မတော် (ABSDF) ရဲဘော်တွေကို ထိခိုက်စေမဲ့ ပြီးစလွယ်ကောက်ချက်ချမှုတွေကို ရှောင်ကျဉ်စေချင်ပါတယ်။ ပြည်တွင်းမှာ နိုင်ငံရေးစိတ်မဝင်စားတဲ့ကျောင်းသားတွေက မိဘတွေနဲ့အတူနေ၊ စာသင်ကျောင်းတွေမှာပျော်ပါး၊ စီးပွားရေးလုပ်၊ ဘဝရဲ့အနာဂတ်အတွက် ပြင်ဆင်နေကြချိန်မှာ၊ အေဘီရဲဘော်တွေဟာ ငှက်ဖျားတောထဲမှာ ဘဝကို စတေးပြီး တိုင်းပြည်ကိုချစ်ခဲ့ကြတယ်။ သူတို့ရဲ့ပုဂ္ဂလိက ဘဝတွေစွန့်လွှတ်ခဲ့ကြရတယ်။ တိုင်းရင်းသားနယ်မြေတွေမှာ နားလည်မှုတခုတည်ဆောက်ဖို့အတွက် ဘဝပေါင်းများစွာပေးဆပ်ခဲ့ကြရတယ်။ ဒါကြောင့် နေဝင်း၊ သန်းရွှေ ဖက်ဆစ်အစိုးရကို ဆန့်ကျင်ခဲ့ကြတဲ့ အေဘီအပါအဝင်၊ ဒီမိုကရေစီရေး တိုက်ပွဲဝင်သူတွေရဲ့ ပေးဆပ်မှုတွေကို အသိအမှတ်မပြုချင်နေပါ။ ထိခိုက်စော်ကားစေတဲ့ စကားလုံးတွေ မပေးစေချင်ပါဘူး။ လူတစုရဲ့ သွေးစွန်းတဲ့လုပ်ရပ်ကို ကြည့်ပြီး၊ ကျောင်းသားတပ်မတော် ဆိုတာ ဒီလိုရက်စက်သလား ဘာညာ အတွေးတွေ မတွေးစေချင်ပါ။ သူတို့တတွေဟာ နှလုံးသားတွေထိခိုက်ခံစားလွယ်လို့၊ တိုင်းပြည်ထဲက ပြည်သူတွေဆင်းရဲဒုက္ခတွေက လွတ်မြောက်စေဖို့အတွက် တောခိုလက်နက်ကိုင်ကြတယ်၊ ဘဝကိုမြှုပ်နှံစတေးခဲ့ကြတယ် ဆိုတဲ့အချက်ကို လက်ခံစေချင်ပါ။ ရဲဘော်တွေက ရိုးသားချစ်စရာကောင်းပါတယ်။ ကျနော်တို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် နဲ့ ကျောင်းသားတပ်မတော်ဆိုတာ ဒင်္ဂါးပြားတခုရဲ့ ခေါင်းနဲ့ပန်းလို ပဲ၊ ခွဲခြားမရပါဘူး။ ဒီလိုခွဲမရတဲ့ ညီညွတ်မှုကို အိပ်မက်ဆိုးတွေကြားမှာ သတ်ပစ်ချင်တဲ့ လူတစုကတော့ ကိုထွန်းအောင်ကျော် လို မန္တလေး ဗမာနိုင်ငံလုံးဆိုင်ရာ၊ ညီလာခံက တရားဝင်တင်မြောက်ခဲ့တဲ့ ခေါင်းဆောင်တယောက်အပါအဝင်၊ ကျောင်းသား (၃၀) နီးပါးကို သတ်ဖြတ်ပြလိုက်ပြီး၊ ကျောင်းသားတပ်မတော်နဲ့ ရန်ကုန်၊ မန္တလေး ကျောင်းသားတွေကြားမှာ ခါးခါးသီးသီး နာကျင်မှုတခုဖြစ်သွားအောင် ကြံစည်ခဲ့ကြပါတယ်။ တကယ်ပဲ အောင်မြင်ခဲ့ပါတယ်။ မန္တလေးကျောင်းသားထုဟာ ကျောင်းသားတပ်မတော် ( မြောက်ပိုင်း) ခေါင်းဆောင်ဆိုသူတွေကို အမှုန့်ချေပစ်နေချင်ကြတာ အမှန်ပါ။ ဒါပေမဲ့ မကောင်းမှုဆိုတာ စိတ်ကွယ်ရာ မရှိပါဘူး။ ပြဿနာတွေကို သတိတရားနဲ့ချည်းကပ် အဖြေရှာကြည့်ကြမယ်။ အဖွဲ့အစည်းတွေကြား အက်ကွဲကြောင်းတွေ၊ စိတ်ဒဏ်ရာတွေ ထင်အောင် ဘယ်သူလုပ်ခဲ့သလဲ ဆိုတာကို စမ်းစစ်ကြည့်ကြမယ်။ ဒီစာကိုရေးနေတဲ့အချိန်အထိ၊ ကျနော်ဟာ ကျောင်းသားတပ်မတော်ရဲဘော်တွေနဲ့ ခံစားချက်တူ၊ ရည်ရွယ်ချက်တူ တည်ရှိနေမယ်။ မြောက်ပိုင်း ကျောင်းသားတပ်မတော်ရဲ့ (၇၀၁) တပ်ရင်းကို စတင်ဖွဲ့စည်းစဉ်တုံးက ကျနော်တို့ကိုယ်တိုင်၊ မန္တလေးမြို့ မျက်ပါးရပ် စစ်တပ်နားမှာ စာရွက်တွေဝေခဲ့ဘူးခဲ့တယ်။ မန္တလေးမြို့ကို ကျောင်းသားတပ်မတော် နဲ့အတူပြန်လာမဲ့ သူငယ်ချင်းတွေကို မျှော်ခဲ့ဘူးတယ်။
(ခ)
အဖြစ်အပျက်တွေကို တင်ပြတဲ့အခါ၊ လူတိုင်းမှာ လက်ခံပိုင်ခွင့်၊ ငြင်းဆန်ပိုင်ခွင့်ရှိပါတယ်။ လူတွေအားလုံးမှာ သူတို့ရဲ့အမြင်တွေကို တင်ပြနိုင်တဲ့ အခင်းအကျင်းတခုရရှိထားကြပြီးသားပါ။ မြောက်ပိုင်း၊ ကချင်ဒေသမှာ လုပ်သွားခဲ့သလိုမျိုး၊ ဝန်မခံရင် နှိပ်စက်၊ နှုတ်တိုက်သင်ပေးထားတာကိုပြောရမယ်ဆိုတဲ့ ဇွတ်အတင်း၊ အကြမ်းဖက်အနိုင်ကျင့်တဲ့ အလုပ်မျိုး၊ စွပ်စွဲချက်မျိုးတွေကို၊ ကျနော်တို့ မလုပ်ပါဘူး။ ခုခံချေပချင်တဲ့သူတွေမှာလည်း ချေပပိုင်ခွင့်ရှိစေ ရပါမယ်။ ကျနော်တို့ကလည်း နားထောင်ချင်ပါတယ်။ ခင်ဗျားတို့ဆီမှာ စာရွက်စာတမ်းတွေ မပြည့်စုံဘူး ဆိုရင်လည်း ဖြည့်ဆည်းပေးဖို့ အသင့်ပါ။
“ဒါတွေဟာ တကယ်ဖြစ်ခဲ့တာတွေမှ ဟုတ်ရဲ့လား။ ကျောင်းသားချင်း ဒီလိုလုပ်တာ ဖြစ်နိုင်ပါ့မလား” လို့ သံသယနဲ့ကောက်ချက်ချသူ တယောက်ရဲ့ စကားလုံးတွေကို ကျနော်သဘောကျမိပါတယ်။ ဒီလိုဆို ကျနော်တို့ဘက်က ပြန်လည်မေးမဲ့ မေးခွန်းတခု ကို ဖြေဖို့ အသင့်ပြင်ထားပေးပါ။ ဒီအဖြစ်အပျက်တွေဟာ တကယ်ဖြစ်ပျက်ခဲ့တယ်ဆိုရင်၊ ကျောင်းသားတွေကို အစုလိုက်အပြုံလိုက် သတ်ခဲ့တဲ့ သူတွေဟာ ကျောင်းသားဖြစ်နိုင်ပါ့မလား။ လူသတ်မှုကို ယဉ်ပါးကျွမ်းဝင်နေတဲ့ ( စံနစ်တကျလေ့ကျင့်သင်ကြားထားတဲ့ စစ်ထောက်လှမ်းရေးတွေရောမဖြစ်နိုင်ဘူးလား)။ မန္တလေးသားတွေက မေးခွန်း( ၃) ခု နဲ့ စောင့်နေပါ့မယ်။
(၁) ကျောင်းသားချင်းသတ်တာလား
(၂) ကျောင်းသားတွေက စစ်ထောက်လှမ်းရေးတွေကို သတ်တာလား
(၃) စစ်ထောက်လှမ်းရေးတွေက ကျောင်းသားတွေကို သတ်တာလား
ဇာတ်လမ်းတခုလုံး ဇာတ်ရည်လည်လာတဲ့အခါကျရင် ဒီမေးခွန်းသုံးခုထဲက တခုခုကို စာဖတ်သူတွေ ဖြေနိုင်ကြမှာပါ။
(ဂ)
ဒီကိစ္စကို ကျနော်က ဦးဆောင်ပြောပြနေတာ ကျနော့မှာ အကြောင်းရှိပါတယ်။ မျိုးဝင်း ( မိုးညှင်း) ဆိုတာ ကျနော်တို့ ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသားတဦးဖြစ်သလို၊ သမိုင်းဆောင် အတူတကွ နေထိုင်ပျော်ပါးခဲ့ကြဘူးသူတွေပါ။ သမိုင်းဆောင်မှာကတည်းက သွေးဆာပြီး လက်ယဉ်လေ့ရှိတဲ့ မျိုးဝင်း တယောက် အရေးတော်ပုံအပြီး၊ မြောက်ပိုင်းဒေသမှာ လက်နက်ကိုင်တော်လှန်ရေးလုပ်နေတယ် ဆိုတော့ ဘုရားတလိုက်မိတယ်။ နိုင်ငံရေးအတွေးအခေါ်မရှိတဲ့ လူမိုက်တွေ လက်နက်ကိုင်တဲ့အခါ၊ တော်လှန်ရေးသမားဖြစ်မလာနိုင်ပါဘူး။ အကြမ်းဖက်သမား၊ ဓါးပြဂိုဏ်းလောက်သာဖြစ်လာမှာ အသေအချာပါ။ ဒါကြောင့်လည်း သူရှိနေတဲ့ မြောက်ပိုင်းကို သွားမယ်ဆိုတဲ့အတွေးမျိုးတခါမှ မတွေးခဲ့ပါဘူး။ ကိုထွန်းအောင်ကျော်၊ ရော်နယ်အောင်နိုင်၊ ကိုစိုးလင်း ( အေဘီ ဗဟိုမှာ ဖမ်းဆီးခံရသူ) သုံးယာက်က မန္တလေးသားတွေပါ။ ခုတော့- ရော်နယ်အောင်နိုင် တယောက်သာ မဲဆောက်မှာ ကြီးပွားချမ်းသာပြီး၊ ပါတီပွဲတွေမှာ သောက်စားမူးယစ် အဆီယစ် ရီဝေနေတဲ့ မျက်နှာကြီးကို ကြိမ်ဖန်များစွာတွေ့ရ၊ ဖေ့ဘွတ်မှာ မိန်းကလေးတွေကို အီစကလီ စာလေးတွေ လိုက်ရေးနေတာကိုတွေ့ရပေမဲ့၊ ကိုထွန်းအောင်ကျော် ( ဗကသ-အထက်ဗမာပြည် ဒု-ဥက္ကဋ္ဌ၊ ကျောင်းသားတပ်မတော်၊ မြောက်ပိုင်း-ဥက္ကဋ္ဌ) က အသတ်ခံရ၊ ကိုစိုးလင်းက မန္တလေးကို ပြန်လည်ထွက်ပြေးလာရပါတယ်။
မြောက်ပိုင်းကိစ္စနဲ့ ပတ်သက်ပြီး စစ်အစိုးရက ၁၉၉၂ ဇွန်လ(၃) ရက်၊ ဗုဒ္ဓဟူးနေ့ မှာ သတင်းစာရှင်းလင်းပွဲလုပ်ပါတယ်။ ( မပူပါနဲ့။ သူတို့ရဲ့ အစိုးရရဲ့ သတင်းစာရှင်းလင်းပွဲနဲ့ ကျနော်ပြောနေတဲ့အချက်အလက်တွေ ဘယ်သူက မှန်သလဲ ဘယ်သူက ပိုပြီး အသေးစိတ်လဲ ဆိုတာ သိရဖို့ ယှဉ်ပြီးတင်ပေးသွားပါမယ်။ Far Eastern Economic Review ( ၁၉၉၂ ဂျူလိုင် ၁၆) မှာပါတဲ့ Bertil Lintner ရဲ့ Loss of innocence ဆောင်းပါးတွေကိုလည်း ဖတ်ကြရမှာပါ။ ) စစ်အစိုးရဆိုတာ ယုံကြည်ရတဲ့သူတွေမဟုတ်တော့ ကျနော်တို့က သူတို့ရဲ့ဝါဒဖြန့်ချီရေးဆောင်းပါးတွေ၊ သတင်းစာရှင်းလင်းပွဲတွေကို အရေးလုပ်ဖတ်လေ့မရှိပါဘူး။ သူတို့က မြစ်ထဲရေရှိတယ်ပြောနေရင်တောင်မှ ပြေးပြီးကြည့်ရအုံးမှာပါ။ တလျှောက်လုံးလိမ်ဆင်တွေပဲ ပြောနေတော့၊ သူတို့ဘာပြောပြော ယုံကိုမယုံခဲ့တာပါ။ ဒီအချက်အလက်တွေကို ဗိုလ်ချုပ်ခင်ညွှန့်ရဲ့ စစ်ထောက်လှမ်းရေးဆီက ရတာလား လို့ နာမည်ဝှက်သုံးပြီး အပေါစားပျက်လုံး နဲ့ အောက်ဖဲ နဲ့ လာရှိုးနေသူတွေကို တခုပဲပြောလိုက်ပါရစေ။ ကျနော့အကြောင်းသိချင်ရင်၊ ABSDF မိုးညှင်းအုပ်စု က RIT ကျောင်းသာတွေကို မေးကြည့်လိုက်ပါ လို့ အကြံပေးချင်ပါတယ်။ မျိုးဝင်းဆိုတဲ့ ပုဂ္ဂိုလ်ကတော့ သေသွားတော့ ထားလိုက်ပါတော့။ ဘယ်ကရလဲ သိချင်ရင် စိတ်မလောပါနဲ့။ သိလာရပါစေမယ် လို့ ဖြေထားပါရစေ။ တခုတော့ သတိပေးလိုက်ပါရစေ။ တခါတုံးက ABSDF ( မြောက်ပိုင်း) ခေါင်းဆောင်တွေကို ထောက်ခံခဲ့သူတွေဟာ အခုချိန်မှာ ထိတ်လန့်တုန်လှုပ်ပြီး ဖြောင့်ချက်တွေပေးထားခဲ့တယ် ဆိုရင် ခင်ဗျားတို့ဘယ်လိုနေမလဲ။
(ဃ)
ထောက်လှမ်ရေးလို့ စွပ်စွဲခံရတဲ့ ကျောင်းသားတွေဟာ ပြည်တွင်းကို ပြန်ဝင်လာတော့လည်း စစ်အစိုးရက ဖမ်းပြီး ထောင်ဒဏ်နှစ်ရှည်တွေချခဲ့ပြန်ပါတယ်။ ပါဂျောင်ဒေသမှာတုံးက ကိုယ်တိုင်ကိုယ်ကျ စစ်ကြောရေးစခန်းမှာ ဝင်ရောက်နှိပ်စက် ရိုက်နှက်ခဲ့တဲ့၊ လက်နက်မှုနဲ့ကျတယ်ဆိုတဲ့ ကျောင်းသားတပ်မတော် ရဲဘော်တချို့ကတော့ ထောင်ဒဏ် (၂) နှစ်လောက်နေရပြီး၊ တက္ကသိုလ်တွေမှာ ကျောင်းပြန်လာတက်ကြပြန်တယ်။ သူတို့ကလည်း မိုးညှင်းဘက်က ကျနော့သူငယ်ချင်းတွေပါ။ စက်မှုမေဂျာ က တယောက်ဆို၊ “နန်းစော” ဆိုတဲ့ကောင်မလေးကို ကောင်းကောင်းနှိပ်စက်၊ ရိုက်နှက်ခဲ့တဲ့ထဲမှာ ပါခဲ့သေးတယ်။ အဲ့ဒီအချိန်က စပြီး မြောက်ပိုင်းဒေသရဲ့အဖြစ်အပျက်တွေကို စတင်ခြေရာခံလိုက်ခဲ့မိတော့တယ်။ စစ်ကြောရေးစခန်းက ထွက်ပြေးလွတ်မြောက်လာသူတွေရော၊ စစ်ကြောရေးမှာ ပါဝင်ခဲ့သူတွေရော၊ နှစ်ဘက်လုံးက ကျနော်နဲ့ရင်းနှီးခဲ့တဲ့ မိတ်ဆွေသူငယ်ချင်းတွေဖြစ်နေတယ်။ နှစ်ဘက်လုံးက ရင်ဖွင့်သံတွေကို ရင်နာနာ နားထောင်ခဲ့ရတော့တယ်။ “ဘုရားရေ- ဘာတွေဖြစ်ကုန်တာလဲ” လို့ တနေခဲ့ရတယ်။ တကယ်တော့ ခေါင်းဖြတ်အသတ်ခံရသည့် (၁၅) ယောက်အပြင်၊ စစ်ကြောရေးစခန်းမှာ ညှင်းပမ်းနှိပ်စက် လို့ သေဆုံးသွားခဲ့သူ (၁၄) ယောက်ရှိပါတယ်- နောက်ပိုင်းမှာ နာမည်တွေကို အသေးစိတ်ဖေါ်ပြထားပါတယ်။
ကဲ- ဟော့ဒီ စာရင်းတွေကရော၊ အစိုးရထောက်လှမ်းရေးဆီက ရတယ်လို့ ပြောချင်ပါသေးလား။ ခံခဲ့ရခဲ့သူတွေက ဘယ်မှာ မေ့နိုင်မှာလဲ။ လူတိုင်းမှာ ဝှက်ဖဲတွေ ရှိတယ်ဆိုတာ မမေ့ဖို့လိုတယ်။
ထောက်လှမ်းရေး သူလျှို လို့ စွပ်စွဲပြီး တာဝန်ခံဖမ်းဆီးသူတွေကတော့
(၁) ဗိုလ်မှူးသံချောင်း (ခ) မြင့်စိုး ( ဗဟိုစစ်ရေးတာဝန်ခံ)
(၂) အတွင်းရေးမှူး အောင်နိုင် ( ဥက္ကဋ္ဌ အဖြစ် ရာထူးတိုးမြင့်ခံခဲ့ရသည်)
(၃) ဗိုလ်ကြီး မျိုးဝင်း ( တွဲဘက် အထွေအထွေ အတွင်းရေးမှူး-တစ်-၊ ဒု -စစ်ရေးတာဝန်ခံ ) မိုးညှင်း- နန်းမား
(၄) တပ်ကြပ်ကြီး သန်းဇော် ( မန္တလေး- ဗဟိုထောက်လှမ်းရေး တာဝန်ခံ)
(၅) တပ်ကြပ်ကြီး ဇော်ဇော်မင်း ( မိုးညှင်း- ဗဟိုထောက်လှမ်းရေး)
(၆) ဒုတပ်ကြပ် အောင်စိုးမြင့် ( မိုးညှင်း- ဗဟို ထောက်လှမ်းရေး)
(၇) တပ်ကြပ်ကြီး ကျော်ထင်ဦး ( မိုးညှင်း- ဗဟိုထောက်လှမ်းရေး)
(၈) ရဲဘော် မောင်ထွေး ( ဗန်းမော်)
(၉) ရဲဘော် ဖိုးနှောင်း ( ဗန်းမော်)
(၁၀) ရဲဘော် သက်လင်း ( ဗန်းမော်)
စစ်ကြောရေးအဖွဲ့ဝင်များ
(၁) လှဆိုင်း ( မြစ်ကြီးနား) တွဲဘက် အထွေထွေ အတွင်းရေးမှူး -၂
အာသံကုန်း ခေါင်းဖြတ်ပွဲမှာ ကိုယ်တိုင်ကိုယ်ကျ ဓါးကိုင်ပြီး သတ်ဖြတ်ခဲ့သူဖြစ်တယ်။ လှဆိုင်း ( လှဆောင်) ဆိုသူဟာ တရုပ်နယ်စပ်မှာ ဇာတ်မြှုပ်နေနေတယ် လို့ သိရတယ်။
(၂) စိန်အေး ( မိုးညှင်း- ကချင်ဒေသ ခရိုင်မှူး)
(၃) အောင်သန်း (မိုးညှင်း ( ၇၀၁ ) တပ်ရင်းမှူး)
(၄) သက်ထွန်း ( မိုးညှင်း တပ်ခွဲမှူး)
(၅) စောရင်ထွေး ( ရွှေကူ တပ်ခွဲမှူး)
(၆) သိုက်ထွန်းဦး ( ရန်ကုန်- ၅၀၁ တပ်ရင်းမှူး)
(၇) ရဲလင်း ( ရန်ကုန်- ရန်ကုန်ဒေသ ခရိုင်မှူး ( သူလည်း ထောက်လှမ်းရေးအဖြစ် ဖမ်းခံရပြန်တယ်)
(၈) ညီညီကျော်- ( မန္တလေး- မန္တလေး ဒေသခရိုင်မှူး) ( ထောက်လှမ်းရေးအဖြစ် ဖမ်းခံရပြန်တယ်)
ထောင်မှူးတာဝန်ခံများ
(၁) ဒုအရာခံဗိုလ် အောင်မင်း ( မိုးညှင်း)
တပ်ကြပ်ကြီး ထိန်လွန် ( ဗန်းမော်)
(၂) တပ်ကြပ်ကြီး အေးမောင် ( မိုးညှင်း)
ရဲဘော် လက်သီး
(၃) တပ်ကြပ်ကြီး တာတီး ( မိုးညှင်း)
တပ်ကြပ်ကြီး စောမြမောင်
(၄) တပ်ကြပ်ကြီး လှမျိုးအောင် ( မိုးညှင်း- တာဝန်ပေါ့လျော့မှုဖြင့် သေဒဏ်ချ သတ်ဖြတ်ခံရသည်)
ခေါင်းဖြတ်သတ်ခံရတဲ့ ကျောင်းသား (၁၅) ယောက်အပြင်၊ စစ်ကြောရေးစခန်းမှာ လူမဆန်သည့် ညှင်းပန်းနှိပ်စက်မှုကြောင့် သေဆုံးခဲ့တဲ့ ကျောင်းသားတပ်မတော်ရဲဘော် (၁၄) ယောက်ကတော့
(၁) ရဲဘော် စိုးမင်းအောင်
(၂) ဗဟိုကော်မတီဝင် ဦးစိန်
(၃) ရဲဘော် ပြည့်စိုးနိုင် ( ရန်ကုန်)
(၄) ရဲဘော် အေးကျော်
(၅) ရဲဘော် ကျော်ဋ္ဌေး
(၆) ရဲဘော်ကျော်ကျော်ဦး
(၇) ဒုအရာခံဗိုလ် အောင်ကိုး ( ဗန်းမော်)
(၈) တပ်ကြပ်ကြီး ဇော်ဝင်းချစ် (ဗန်းမော်)
(၉) ဗဟိုကော်မတီဝင် ခင်မောင်အေး (စစ်ကိုင်း)
(၁၀) ရဲဘော်တင့်လွင် ( မြစ်ကြီးနား)
(၁၁) အောင်မင်း ( မန္တလေး)
(၁၂) အရှည်ကြီး ဝင်းသိန်း
(၁၃) ရဲဘော် စိုးကြီး
(၁၄) ရာကွတ်ဘိုင် ( တရုပ်ပြည်၊ ယင်ကျန်း)
ဘာကြောင့် ဒီလို အစုလိုက်အပြုံလိုက် လူသတ်ပွဲတွေဖြစ်ခဲ့ရတာလဲ။ ပြဿနာရဲ့ အဓိကတရားခံဟာ ဘယ်သူတွေလဲ။ ဇာတ်လမ်းတခုလုံးကို တတိယပိုင်းမှာ ရေးသွားပါမယ်။ ခုခံချေပ ချင်သူတွေရဲ့ ဇာတ်လမ်းတွေကိုလည်း ဖတ်ချင်ပါတယ်။ ပြည်သူလူထု ဆိုတာ အကောင်းဆုံး ဆုံးဖြတ်ပိုင်ခွင့်ရှိသူတွေပါ။
“ ဒီအိမ်ပေါ်မှာ ကောင်းချီးမင်္ဂလာရောက်စေသော်” တဲ့
ခရစ်စမတ်မှာ မိတ်ဆွေတွေအားလုံး ကံကောင်းကြပါစေ။

Wednesday, December 21, 2011

တာဝန်ရှိသူများ တာဝန်ယူဖြေရှင်းကြပါ..။

from Htun Gyaw included below]
ငါတို့လူ့အခွင့်အရေးကိုဘယ်လောက်တန်ဖိုးထားကြသလဲစောင့်သိရိုသေကြသလဲ?။
------------------------------------------------------------
ကိုထိန်လင်းရဲ့ “ကျွန်တော်သန်းကြွယ်သူဌေးဖြစ်ခဲ့စဉ်က”ကို ဖတ်ရတော့ယူကြုံးမရဖြစ်ရတဲ့အပြင်တော်တော် လဲသံ ဝေဂရခဲ့ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာစစ်အာဏာရှင်စံနစ်ကိုတွန်းလှန်ဖို့ကြိုးစားရင်း၊ နိုင်ငံရေးအဖွဲ့ အစည်း တွေ ပြည်သူ့အရေး၊ ဒီမိုကရေစီရေးတွေပျောက်ကွယ်၊ ပန်းတိုင်ကိုမေ့ပြီး ၊ ရန်သူကပင်မလုပ်တဲ့ ရက် စက်မှုအပေါင်းသရဖူဆောင်း တဲ့အထိလူကိုလူလို့မမြင် တော့ဘဲ၊ လူ့အခွင့်အရေးအတွက် တိုက်ပွဲ ဝင်နေပါ တယ်ဆိုသူတွေကလူ့အခွင်အရေးတွေကိုမျက်ကွယ်ပြု၊ လူတွေကို အဟိတ်တိရစ္ဆာန်တွေလိုအရိုင်း အစိုင်းခေတ် ကအတိုင်းလူမဆန်တဲ့နှိပ်စက်နည်းတွေနဲ့မတွေးဝံ့လောက်အောင် ရက်ရက်စက်စက်နှိပ်စက်ပြီး၊ အပစ်ရှိ ပါတယ်လို့ ဝန် ခံခိုင်း၊ ကမ္ဘာ့အလယ်မှာလူရိုင်းတိုင်းပြည်လိုပြုကျင့်ခဲ့တာတွေကြောင့်၊ ဗမာနိုင်ငံကို တကယ် ကယ်တင်ချင် တယ်၊ တကယ် လူ့အခွင့်အရေးကိုလေးစားတယ်၊ ပြည်သူတွေအတွက်ရယူပေးချင်ပါ တယ်ဆိုတဲ့ သူတွေအား လုံးကြပ်ကြပ်အသဲထဲမှာစွဲနေအောင်မှတ်သားထားပြီး၊ ငါတို့ဒီလိုအလုပ်မျိုးတွေကိုဘယ်တော့မှ မလုပ်ဘူးလို့၊ မိမိကိုယ်ကိုမိမိ လေးလေးနက်နက် ဂတိပြုပြီး စက်ဆုပ်ရွံရှာ စွာ စံနမူနာယူသင့်တယ် လို့တိုက် တွန်းချင်ပါတယ်။
မြန်မာ့နိုင်ငံရေးသမိုင်းမှာ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ဖြုတ်၊ထုတ်၊သတ်လမ်းစဉ်ဟာ ကွန်မြူနစ်တွေရဲ့လမ်းစဉ် ဟာ မင်းမဲ့ဝါဒနဲ့ဘာများခြားနားလို့လဲလို့မေးခွန်းထုတ်ရတဲ့ကိန်းဆိုက်ခဲ့သလို၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်း သား များဒီမိုကရက်တစ်တပ်ဦးဟာလည်းမင်းမဲ့စရိုက်နဲ့ကျောက်ခေတ်ကိုပြန်သွားမှာလား? ပြည်သူတွေကို ဒီမိုကရေစီရအောင်တိုက်ယူကြမှာလား?ဆိုတာမြောက်ပိုင်းအေဘီအက်ဒီအက်ရဲ့လူမဆန်တဲ့နှိပ်စက်ညှင်းပန်း သတ်ဖြတ်မှုကမေးခွန်းထုတ်လာရတော့တယ်။ ဒီလိုလုပ်ရပ်တွေကြောင့်ပြည်သူတွေရဲ့ယုံကြည်မှုကျဆင်းသွား ရတာမဆန်းဘူးလို့ပြောရမှာဘဲ၊ မြန်မာ့နိုင်ငံရေးမှာအဓိကပြသနာကကိုယ့်တပ်ကိုယ်ပြန်နင်းတဲ့အကျင့်ဆိုးဘဲဖြစ် တယ်။ တရားဥပဒေဘောင်အတွင်းကစစ်ဆေးပြီးအပစ်ရှိရင်အပစ်ပေး၊ အပစ်မရှိရင်မရှိတဲ့အလျှောက်လွှတ်တာ မျိုးကိုလေးလေးနက်နက်မကျင့်သုံးသ၍နိုင်ငံရေးရည်မှန်းချက်တွေနဲ့ဝေးနေဦးမှာဘဲ။ အဓိကတရားဥပဒေကိုတောထဲမှာမှို့လို့၊ ကျင့်သုံးဘို့မလွယ်ဘူးဆိုတဲ့ဆင်ချေပေးမနေဘဲ ၊ တောမှာဖြစ်ဖြစ်၊ မြို့မှာဖြစ် ဖြစ်၊ တရားဥကဒေကိုလိုက်နာဘို့လိုတယ်၊ တရားကိုစောင့်သိကြဘို့လိုတယ်။ အလွန်စိတ်မကောင်း ဖြစ်ရတာက၊ ဗကပတွေရဲ့အမှားကိုနှောင်းလူတွေဖြစ်တဲ့ အေဘီအက်ဒီအက်ကခေါင်းဆောင်တွေသိရဲ့မြင်ရက်နဲ့ ဘာလို့ပုံတူကူးချရက်စက်ပြရတာလဲဆိုတာဘဲဖြစ်တယ်။ ဒီလုပ်ရပ်ဟာကျောင်းသားတွေရဲ့လက်နက်တော်လှန် ရေးကိုပျက်လိုပျက်စီးလုပ်တာထက်ကျော်လွန်ပြီးလုံးဝကျဆုံးသွားအောင်ရည်ရွယ်ချက်ရှိသည်ဖြစ်စေ၊ မရှိသည် ဖြစ်စေအမျှော်အမြင်နည်းစွာနဲ့လုပ်လိုက်တာလို့မြင်တယ်။ စစ်အာဏာရှင်တွေက ပြည်သူတွေကို၊ လက်နက်နဲ့ ဗိုလ်ကျစိုးမိုးနေတာကို တိုက် မဲ့သူတွေကိုယ်တိုင်ကကိုယ့်လက်ထဲမှာလက်နက်ရောက်လာတော့၊ ရန်သူထက် ဆိုးတဲ့နှိပ်စက်နည်းတွေနဲ့ ကိုယ်လူအချင်းချင်းထဲမှာရန်သူ့သူလျှိရှိတယ်ဆိုပြီး၊ အပစ်ရှိသူ ၁၀၀ လွတ်ရင်လွတ် ပါစေ၊ အပစ်မဲ့သူတယောက် အပစ်မကျစေနဲ့ဆိုတဲ့တရားသဘောနဲ့ဆန့်ကျင်ပြီး အပစ်ရှိသူတယောက်မိ ဘို့ အပစ်မဲ့သူ ၁၀၀ သတ်ချင်သတ် မယ်ဆိုတာဖြစ်လာခဲ့တာကြောင့်တကယ့်တော်လှန်ရေးသမားတွေတောတွင်း ခံခဲ့ရတာပါ။
ဒီကိစ္စမှာအဲဒီအချိန်ကတာဝန်ယူထားတဲ့ထိပ်ပိုင်းခေါင်းဆောင်တွေမှာလုံးဝတာဝန်ရှိတယ်၊ ဒီကိစ္စကိုတနေ့နေ့မှာ ဖြေရှင်းကြရမယ်၊ အဲဒီနေ့ဟာလည်းမကြာခင်ရောက်လာတော့မှာဖြစ်တယ်၊ ဒီမိုကရေစီရရင်တောင် ကိုယ့်တိုင်း ပြည်ကိုယ်မပြန်ရဲမဲ့လူတွေလဲရှိမှာပါ။
လွန်ခဲ့တဲ့အနှစ်၂၀ လောက်ကကိစ္စဟာ၊ အချိန်ကြာလာရင်ပျောက်ကွယ်သွားမယ်လို့ထင်ရင် အမှားကြီးမှားလိမ့် မယ်။ ABSDF ဘာကြောင့်ဒီလိုဖြစ်ခဲ့ရတာလဲ? ဘယ်သူ့မှာတာဝန်ရှိသလဲမေးရင်တာဝန်အရှိဆုံးပုဂ္ဂိုလ်တွေဖြစ် တဲ့ထိုစဉ်ကဥက္ကဌတာဝန်ယူထားတဲ့သူတွေကရှင်းပြနိုင်ရင်ပိုကောင်းမယ်။ ဒါမှ ကျောင်းသားတော်လှန်ရေး ကြီးဘာကြောင့်မအောင်မမြင်ဖြစ်ခဲ့ရတယ်ဖရိုဖရဲဖြစ်ရတယ်ဆိုတာသိမယ်လို့ယုံကြည်ပါတယ်၊ အနှစ်၂၀ကျော် ကြာပြီမို့အားလုံးသိခွင့်ရှိတယ်လို့ယုံကြည်လို့လဲဖြစ်ပါတယ်၊ အဲဒီတုံးကဦးဆောင်ခဲ့တဲ့သူတွေအနေနဲ့ ဘာကြောင့်ဒီလိုအရုပ်ဆိုး အကျဉ်းတန်မှုတွေဖြစ်ခဲ့ရတယ်၊ ဘယ်သူကဒီလုပ်ရပ်ကိုခွင့်ပြုခဲ့သလဲ?၊ အေဘီဗဟိုကဒီလုပ်ရပ်ကိုခွင့်ပြုခဲ့တာလား? အေဘီကချင်ကကိုယ့်ဘာသာကိုယ်လုပ်ခဲ့တာလား?။ ကိုယ်တွေ့အဖြစ်မှန်များကိုသတ္တိရှိရှိတင်ပြပြီးအများကစဉ်းစားကြဘို့ ဖြစ်ပါတယ်။
အေဘီဥက္ကဌတယောက်အနေနဲ့ကိုယ်လေးစားတန်ဘိုးထားတဲ့အဖွဲ့ကြီးအခုလိုကိုယ့်ရဲဘော်အချင်းချင်းသတ်တဲ့အထိအရုပ်ဆိုးအကျဉ်းတန်တဲ့လုပ်ရပ်အတွက်အထူးဘဲစိတ်မကောင်းဖြစ်မိသလိုရေငုံနှုတ်ပိတ်အနေသင့်ဘူးလို့ယူဆတဲ့အတွက်အခုလိုရေးသားလိုက်တာဖြစ်တယ်၊ ကိုထိန်လင်းအနေနဲ့အဲဒီတုံးကဘယ်သူတွေကညှင်းပန်းနှိပ်စက်ခဲ့တယ်၊ ဘယ်သူကဖြင့်အမိန့်ပေးတယ်၊ အဓိကဦးဆောင်သူတွေကိုနံမည်နဲ့တကွရေးသားဖြည့်စွက်ပေးပါလို့ပြောချင်ပါတယ်။ အထူးပြောချင်တာကတော့ ABSDF မှာလက်ရှိတာဝန်ထမ်းဆောင်နေကြတဲ့ရဲဘော်တွေနဲ့ ၊ ဒီလုပ်ရပ်ကို ကျူးလွန်ခဲ့တဲ့ သူတွေနဲ့မရောယှက်စေချင်ဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီး ရန်သူလက်တွေဝင်မွှေလာမှာကိုလဲတော် လှန်ရေးသတိရှိဘို့လိုတယ်။ အခုလိုအရေးကြီးနေတဲ့အချိန်မှာ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ABSDF ကိုတိုက်ခိုက်ဘို့ လက်နက်ကိုင်လမ်းစဉ်ကိုသေးသိမ်အောင်လုပ်ဘို့လုပ်လာနိုင်တယ်။ ဗိုလ်ချုပ်အောင်ဆန်းတို့လူစစ်ပြီးရဲဘော်သုံးကျိတ်ဖွဲ့ခဲ့တာတောင်ရှုမောင် ခေါ်ဗိုလ်နေဝင်းလိုလောက်ကောင် အာဏာရူးကကပ်ပါလာသေးတာဘဲ။ ဒါကြောင့်ဘယ်သူကဘာဆိုတာမသိခင်ဝါးလုံးရှည်နဲ့မယမ်းဘို့လိုတယ်။ ABSDF ကျောင်းသားတော်လှန်ရေးကိုယုံယုံကြည်ကြည်နဲ့လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ ရဲဘော်တွေကိုတော့မစော်ကားမိဘို့လိုတယ်။
အားလုံးကိုလေးစားလျှက်
ထွန်းအောင်ကျော်
================================

wwbn) တာဝန်ရှိသူများတာဝန်ယူဖြေရှင်းပါ။
-------------------------------------------
ကချင်ဒေသ ABSDF (မြောက်ပိုင်း ) တွင်ဖြစ်ပွားခဲ့သောလူမဆန်စွာနှိပ်စက် ၊ညှင်းပမ်း၊ရက်စက်စွာသတ်ဖြတ်မှုတွင်အဓိကတာဝန်ရှိသူများသည်းယခုအချိန်တွင်တာဝန်ယူဖြေရှင်းပေးရန်ပြင်းထန်စွာတောင်းဆိုလိုက်သည်။ ဤကိစ္စသည် ကျနော်တို့ ၈၈၈၈ အရေးတော်ပုံကြီးမှပေါက်ဖွားလာသောABSDF ကျောင်းသားတပ်မတော်၏ ဂုဏ်သိက္ခာ ၊အစဉ်အလာကြီးသောသမိုင်းကို အမဲစက်ထင်စေသည်သာမက၊ ဘုရားရှင်ရဲ့ တရားတော်၏ဆိုဆုံးမမှုအောက်တွင်အပြည့်အ၀နာခံ၍ယဉ်ကျေး ၊စာနာစွာနေထိုင်ကြသော မြန်မာပြည်ဖွားများ၏ဂုဏ်သိက္ခာကိုပါစော်ကားပြီးအမဲစက်ထင်စေတဲ့လုပ်ရပ်ဖြစ်တယ်၊ ကမ္ဘာ့အလယ်မှာမိမိတို့လူမျိုး ကဲ့ရဲ့ ရှုတ်ချ အထင်သေးခံရတဲ့ဖြစ်ရပ်ဖြစ်တယ်။ မွန်မြတ် မှန်ကန်စွာတိုက်ပွဲဝင်နေသော ကျောင်းသားတပ်မတော်ကိုပြည်သူ များအယုံအကြည်မဲ့စေသောလုပ်ရပ်ဖြစ်တယ်လို့ကျနော်ခိုင်ခိုင်မာမာစွပ်စွဲပါတယ်၊ အမြန်ဆုံးဖြေရှင်းဖို့လိုအပ်ကြောင်းကိုထပ်မံတောင်းဆိုပါတယ် ။အောင်မိုးဝင်း ရေးသော မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ သည် သူစိတ်ကူးယဉ် ၍ ရေးသားထားချက်မဟုတ်ပါ ၊ကိုယ်တိုင်ခံစားခဲ့ရသောသူများမှပေးပို့သော ခိုင်မာသည့်အချက်အလက်များမှထုတ်နှုတ်ရေးသားခြင်းဖြစ်ပါတယ်၊ကျနော်ကိုယ်တိုင်သိတဲ့ကိစ္စဖြစ်သောကြောင့် ဤ ညှင်းဆဲ သတ်ဖြတ်မှုဖြစ်ရပ်သည် အမှန်တကယ်ဖြစ်ပျက်ခဲ့သော ဖြစ်ရပ်မှန်ဖြစ်ပါကြောင်းထောက်ခံရေးလိုက်ရပါတယ်။ဤ ဖြစ်ရပ်ပေါ်တွင်အခြေခံ၍ ရေးသားခဲ့သော ကိုထွန်းအောင်ကျော် ၏ ရပ်တည်ရေးသားချက်သည် ကျနော်နှင့်ထပ်တူထပ်မျှဖြစ်ပါကြောင်း အသိပေးထောက်ခံအပ်ပါတယ်။ကိုယ်တိုင် ကံနိမ့်စွာဖြင့် နာကျင်စွာ စတေးခံသွားကြသော သူရဲကောင်းများ၊ကံကောင်းစွာဖြင့် အသက်ရှင်ကျန်ရစ်ခဲ့ကြသော သူရဲကောင်းများ ကို ကျနော်အလေးပြုအပ်ပါတယ်၊စတေးခံခဲ့ရသူများအတွက် ကောင်းရာဘုံဘ၀မှာပျော်ရွှင်စွာစံစားနိုင်ပါစေ။ကျနော်သည်ရဲဘော်များနဲ့ထပ်တူ နာကျင်စွာခံစားရပါကြောင်းရေးသားတင်ပြလိုက်ရပါတယ်။ပြုလုပ်သူများသည် တချိန်မှာမိမိလုပ်ရပ်နဲ့ထပ်တူခံစားရမယ်ဆိုတာအမြဲရင်မှာပိုက်ထားကြပါ ၊ကိုယ့်အလှည့်ကျရင်မနွဲ့ကြဖို့တော့လိုတယ်အဆင်သင့်ပြင်ထားကြပါ။ဒါမှတရားမှာပေါ့ ။

တော်လှန်သောသစ္စာဖြင့်
သန်းဝင်း
အထွေထွေအတွင်းရေးမှူး ဟောင်း ( ၁၉၈၈ )
ABSDF
12/ 21/ 2011

Tuesday, December 20, 2011

ကျွန်တော် သန်းကြွယ်သူေ​ဌးဖြစ်ခဲ့စ​ဉ်က ( ပန်ချီထိန်​လင်း)
--------------------------------------------------------
များသောအားဖြင့် ဒီလိုခေါင်းစဉ်မျိုးဟာ ကျဖမ်း စကားပြောပြိုင်ပွဲတွေမှာ မဲပေါက်တတ်တဲ့ ခေါင်းစဉ်မျိုးပါ။ ဟုတ်တာ မဟုတ်တာအပထား စိတ်ထဲရှိတာ လျောက်ပြီး အချိန် မစေ့မချင်း ပြောရတော့တာပေါ့။ ဒါပေမယ့် အခုကတော့ စိတ်ကူးတည့်ရာ မဟုတ်ဘဲ တကယ်ကို သန်းကြွယ် သူဌေး ဖြစ်ခဲ့တုန်းက အကြောင်းကို ပြောမ
လို့ပါ။
ပန်းချီထိန်လင်း တယောက် သန်းကြွယ် သူဌေး ဖြစ်ခဲ့တုန်းက ဘ၀ ဆိုတော့ သစ်ကုန်ကူးတဲ့ အကြောင်းပဲ ပြောပြမှာလား၊ ကျောက်အောင်ခဲ့တာပဲ ဖတ်ရမလားလို့ စာဖတ်သူက တွေးကောင်း တွေးမိနိုင်ပေမယ့် ကျွန်တော့်အကြောင်း သိကြတဲ့ အများစုကတော့ ပေါက်တတ်ကရ၊ ကမောက်ကမတွေ ဖြစ်ခဲ့တဲ့အထဲက တခုခုကို ဘာလုပ်ဇာတ် ခင်းလာဦးမလဲ မသိဘူးလို့ ကြိုတင် တွေးနေလောက်ပါပြီ။ ဟုတ်ပါတယ် ခုပြောပြမယ့် အကြောင်းကတော့ ပိုက်ဆံ သန်းချီချမ်းသာတဲ့ သန်းကြွယ် သူဌေးတယောက် ဘ၀မဟုတ်ပဲ ကိုယ့်ချစ်ဦးခေါင်းမှာ သန်းလေးတွေဝေ ဆိုတဲ့ နောက်တီးနောက်တောက် သီချင်းလို သန်းဂျီးမတွေ ကြွယ်ဝခဲ့တဲ့ တခါက ဘ၀လေး တခုကို ရေးပြမလို့ပါ ခင်ဗျ။ ကျွန်တော်ကိုယ်က သန်းတွေအကြောင်း မပြောခင် သန်းရှာခြင်း ယဉ်ကျေးမှု အကြောင်း ပထမ ပွါးချင်ပါ သဗျ။
လွန်ခဲ့တဲ့ ခြောက်လလောက်က စာရေးဆရာမ ခက်မာရေးတဲ့ အက်ဆေးလေးတခုမှာ ခေါင်းမှာတွယ်တဲ့ သန်းတွေအကြောင်း ဖတ်ခဲ့ရကတည်းက ဒီစာလေးကို ရေးချင်ခဲ့တာပါ။ ပြောရရင်တော့ သူရဲ့ သန်းတွေအကြောင်း ဖတ်ရင်း ကိုယ်ပါ ယားလာတယ် ဆိုပါတော့ဗျာ။
ကမ္ဘာကသိတဲ့ မြန်မာပန်းချီဆရာကြီး ပေါ်ဦးသက်ရဲ့ ရေဆေး ကာတွန်းပန်းချီကားလေးတွေထဲမှာ ရှေ့နောက် တန်းစီပြီး သန်းထိုင်ရှာနေတဲ့ မိန်းမတွေကို မကြာခဏ ဆွဲပြခဲ့ဘူးတာ အမှတ်ရသဗျ။ ကျွန်တော်တို့ ငယ်ငယ် ရုပ်ရှင် ဇာတ်ကားတွေထဲက အတင်းပြောတဲ့ ဇာတ်ဝင်ခန်းတွေမှာ မိန်းမတွေ (တချို့လည်း ရင်ရှားနဲ့) တန်းစီပြီး သန်းရှာကြ၊ သန်းတုပ်ကြရင်း၊ အတင်းပါ တုပ်ကြတဲ့ပြကွက်မျိုးတွေလည်း မကြာခဏ ကြည့်ခဲ့ဘူးကြပါလိမ့်မယ်။
ငယ်ငယ်က ရွာမှာ နေ့လည်၊ နေ့ခင်းဆိုရင် အရိပ်ကောင်းတဲ့ မန်ကျဉ်းပင်ကြီးအောက်မှာ မိန်းမကြီးတွေဟာ သူတို့ ဘီးဆံထုံးတွေ ဖြေချပြီး ဆံပင်ဖါးယားကြီးတွေနဲ့ တန်းစီထိုင်ပြီး တယောက်ခေါင်းကို တယောက်ဖွပြီး သန်းရှာ သန်းတုပ်နေကြတာ အမြဲ တွေ့ရပါတယ်။ သန်းတုတ် သန်းရှာကောင်းတဲ့သူဟာ ရွာမှာ တော်တော်လေး ပေါ်ပြူလာ ဖြစ်တယ်ခင်ဗျ။ နောက်ပြီး သန်းရှာကောင်းတဲ့သူဆိုရင် ရွာထဲမှာ ဟိုလူကခေါ်ရှာခိုင်း ဒီလူကခေါ်ရှာခိုင်းရင်းနဲ့ လူတကာနဲ့ ဆက်ဆံရတာမို့ သတင်းကလည်း သူ့ဆီမှာ စုံတတ်သဗျ။ ဒါကြောင့် တချို့ က သန်းရှာတဲ့ နေရာကို သန်းမရှိပေမယ့် သတင်းစုံ အတင်းစုံကြားချင်လို့ လာကြတာလဲ ရှိသဗျ။ အခုခေတ် သတင်း သိချင်လို့ အွန်လိုင်းပေါ် တက်ကြသလိုပေါ့ခင်ဗျာ။ အဲဒီထဲမှာမှ စောစောက သန်းရှာကောင်းတဲ့ သူတွေကျတော့ ခုခေတ် သတင်းပေါင်းချုပ် ဘလော့ဂ်ဂါ ဒေါက်တာလွဏ်းဆွေတို့လို သိချင်တာ အားလုံး ရှိတတ်တာမို့ သူရှိတဲ့ သန်းရှာဝိုင်းမှာ မိန်းမတန်းက ပိုရှည်တတ်ပါတယ်။
အရင်ခေတ်တွေက အိမ်မှာ လူတယောက် အလုပ်လုပ်ရင် မိသားစုတစုလုံး ထိုင်စားလို့ ရနေတဲ့ခေတ်ကိုး။ ခုခေတ်မှာတော့ ရွာတွေမှာ သန်းတုပ်သန်းရှာတဲ့ ဓလေ့ မရှိသလောက် ဖြစ်သွားပါပြီ။ ခက်တာက မြန်မာ့ရိုးရာ သန်းရှာ၊ သန်းတုပ်တဲ့ ဓလေ့ မပျောက်ပျက်အောင် သက်ဆိုင်ရာတွေက ထိမ်းသိမ်းကြပါဘို့ ခုခေတ်စားနေတဲ့ ဖေ့ဘွတ်တို့၊ တွတ်တာတို့ (တွတ်တီး၊ တွတ်တာ) ပေါ်ကနေ အော်ဂနိုက်ဇ် လုပ်ကြည့်ဘို့ စဉ်းစားသေးသဗျ။ နောက်တော့ ကိုယ့်ဖေ့ဘွတ် စာမျက်နှာမှာ ဒီလို အရေးမပါတဲ့ စိတ်ကူးမျိုး ရေးရကောင်းလားဆိုပြီး ပွက်လောထသွားနိုင်တာမို့ လက်လျော့လိုက်ပါတယ်။
သေချာမှတ်မိတာက ကျွန်တော် စတုတ္ထတန်းနှစ်က ကျွန်တော့် ရှေ့ခုံမှာ ထိုင်တဲ့ ဌေးရီဆိုတဲ့ ကျွန်တော့် သူငယ်ချင်းခေါင်းမှာ သန်းတွေ သန်းနဲ့ချီပြီး ရှိနေတယ်လို့ ထင်ရလောက်အောင် တရွရွနဲ့ ပြေးလွား ရွေ့ရှားနေသဗျ။ သူ့ခေါင်းကိုကြည့်ရင် တစိစိနဲ့ စိတ်ထဲမှာ ယားလာအောင် များလှပေမယ့် ကျွန်တော်တို့ သူငယ်ချင်း ဌေးရီကတော့ သူ့ခေါင်းမှာ သန်းတွေကို ရှိတယ်လို့ အမှုမထားပါဘူး။ ဒါကြောင့် နောင်အခါ သန်းထူတဲ့ခေါင်း မယား ဆိုတဲ့ စကားပုံကို ကြားဘူးတဲ့အခါ ငယ်ငယ်က သူငယ်ချင်း သန်းကြွယ်သူဌေး ဌေးရီမျက်နှာကို ပြန်သတိရမိပြီး ဟုတ်ပါပေတယ်၊ မှန်ပါပေတယ်လို့ လက်ခံရပါတယ်။
နောင် ကျွန်တော် အလယ်တန်း ကျောင်းသားဘ၀လောက် ရောက်တဲ့ အချိန်မှာတော့ ကျွန်တော့် ဆံပင်ထဲမှာ သန်းများ ခိုအောင်းနေသည်ကို သိရှိခဲ့ရပြီး ကျောင်းအားရက်တွေမှာ အမေရဲ့ ညွန်ကြားချက်နဲ့ ဘီးစိပ် တိုက်ရပါတော့တယ်။ ပထမ ဗလာစာအုပ် (သို့) သတင်းစာ အလယ်စာမျက်နှာကို ဖြန့်ချထား ပြီးတော့မှ ခေါင်းကို ငုံ့ပြီး ၀ါးဘီးစိပ်နဲ့ တိုက်ချရပါတယ်။ အဲဒီမှာ သန်း သကောင့်သားတွေ ခမျာ ဆံကြားမှာ မနေသာဘဲ သတင်းစာပေါ်ကို တဖေါက်ဖေါက် ပြုတ်ကျ လာရပါတော့တယ်။ နောက်တော့ ကျွန်တော့်ညီမနဲ့ ကျွန်တော်တို့ဟာ ဘယ်သူ့ခေါင်းက ဘယ်လောက် ရတယ်ဆိုတာကို ပြိုင်ပွဲလုပ်ကြပါတယ်။ ပြီးတဲ့အခါမှာတော့ လက်မနဲ့ လိုက်တုပ်တော့တာပေါ့ ခင်ဗျာ။ သန်းတုပ်တဲ့အခါ တဖေါက်ဖါက်နဲ့ မြည်တဲ့ အသံကြောင့် ပိုပိုပြီး တုပ်ချင်လာတတ်သဗျ။ အဲဒီ နေ့မျိုးဟာ ကျွန်တော်တို့ ခေါင်းပေါ်က သန်းတွေအတွက်ကတော့ ကမ္ဘာပျက်တဲ့ နေ့ပေါ့ခင်ဗျာ။ နောက် ရွာဘုရားတန်ဆောင်းတခုမှာ သန်းတုတ်သူများ ခံစားရသော ငရဲ ဆိုတဲ့ ပန်းချီကားတွေ့လိုက်တော့ နည်းနည်းတော့ ဖျား သွားသဗျ။ အဲဒီနောက်ပိုင်းမှာတော့ ကျလာတဲ့ သန်းတွေကို အိမ်ပြင်ဘက်သွားခါ ချဖြစ်ပါတယ်။
အဲဒီလို ဘီးစိပ်တိုက်လို့ သန်းမကြီးတွေ ကျလာရင် အားရ၀မ်းသာနဲ့ အဖွါးလုပ်တဲ့လူကို ပြတော့ ဂျပန်ခေတ်က ဆပ်ပြာတွေ ပြတ်လတ်ပြီး လူတွေကိုယ်မှာ သန်းဂျီးမတွေ တွယ်ကပ်တဲ့ အကြောင်းတွေကို အဖွားက လွမ်းလွမ်းမောမော ပြောပြတတ်ပါတယ်။ အဲဒီလို ဂျပန်ခေတ်အကြောင်း ပြောပြီဆို ကျွန်တော်ဆိုတဲ့ကောင်က အဲဒီခေတ်မျိုး မရှိတော့လို့ ၀မ်းသာရမယ့်အစား အဲဒီခေတ်ကို မမှီလိုက်တာပဲ နာသလိုလို တွေးမိခဲ့သဗျ။ အဲဒီလို တွေးခဲ့ဘူးလို့လား မသိပါဘူးဗျာ အဲဒီ သန်းဂျီးမ ဆိုတာကြီးနဲ့ ဘ၀တကွေ့မှာ တည့်တည့်ကြီးကို သွားကြုံမိပါတော့တယ်။
နေရာက ကချင်ပြည်နယ်နဲ့ တရုတ်နယ်စပ် KIA ဌာနချူပ် လိုင်စင်နဲ့ ကပ်လျက်မှာ ABSDF (NB) ပါဂျောင် စခန်းရဲ့ အကျဉ်းစခန်းတခုမှာ ကျွန်တော်အပါအ၀င် လူ ၇၀ လောက်ဟာ စစ်အစိုးရက လွတ်လိုက်တဲ့ သူလျိုတွေဆိုပြီး စွပ်စွဲကာ ဖမ်းဆီးနှိပ်စက် ညှင်းဆဲမှုတွေနဲ့ ကြုံနေရချိန်မှာ ကိုရွှေသန်းဂျီးမနဲ့ လာဆုံ တွေ့ရပါတော့တယ်။ ကျွန်တော်တို့ကို ဖမ်းဆီးထားတဲ့ ထောင်ဆိုတဲ့ အဆောက်အဦးက တကယ်တော့ သာမာန် မြေစိုက် ယင်ပေါင်ကြမ်း (ကတ္တရာပြားတွေ) မိုးပြီး ၀ါးခြမ်းသေးသေးလေးတွေနဲ့ ကာထားတဲ့ တဲကြီးဗျ။
ဒါကြောင့်မို့ ကျွန်တော်တို့ကို ညပဲဖြစ်ဖြစ် နေ့ပဲဖြစ်ဖြစ် ထိပ်တုံးရှည်ကြီးတွေထဲခြေ ၂ ဖက်လုံးကို ထည့်ခတ်ထားပါတယ် (သို့မဟုတ်) သံကြိုးကြီးတွေနဲ့ ခြေကျင်းဝတ်ကို ခတ်ထားပါတယ်။ ညဘက် လှဲချ မအိပ်ခင်မှာတော့ လက်တွေကို လက်ကောက်ဝတ်ကနေ ကြိုးနဲ့ ပူးတုပ်ထားပါတယ်။ ပြီးတော့ မျက်နှာကို ပိတ်စနဲ့ တင်းကြပ်နေအောင် စည်းပြီးမှ အိပ်ကြရပါတယ်။ အိပ်ယာကတော့ မြေကြီးပေါ်မှာ ကတ္တာရာပြားစတွေ ခင်းထားတဲ့ ဘူမိ ကဗ္ဗလာ မြေမွေ့ယာပါ။ မအိပ်ခင်မှာ လုံခြုံရေး အဖွဲ့ (သို့) ကျွန်တော်တို့ကို ဖမ်းဆီးထားတဲ့ အဖွဲ့ရဲ့ ခေါင်းဆောင် ပုဂ္ဂိုလ်တွေကို သီချင်းတွေ ဘာတွေနဲ့ ဖျော်ဖြေ တင်ဆက်ရသေး သဗျ။ ခိုင်းရင်ပေါ့လေ။ ပြီးလို့ အိပ်ချိန် လှဲချပြီးပြီ ဆိုရင်တော့ လူးလွန့် လှုပ်ရှားခွင့် မရှိတော့ပါဘူး။
ညလယ်ကောင်မှာ ဆီးသွားဘို့ နိုးတဲ့အချိန်မှာ လှဲချနေရာက ထ၊ ခြေရင်းမှာ ချထားတဲ့ ဂလူးကို့စ် ပုလင်းလွတ်တွေထဲကို သေသေချာချာချိန်ပြီး ရှူရှူးပေါက်ထည့် ရပါတယ်။ ပြီးပြန်အိပ်ပေါ့ဗျာ။ အဲအိပ်ချိန်မှာ လူးလွန့်တာများတဲ့ သူတွေကိုတော့ မနက်လင်းချိန် တန်းစီချိန် ဆီး ပုလင်းတွေ သွန်ပြီးတာနဲ့ နာမည်တွေ ခေါ်လိုက်ပြီရင် မြေကြီးပေါ် ၀မ်းယား တိုးပေးထားရပါတယ်။ အဲဒီမှာ ထောင်မှုး ဆိုတဲ့လူ ဒါမှမဟုတ် အရိုက်အနှက် အင်မတန် ကြမ်းပါပေတယ်လို့ နာမည်ကောင်း ထွက်ချင်တဲ့ လုံခြုံရေးတာဝန်ကျ ပုဂ္ဂိုလ်တွေရဲ့ မနက်ခင်း သွေးပူလေ့ကျင်ခန်း စ ပါတယ်။ သုံးလက်မ ပတ်လည်နီးပါး တုတ်တဲ့ လက်ကိုင်တုတ်ရှည်ကြီးဟာ ကျွန်တော်တို့ရဲ့ ကျော (သို့) ခါးရိုးပေါ်ကို စုံကိုင် ရိုက်ချလိုက်သူရဲ့ စေစားရာအတိုင်း အလည်အပတ်ကျရောက် လာပါတော့တယ်။
သို့ပေမယ့် သို့ကလို ကျရောက်လာတဲ့ တုတ်ချက်တွေဟာ ကျွန်တော်တို့ အဖို့တော့ ထမင်းစား ရေသောက်လိုပါပဲ။ အဲဒီမတိုင်ခင်က စစ်ကြောရေးလို့ ခေါ်တဲ့ ငရဲခန်းမှာ ကျွန်တော်တို့ကို ဖမ်းဆီးစစ်ဆေးတဲ့ ကျောင်းသားတပ်ဖွဲ့ ထောက်လှမ်းရေးရဲ့ တုတ်ချက်၊ ဓါးချက်တွေ၊ မီးရှို့ချက်တွေ၊ လျပ်စစ်တို့ချက်တွေ၊ ရေနှစ်ချက်တွေနဲ့ ယှဉ်တဲ့အခါ ကလေးကစားသလို ဖြစ်နေပါတယ်။ ဒီငရဲခန်းရဲ့ ညှင်းပန်းမှုနဲ့ ရှေ့မှာ ဘ၀ဆုံးပါးသွားတဲ့ ကိုတင်မောင်အေး (ကသာ) နိုင်ငံရေးတာဝန်ခံ ပီကင်းပြန် ဦးစိန်၊ စမ်းချောင်းက ကိုပြည့်စိုးနိုင်၊ ကိုစိုးကြီးတို့လို တုတ်ချက်နဲ့ အသက်ထွက် မခံလိုလို့ တော်လှန်ရေးသမားဘ၀ကနေ မဆလလွတ်လိုက်တဲ့ စစ်ထောက်လှမ်းရေး တွေပါလို့ ရင်နာနာထွက်ဆိုပြီး အသက်ကို ဆက်မွေးဘို့ ကြိုးစားနေတဲ့ ဒီဇာတ်ထုပ်မှာတော့ ဒီလိုကျရောက်လာတဲ့ တုတ်ချက်တွေဟာ သိပ်အဆန်း မဟုတ်တော့ပါဘူး။
ကျွန်တော်တို့လို အသက်ကို မွေးပေမယ့် မိမိတို့ ကိုယ်လက်အင်္ဂါ တချို့ကို ပေးလိုက်ရသူတွေလည်း ရှိတာမို့ ကျွန်တော်တို့ ထောင်အိပ်ခန်းဟာ ဈေးက အမဲသားတန်းထက်တော့ ပိုပြီး သွေးညှီနံ့ လွှမ်းပါတယ်။ လက်ကောက်ဝတ်က ဖြတ်ထားခံရတဲ့ ယူဂျီတာဝန်ခံ ကိုချိုကြီး (နောက်တော့ ခေါင်းပါဖြတ်ပေး လိုက်ရ) လက်ချောင်းတွေ ခုတ်ထားခံရတဲ့ ကိုအောင်ဖိုးတို့ ခြေထောက်ထဲကို ဖနောင့်ကနေ သံချောင်းကို မီးဖုတ်ပြီး ရှိုသွင်းခံထားရတဲ့ ကျောင်းသားခေါင်းဆောင် ကိုထွန်းအောင်ကျော်တို့ဆီက သွေးညှီနံ့တွေအပြင် ရံဖန်ရံခါ အကွဲအပြဲ အဖြတ်အတောက်တွေကြားမှာ ကျွန်တော် ကိုယ်တိုင်လည်း ခေါင်းကိုမကြာခဏ အစိမ်းချုပ်ချုပ် ခံရတတ်တာမို့ ကိုယ်ပေါ်က အ၀တ်တွေမှာ သွေးနံ့စွဲနေတာ အဆန်းမဟုတ်တော့ပါ။
ခက်တာက သွေးပေလို့မို့လည်း အင်္ကျီကိုလဲမပစ်သာပါဘူး။ လဲစရာလည်း မပေးပါဘူး။ အဲဒီ ပါဂျောင်ဒေသဆိုတာက တရုတ်မြန်မာ နယ်စပ် ကေအိုင်အေ ဌာနချုပ် လိုင်စင် စခန်းနဲ့ တဆက်တည်း အမြင့်ပေ ခုနှစ်ထောင်ကျော်ရှိတာမို့ ဆောင်းမှာ အရိုးကွဲအောင် အေးစက်ပါတယ်။ ဒါကြောင့်မို့ စောင်မရှိပဲ (တခါတရံ စောင်ပါးလေး တထည် ၂ယောက်မျှ) မြေပေါ် လှဲအိပ်ရတဲ့ ကျွန်တော်တို့အဖို့ သွေးဘယ်လို ရွဲနေပေမယ့် အဲဒီအင်္ကျီကို မပစ်နိုင်ပါဘူး။ အနည်းဆုံး လေးထပ်လောက် ထပ်ဝတ်ထားတာတောင် အဆောက်အဦး ထရံကြဲကြဲကြားက တိုက်လာတဲ့ တောင်ပေါ်ဆောင်းလေကြောင့် ရိုက်ထားတဲ့ ဒဏ်တွေက အရိုးကွဲအောင် အေးမြလှပါတယ်။
နောက်ပြီးတော့ စပြီး ဖမ်းဆီးနှိပ်စက်ပြီး ချုပ်ထားကတည်းက တခါမှ ရေချိုးခွင့်လည်း မပေးသလို၊ ကျွန်တော်တို့ဘက်ကလည်း ထပ်အသားနာခံပြီး ရေချိုးခွင့် တောင်းဆိုဘို့ဆိုတာ စိတ်ကူးထဲတောင် မရှိပါဘူ။ ဒါကြောင့် အ၀တ်အစားတွေမှာ သွေးတွေကခြောက်ပြီး ချပ်ခေါက်ကြီး ဖြစ်တဲ့နေရာ၊ ဆီးနံ၊ သွေးနံ့နဲ့ ဖုန်မှုန့်တို့ လိမ်းကျံနေခဲ့တာ လနဲ့ချီပြီး ကြာလာတာတဲ့နောက် ကျွန်တော်တို့ကိုယ်ပေါ်မှာ ဘယ်အချိန်က စတင် ပေါက်ဖွါးခဲ့တယ်လို့ မသိနိုင်တဲ့ သန်းဂျီးမလို့ ခေါ်တဲ့ ကိုယ်သန်းတွေနဲ့ အဆွေခင်ပွန်း ဖွဲ့မိကြပါတော့တယ်။
အမှန်တော့ ကျွန်တော်တို့ ကိုယ်မှာ ခုလို ကိုယ်သန်းတွေရှိနေတာကို ဘယ်အချိန်က စ သတိထားမိ ဘယ်သူက စ သတိထားမိတယ်ဆိုတာ မှတ်မှတ်သားသား ရှိသင့်ပါလျက် မရှိတာကတော့ အဲဒီအချိန်က ဘယ်အချိန် ခေါ်ပြီး ရိုက်စစ်ဦးမလဲ။ လျှော့ခ်တိုက်ပြီး အစစ်ခံရ ဦးမလဲ။ မီးမြိုက်ခံရဦးမလဲ ဆိုတာကို နေ့နေ့ညည လန့်နေရလို့ပါ။ အစစ် မခံရတဲ့ အချိန်တွေမှာလဲ သူတို့ခိုင်းတဲ့ အလုပ်ကြမ်းတွေကို ကျွဲလို နွားလို လုပ်ရတဲ့ ကျွန်တပိုင်း ဖြစ်နေတာမို့ သတိမထားမိကြတာပါ။
အဲနောက်တော့ တယောက်သောသူက စပြီး သူ့ကိုယ်ပေါ်မှာ သန်းတွေ ရှိနေတယ်လို့ စကြေညာလိုက်ပြီးတဲ့ နောက်မှာတော့ ကျွန်တော်တို့တွေ အလုပ်နားတဲ့ အချိန် အင်္ကျီတွေကို တလွာချင်း ချွတ်ပြီး သေချာ စစ်ကြည့်သောအခါမှာတော့ အင်္ကျီရဲ့ ချူပ်ရိုးကြောင်းတွေ ကြားမှ ခိုအောင်းနေတဲ့ (အထူးသဖြင့် ဂျိုင်းနဲ့ လက်ပြင် အဆက် ချုပ်ရိုးတွေကြား) သန်းဖြူဖြူကြီးတွေကို တွေရပါတယ်။
လူ့စိတ်ဟာ တော်တော်တော့ ဆန်းတယ်ခင်ဗျ။ ဒီ ကိုယ်သန်းကြီးတွေကို စတွေ့တော့ ဒါဟာအင်မတန် လန့်စရာ ကောင်းတဲ့ကိစ္စကို အန္တရာယ်လို့မမြင်ပဲ ငါ့အမေကြီး (အဖွါး) ပြောတဲ့ ဂျပန်ခေတ်လို ခေတ်ပျက်ကာလမျိုးမှာမှ ကြုံရတဲ့ သန်းဂျီးမကြီးတွေ ကိုယ်တိုင် ငါ့ခန္ဓာကိုယ်ပေါ်မှာ ကိုယ်ကပ်နေပါပေါ့လား ဆိုပြီး ကြိတ်ဝမ်းသာမိနေသေးဗျ။ ဒါပေမယ့် ကြာကြာ မစောင့်လိုက်ရပါဘူး ညလည်း ရောက်ရော သတ္တိပြတော့တယ်ဗျာ။ ခက်တာက ညဘက် မခံမရပ် နိုင်အောင် ဒင်းတို့က ကိုက်ပေမယ့် စောစောက ပြောခဲ့သလို လက်ပြန်ကြိုးက တုပ်ထားတဲ့အပြင် နည်းနည်းလေး လှုပ်ချင်လွန့်ပြီဆိုရင် ခွင့်ပြုချက် အရင်တောင်းရတာမို့ စိုင်းထီးဆိုင် သီချင်း အလိုက်နဲ့ ပြောရရင် ယားတော့ယားတာပေါ့ ဒါပေမယ့် မကုတ်နဲ့ လို့ပဲ ဆိုသလို ဖြစ်နေတာပေါ့ဗျာ။
အမှန်တော့ ညည ကျွန်တော်တို့ အကျဉ်းစံ ရဲဘော်တချို့ဟာ ခွင့်ပြုချက် မတောင်းဘဲ လူးတယ် လွန့်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မနက်မနက် တုတ်ချက် ထိခံနေရတာ တော်တ်ာကြာနေပါပြီ။ အရိုက်သာ ခံနေရတယ် ကိုယ်ဖာသာ လူးမိလွန့်မိသလား မသိရဘဲ အသလွတ် အနွာခံနေရတာက တော်တော်ကြာနေပြီ ခင်ဗျ။ မနက်ကျ စာရင်းက ထွက်လာပြီ လူးတယ်လွန့်တယ်တဲ့။ နောက်မှ အဖြေက ပေါ်တော့တာကိုးဗျ။ ဒီကောင်ကြီးတွေ အင်္ကျီ အတွင်းထဲမှာ ကိုက်နေတာဆိုတော့ လူးတော့တာပေါ့ဗျာ။ လွန့်တော့တာပေါ့ဗျာ။
လူစိတ်ဟာ အင်မတန် ဆန်းသဗျ။ ပထမဆုံး ကျွန်တော်တို့ ကိုယ်ပေါ်မှာ ဒီကိုယ်သန်းကြီးတွေ ရှိနေတယ်ဆိုတာ စသိတဲ့ ညကိုမှာတော့ ညအိပ်ဘို့ ခေါင်းချပြီး မိနစ်အတွင်းမှာပဲ အင်္ကျီအထပ်ထပ် အတွင်းက ကိုယ်ခန္ဓာမှာ မကြုံစဖူး ထူးထူးခြားခြား ယားလာပါတော့တယ်။ သန်းဂျီးမ တပ်ဖွဲ့ဟာ တညတာ စစ်ဆင်ရေး စတင်ဘို့အတွက် တပ်ချီ တပ်ပြောင်းတွေ လုပ်နေပုံ ရပါတယ်ဗျ။ သိတဲ့အတိုင်း ခြေထောက် ၂ ချောင်းကလည်း သံကြိုးကွင်းထဲမှာ။ လက် ၂ ဖက်ကို ကျောနောက်ပို့ပြီး လက်ကောက်ဝတ်ကနေ ပူးတုပ်ထားတာမို့ လှဲချလိုက်ပြီဆိုတာနဲ့ လူက ပုံစံအရကို မလူးမလွန့် နိုင်တော့ပါဘူး။ ငယ်ငယ်က ဘူတာရုံမှာ ခြေလေးချောင်းလုံးကို ပူးတုပ်ထားတဲ့ ၀က်တွေ ပုံစံပါပဲဗျာ။ မျက်စေ့ကိုလည်း ပိတ်စနဲ့ အမြဲတင်းနေအောင် ချည်ထားတာဆိုတော့ နားကို အမြဲစွင့်ထားတဲ့ အလေ့က ရှိနေသဗျ။ ဘယ်သူ့ခေါ်ထုတ် သွားပြီလဲ။ ဘယ်သူ ၀င်လာပြန်ပြီလဲ စသည်ဖြင့်ပေါ့။ ညဘက်တွေမှာ ခေါ်ပြီး စစ်ဆေးတာကိုးဗျ။ ဘယ်သူတော့ဖြင့် စစ်ရင်း လက်လွန်သွားလို့ ပြန်မလာနိုင်တော့ဘူး စသည်ဖြင့်ပေါ့ … ဆိုတော့ နားကတော့ စွပ်စွင့်ထားရတယ်။ ဘ၀က။
ပြောရင်တော့ ပိုလွန်းတယ် ပြောကြမှာပဲ။ တကယ်ပါဗျာ နောက် အာရုံစိုက်ထားတဲ့ အချိန်ဆိုရင် အဲဒီ ကိုရွှေသန်းဂျီးမ တပ်ဖွဲ့ အထဲမှာ ပြေးလွား လှုပ်ရှားတဲ့ အသံကို နားထဲမှာ တခါတခါ ကြားရသဗျ။ အရေပြားပေါ်မှာ ပြေးနေရင်လည်း သိနေသဗျ။ ကိုက်တာကတော့ မပြောပါနဲ့ တော့ဗျာ။
သူတို့တွေကလည်း သိပုံရတယ်ဗျ။ ခုငါတို့ သွေးစုတ်နေတဲ့ လဒတွေဟာ ငါတို့ကို ဘာမှ မတုံ့ပြန်နိုင်တဲ့ ကောင်တွေလို့ ကောင်းကောင်း သိနေပုံရတယ်ဗျ။ အဲဒီတော့ ညရောက်တာနဲ့ ကျွန်တော်တို့ ခန္ဓာကိုယ်ကြီးဟာ သူတို့အတွက် အကောင်းဆုံး ပျော်ပွဲစားရုံကြီးတွေ ဖြစ်သွားတော့တာမို့ တညလုံး စိတ်ကြိုက် ပွဲတော် တည်ကြပါတော့တယ်။ ကျွန်တော်တို့ သန်းတွေကပ်နေတာ စသိတဲ့ ညကတော့ ဘာပြောကောင်းမလဲဗျာ။ အရင်ကနဲ့ မတူအောင်ယား။ မတူအောင် နာတော့ကိုး။ အဲဒီတော့ လက်ပြန်ကြိုးတုပ်ထားတော့ ဘာမှလုပ်မရပေမယ့် နည်းနည်းလေး သက်သာလို သက်သာငြား လူးကြည့် လွန့်ကြည့်ချင်တဲ့စိတ်က ဘယ်လိုမှ တားမရဘူး ခင်ဗျ။
ယားနေတာကို အာရုံစိုက်ပြီး မြေကြီးနဲ့ ကြိတ်သတ်ဖို့ လုပ်ကြည့်တာပေါ့ဗျ။ ဘာပြောကောင်းမလဲဗျာ။ တညလုံးဟာ တယောက်ပြီး တယောက် နည်းနည်း လှုပ်ပါရစေဗျ ဆိုတာချည်း ဖြစ်ကုန်တာပေါ့။ ခက်တာက အကုန်လုံးက ကုပ်ချင် လှုပ်ချင်တဲ့ လူတွေချည်း ဖြစ်နေသလို ကုပ်ဖို့အရေး ခွင့်ပြုချက် ရဘို့ကလည်း အလွန် အရေးကြီးတာကိုး ဗျ။ ကျွန်တော် နည်းနည်း လှုပ်ပါရစေဗျ လို့ပြောပေမယ့် လှုပ်လို့ ခွင့်ပြုချက် ကျဘို့ စောင့်ရတာက တခါ တခါ တကမ္ဘာလောက် ကြာနေသလိုပဲ။ ကိုယ့်အလှည့်တောင် မရောက်သေးဘူး နောက်က တစ်ယောက်က ကျွန်တော်လည်း ကုတ်ပါရစေ ဖြစ်လာပြန်ရော။ သိတဲ့အတိုင်းဗျာ တာဝန်ကျတဲ့ အစောင့်ဆိုတာကလည်း အမျိုးမျိုးကိုး။ အဲဒီတော့ နောက်ဆုံးရလဒ်ကတော့ မနက်လင်းလို့ ကွင်းထဲမှာလည်း တန်းစီရော ဘာမှ ပြောမနေနဲ့ အစောင့်ကျတဲ့ လူအားလုံးက တုတ်ကိုယ်စီနဲ့ စောင့်နေတော့တာပေါ့။ ညက လှုပ်တဲ့လူ မလှုပ်တဲ့လူ ခွဲမနေတော့ဘူးလေ အားလုံးမြေကြီးပေါ် ၀မ်းယားမှောက်ထားစေ ဆိုတာမျိုးနဲ့ အ၀ စားရတော့တာပေါ့ ဗျ။
အဲဒီ နောက်ပိုင်းမှာတော့ ကျွန်တော်တို့ ဘ၀မှာ ကျွန်တ်ာတို့ကို ဖမ်းထားပြီး မကြာခဏ အကြီးအကျယ် နှိပ်စက်နေတဲ့ ငရဲသားတွေရဲ့ ရန်ထက်၊ နောက် ရန်သူတော်အသစ် သန်းဂျီးမတွေကို ပိုပြီး ထိန့်လန့်လာပါတော့တယ်။ ညတိုင်း ဘယ်လိုအချိန်မှာ လူးခွင့် တောင်းရပါ့မလဲ ဆိုတာမျိုးကိုချည်း ချောင်းနေရတာကိုး။ သန်းဂျီးမတွေကလည်း လည်တယ်ဗျ။ ညဆို သူတို့ ပုန်းအောင်းနေတဲ့ နေရာကနေ လက်မောင်းတလျောက် ဆင်းလာပြီး လက်ပြန်ကြိုးတုပ် ထားတဲ့ လက်ကောက်ဝတ်က ကြိုးချည်ထားတဲ့ နေရာတ၀ိုက်ကို ဆင်းလာပြီး ကိုက်တတ်သဗျ။ တိုတိုပြောရရင်တော့ ညမလှုပ်ပဲလည်း မနေနိုင် မနက်ကျတော့မှ ရိုက်ပါစေတော့ ဆိုပြီးလှုပ်ရာက အရိုက်ခံရတာ ကြာလာတော့ ဒီသန်းဂျီးမတွေ ရန်က လွတ်ဘို့အရေးဟာ တို့တာဝန် အရေးတပါး ဖြစ်လာတော့တာပေါ့ ဗျာ။
ပထမဆုံး စစ်ဆင်ရေး ကတော့ အပြင်မှာ အလုပ်တွေ ထွက်လုပ်ရာက အပြန် ထောင်ရှေ့ကွင်းထဲ ခဏထိုင် လူရေတွက်ချိန်မှာ ခွင့်တောင်းပြီး အင်္ကျီ အထပ်ထပ်ကို ချွတ်ပြီး အောက်ဆုံးထပ်ကို ထားပြီး ကျန်အထပ်တွေကို ပြန်ဝတ်ပြီး (ပြန်မ၀တ်လို့ကလည်း မဖြစ်ဘူး တခါတလေဆို ရေခဲအောင် အေးတဲ့ နေရာကိုး) တော့ ရတဲ့ အချိန်အတွင်းမှာ အဲဒီအင်္ကျီရဲ့ ချူပ်ရိုးကြောင်းတွေအတိုင်း ခိုအောင်းနေတဲ့ ရန်သူတော် သန်းဂျီးမတွေကို လက်စားချေကြပါတော့တယ်။
ကျွန်တော်တို့ရဲ့ အင်္ကျီတွေက စစ်ရောင်တွေမို့ စစ်စိမ်းရောင် အင်္ကျီချုပ်ရိုးကြားမှာ ခိုနေတဲ့ ဒင်းတို့ကိုရှာရတာ ဘယ်ခက်လိမ့်မလဲဗျာ။ ဒီဖြူဖြူဖွေးဖွေး ဆန့်စေ့ကြီးတွေလို ကပ်နေတဲ့ဟာ။ အမယ် တကယ်လိုက်ရှာပြီး ရှင်းနေပြီဆိုတာ သိတော့ ဒင်းတို့ကလည်း ပြေးချင်တယ်ဗျ။ ဒါပေမယ့် ဘယ်ရလိမ့်မလဲဗျာ ညပေါင်းများစွာ အညှိုးကြီး ညှိုးထားတဲ့ ကျွန်တော်တို့လက်က လွတ်အောင် မပြေးနိုင်ကြပါဘူး။ အတုံးအရုံးပေါ့ဗျာ။ ဒါပေမယ့်ခက်တာက သူတို့ကို ကုန်စင်သွားအောင် ရှာဘို့ ကျွန်တော်တို့မှာက လုံလောက်တဲ့ အချိန် မရှိတာပဲဗျ။ ပြီးတော့ နေ့စဉ်ကလည်း မရှာနိုင်တာတော့ အရင်လိုပဲ နေ့ကျ အစောင့်နဲ့ စစ်ကြောရေး ပြုသမျှနုကြရပြီး ညညမှာတော့ ဒင်းတို့ပြုသမျှ နုရတဲ့ ဘ၀မှာပဲ စင်းခံခဲ့ရသဗျ။
အဲဒီလို စင်းခံနေရတဲ့ ဘ၀ကနေ တယောက်သောသူက သူ့ အတွေ့အကြုံတခု ဝေငှလာသဗျ။ အဲဒါ ကတော့ ညအိပ်ယာဝင်ခါနီး လက်ပြန်ကြိုး ချည်ကာနီးမှာ အတွင်းဆုံးက အင်္ကျီကို ချွတ်ပြီး အပေါ်ဆုံးကို ပြောင်းပြီး ၀တ်တဲ့နည်း ခင်ဗျ။ များသောအားဖြင့် ဒီသန်းဂျီးမတွေက အောက်ဆုံးက အင်္ကျီမှာ တွယ်ကပ် နေတတ်ထာဆိုတော့ ဒီဟာကို အပေါ်ဆုံးထပ်ကို ပြောင်းဝတ်လိုက်ပြီးတော့ မျက်စိလည်အောင် လုပ်တဲ့စိတ်ကူးဖြစ်ပါတယ်။ တကယ်တမ်း လုပ်ကြည့်တဲ့အခါ ဟုတ်သဗျ။ ညဦးပိုင်းမှာတော့ နည်းနည်းသက်သာသလိုလို ဖြစ်ပြီး နောက်ပိုင်းမှာတော့ အတိုးချပြီး အပြတ်အသတ် နွှာပါတော့တယ်။ ငါတို့ကို မလိမ့်တပတ်နဲ့ လုပ်တဲ့ ကောင်တွေဆိုပြီး တကယ်နွှာတဲ့အခါ တော်တော်ခံစား ရသဗျ။ ဒီတော့ နေနှင့်ဦးပေါ့ကွာ ဆိုပြီး ကြိတ်ပြီး ကြိမ်းဝါးနေခဲ့ရတာပေါ့ ခင်ဗျာ။
ဒီလိုနဲ့ ဆောင်းတွင်းကြီး တတွင်းလုံးမှာ ရေခဲတွေ လွှမ်းတဲ့ဆောင်း၊ အရိုက်ကြမ်း အဖြတ်အတောက် ကြမ်းတဲ့ စစ်ကြောရေးနဲ့ သွေးအစုပ်ကြမ်းတဲ့ သန်းဂျီးမတို့နဲ့ လုံးထွေးရင်း ရက်စက်အမှုအပေါင်း သရဖူဆောင်းတော့သည် ဆိုသလိုပဲ ကျွန်တော်တို့ထဲက ရဲဘော်တချို့ မကြွေသင့်ဘဲ၊ ကြွေလွင့်ခဲ့ရပြီး ဆောင်းအလွန် နှင်းခဲပျော်ချိန် ရောက်လာပါတယ်။
ကျွန်တော်တို့တွေလည်း ငရဲမှာ နည်းနည်း အသားကျလာပါတယ်။ တရက်မှာတော့ ကျွန်တော်တို့ အကျဉ်းသားတွေထဲမှာ တန်းစီး တာဝန်ယူထားရတဲ့ ကသာက ကိုမြင့်သိန်းက အရဲ့စွန့်ပြီး အထူးအရေးကြီးတဲ့ စီမံကိန်းတခုကို လုံခြုံရေး ယူထားတဲ့ တာဝန်ခံကတဆင့် တင်ပြလိုက်ပါသဗျ။
အဲဒါကတော့ ခုလို နှင်းတွေပျော်လို့ ထောင်ကုန်းက ဆင်းတဲ့ တောင်ကြား စမ်းချောင်းလေး ပေါ်လာတဲ့ နေရာမှာ ကျွန်တော်တို့ကို ရေချိုးခွင့်ပြုဘို့နဲ့ အ၀တ်တွေကိုလည်း ရေနွေးနဲ့ စိမ်ပြီး ပြုတ်လျော်ခွင့် ပေးဘို့ဖြစ်ပါတယ်။
အဲဒီချိန်က ကျွန်တ်ာတို့အားလုံး ရေမချိုးရတာ လေးလ ကျော်နေပါပြီ။ နောက်ဆုံးတော့ အစောင့်အကြပ် စုံလင်စွာနဲ့ သဘောတူညီချက် များစွာနဲ့ ရေချပွဲ အခမ်းအနား လုပ်ဖြစ်ပါတော့တယ်။ အချိန်က မနက် ၁၀ နာရီလောက် နေထွက်ချိန်လောက်မှာ စဖြစ်ပါတယ်။ ကျွန်တော်တို့ ထောင်ကုန်းနဲ့ အာသံကုန်း နှစ်ခုကြားမှာ နှင်းပျော်ချိန်ဆို ခြေကျင်းဝတ်လောက် နက်ပြီး လေးပေလောက် ကျယ်တဲ့ စမ်းချောင်းလေး ရှိသဗျ။ အာသံကုန်းလို့ ခေါ်ရတာကတော့ ကေအိုင်အေတပ်မှာ စစ်သင်တန်းလာယူတဲ့ အိန္ဒိယနိုင်ငံ အာသံပြည်ကလာတဲ့ သူပုန်တွေထဲက စစ်စည်းကမ်း မလိုက်နာတဲ့ စစ်သားတချို့ကို ခေါင်းဖြတ် သတ်ခဲ့ဘူးတဲ့ ကုန်းဖြစ်လို့ပါ။
နောင် အဲဒီ တောင်ကုန်းပေါ်မှာပဲ ၁၉၉၂ ဖေဖေါ်ဝါရီလ ၁၂ရက် ညနေ လေးနာရီလောက်မှာ ကျောင်းသားခေါင်းဆောင် ကိုထွန်းအောင်ကျော် အပါအ၀င် တော်လှန်ရေး ကျောင်းသားခေါင်းဆောင် ရဲဘော် ၁၅ ဦးကို တချိန်တည်း အမိန့်ထုတ် ခေါင်းဖြတ် သတ်ခံခဲ့ရတာလည်း အဲဒီကုန်းပေါ်မှာ ဖြစ်ခဲ့တာပါ။
ပထမဦးစွာ ကျွန်တော်တို့က အဲဒီစမ်းချောင်းလေးကို လူတယောက်လှဲပြီး စိမ်လို့ရအောင် ပြုပြင်ရပါတယ်။ တဖွဲ့ကတော့ မိုးဗြဲဒယ်ကြီး တလုံးထဲ ရေဖြည့်ပြီးတော့ ကျောက်တုံးသုံးတုံးကို ဖိုခနောက်ဆိုင်ပြီး ထင်းမီးဖိုကြီးတခု တည်ပါတယ်။ အဲဒီမိုးဗြဲဒယ်ကြီး ပွက်လာတာကို ကြည့်ပြီး ကျွန်တ်ာတို့အားလုံးဟာ တော်တော် စိတ်လှုပ်ရှားနေကြပါတယ်။ ရေတွေ ကျွက်ကျွက်ဆူလာတဲ့အခါမှာ ကျွန်တော်တို့ရဲ့ သန်း နှိမ်နင်းရေး စီမံကိန်းကြီးကို စတင်ပါတော့တယ်။
ပထမဆုံး ရေချိုးမယ့် တသုတ်ခွဲလိုက်ပြီး သူတို့ အားလုံးရဲ့ အ၀တ်တွေ အားလုံးကို ချွတ်ပြီး အငွေ့တထောင်းထောင်း ထနေတဲ့ ရေတွေထဲကို ပစ်ထည့်လိုက်ကြပြီး ၀ါးလုံရှည်နဲ့ ထိုးနှစ်လိုက်ပါတယ်။ အားလုံးရဲ့ မျက်လုံးတွေကလည်း စိတ်ဝင်စားစွာနဲ့ ဒယ်အိုး ရေမျက်နှာပြင်ကို စိုက်ကြည်နေလိုက်ပါတယ်ဗျာ။ တထည် ပစ်လိုက်တာနဲ့ ရေပြင်ပေါ်ကို တက်လာလိုက်တဲ့ သန်းဂျီးမဖွေးဖွေးကြီးဗျာ။ ဖွေးကနဲ ဖွေးကနဲ ရေပြင်ပေါ် တက်လာလိုက်တာ။ နောက်ဆုံး ညစ်မဲနေတဲ့ ဒယ်အိုး ရေမျက်နှာပြင်တခုလုံးမှာ ပေါလောမျောနေတဲ့ သန်းဂျီးမတွေနဲ့ အပြည့် ဖုံးသွားလိုက်တာ ရေမဲညစ်ညစ်တွေတောင် ပျောက်သွားတဲ့ အထိပါပဲ။
ကျွန်တော်တို့ အကုသိုလ်ကလည်း မသေးလှဘူး ခင်ဗျ။ ဒီလောက် ဘယ်နေ့ ထုတ်ရိုက်လို့ သေမလဲဆိုတာကို တထိတ်ထိတ် ဖြစ်နေရတဲ့အထဲ ဒီသန်းဂျီးမတွေက အကုန်ကြွသွားတာကို အားရပါးရ အရသာခံပြီး ကြည့်နေကြသေး တယ်ခင်ဗျ။ ပြောရရင်တော့ သူတို့ ပေးထားတဲ့ ဒုက္ခကလည်း မသေးဘဲကိုးဗျ။ အဲဒီနေ့ ညမှာတော့ ကျွန်တော်တို့ အားလုံးဟာ သန်းဂျီးမတွေရဲ့ ဘေးရန်က လွတ်မြောက်ပြီး အေးေးအချမ်းချမ်း အိပ်စက်ရပါတော့တယ်။
ဒါပေမယ့် သိပ်တော့ မကြာပါဘူး ဒင်းတို့ အတိုးချ နှိပ်စက်တဲ့ ဒဏ်ကို ပြန်ခံရပြန်ပါတယ်။ အကြောင်းကတော့ ကျွန်တော်တို့ ခန္ဓာကိုယ်ကို ရေချခွင့်ရတဲ့နေ့က နှိပ်စက်ထားလို့ မထနိုင်တဲ့လူတွေ လောလောလတ်လတ် လက်ခြေပြတ်ထားတဲ့ ဒဏ်နဲ့ ရေလုံးဝ ထိလို မရတဲ့ ရဲဘော်တချို့က ထောင်တွင်းဆောင်မှာ ကျန်ခဲ့တာမို့ သူတို့ အ၀တ်အစားတွေမှာနဲ့ ကျွန်တော်တို့ အိပ်တဲ့ နေရာခင်းတို့ စောင်တို့မှာ အသက်ဆက်ရှင်သန်နေတဲ့ သန်းဂျီးမတို့ဟာ သန်းဂျီးမမျိုးနွယ် မတိမ်ကောရေးအတွက် သံဝါသအမှုကို အရင်ကထက် နှစ်ဆအတိုးချပြီး လုပ်အားပြကြပုံရပါတယ်။ မကြာခင်မှာပဲ မျိုးဆက်တွေ ပြန့်ပွါးပြီး ကုတ်ပါရစေ ဘ၀။ လူးပါလွန့် ပါရစေ ဘ၀ကို ပြန်ကျရောက်ရပြန်ပါတယ်။
ဒီလိုနဲ့ သန်းဂျီးမ စစ်ဆင်ရေးတခုကို ဆင်နွဲဘို့ အခွင့် လျောက်ရပြန်ပါတယ်။ ဒီလိုနဲ့ န၀တ ခေတ်ဦး မြို့ပြစီမံကိန်း တွေမှာ စစ်တပ်နဲ့ပေါင်းပြီး သန်းကြွယ်သူဌေးတွေ ဖြစ်ဘို့ အလုအယက် စီးပွါးရှာနေကြတဲ့ ခေတ်ကြီးထဲမှာ ကျွန်တော် အပါအ၀င် ကံထူးသူ ငမိုက်သား တသိုက်ကတော့ သန်းကြွယ် သူဌေးတွေ ဘ၀ကနေ လွတ်ဘို့ အသည်း အသန်ကြိုးစား နေခဲ့ကြရသဗျ။
မှတ်မှတ်ရရ သန်းဂျီးမတွေနဲ့ အပြန်အလှန် ခင်းခဲ့တဲ့ စစ်ပွဲကို ကျွန်တော်တို့ ဘက်ကနေ တဖက်သက် ရပ်စဲလိုက်တဲ့ အချိန်ကတော့ စောစောကပြောသလို ကျွန်တော်တို့နဲ့ ဘ၀တူ ရဲဘော်တချို့ ကွက်မြက် ခံခဲ့ရပြီးနောက်ပိုင်းမှာ ဖြစ်ပါတယ်။
ကျွန်တော်တို့ ဇက်ပေါ်ကို တကယ်ဓါးဝဲခဲ့တဲ့ အတွေ့အကြုံအရ တိရိစ္ဆာန်ပဲဖြစ်ဖြစ် လူပဲဖြစ်ဖြစ် ကိုယ့်အသက် သေမှာတော ကြောက်ရှာမှာပဲလို့ ကိုယ်ချင်းစာမိလာတာလည်း ပါသလို၊ နေ့စဉ်အလုပ်ခွင် ထင်းထမ်း၊ ထင်းဖြတ်၊ ကျောက်ထု၊ ကျောက်သယ် လုပ်ကြရတိုင်း ရဲဘော်တွေ ကွက်မြက်ခံခဲ့ရတဲ့ အာသံကုန်း (နောင်အခါ ကိုထွန်းအောင်ကျော်ကုန်း) ဘေးက နေ့စဉ်ဖြတ်သွားလာရင်း စဉ်းစားမိတဲ့ အချက်တခုရှိပါတယ်။
ဗုဒ္ဓ ကျမ်းဂန်တခုမှာ ရဟန်းကြီးတပါးဟာ ပျံလွန်တော်မူချိန်မှာ မိမိရဲ့ သင်္ကန်းကို စွဲလန်းမိခဲ့လို့ သင်္ကန်းမှာ ကပ်ညိပြီး သန်းဂျီမ ဖြစ်ရရှာတဲ့ ဇာတကရှိပါတယ်။ ကျွန်တော်တို့ ရဲဘော်တွေထဲက တချို့ဟာ ကျွန်တော်တို့ကို များနောက်ဆုံး အချိန်မှာ စိတ်မှာစွဲ သွားခဲ့သော်ဆိုတဲ့ အတွေးတခု ရလာပြီးတဲ့နောက် ဒီလိုအတွေးကို အချင်းချင်း ဝေငှပြီးတဲ့နောက်မှာတော့ ကျွန်တော်တို့ရဲ့ မိုးဗြဲဒယ်စစ်ဆင်ရေးကို တဖက်သတ်ရပ်ဆိုင်းပြီး သန်းကြွယ်သူဌေးတွေ ဘ၀မှာပဲ လူးရင်း လွန့်ရင်း ကြိတ်ခံကြတာ နွေ .. တနွေကုန်လို့၊ မိုးကူးပြီး မိုးသည်း ညတညမှာ ပါဂျောင်စခန်းက စွန့်ခွါ ထွက်ပြေးခဲ့တဲ့တိုင် အောင်ပါပဲ။
နောက်ဆုံး အလင်းဝင်ဘ၀နဲ့ ကြက်ခြေနီအဖွဲ့က ပေးတဲ့ အ၀တ်အစားသစ်တွေကို ပြောင်းလဲခွင့် ရချိန်မှာ သန်းဂျီးမတွေနဲ့ ကတ္တီပါ လမ်းခွဲပေါ့ခင်ဗျာ။ အမှန်တော့ ကိုခင်ဝမ်းရဲ့ နုတ်ဆက်ခဲ့ပါတယ် ဆိုတဲ့ သီချင်းလေးနဲ့ နုတ်ဆက်ချင်ပေမယ့် သန်းဂျီးမဆိုတာ့လည်း အနုပညာတွေဘာတွေ နားလည် ခံစားနိုင်မှာမဟုတ်တော့ မဆိုပြဖြစ်ခဲ့ တော့ပါဘူး။
တကယ်တွက်ကြည့်တော့ ဒီအိမ်မက်ဆိုးကြီး မက်ခဲ့တဲ့ သန်းကြွယ် သူဌေးဘ၀ဟာ ခုဆိုရင် နှစ်ပေါင်း နှစ်ဆယ် တင်းတင်း ပြည့်မြည်ခဲ့ပါပြီ။ လာမယ့် ၂၀၁၂ ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့မှာ နိုင်ငံတော်လှန်ရေး တခုအတွက် မွန်မြတ်တဲ့ စိတ်နဲ့ စွန့်လွှတ် စွန့်စားမယ်ဆိုပြီး ထွက်လာခဲ့တဲ့ အထက်ဗမာပြည်က ကျောင်းသားခေါင်းဆောင် ကိုထွန်းအောင်ကျော် အပါအ၀င် ရဲဘော်တွေ ကွက်မြက်ခံခဲ့ရတာ နှစ်ပေါင်း နှစ်ဆယ်တင်းပြည့်ခဲ့ပါပြီ။
နိဒါန်းမှာ ဖေါ်ပြခဲ့သလို ဆရာမခက်မာရဲ့ သန်းတွေအကြောင်း ဖတ်ရတဲ့အခါ နှစ်ကာလများစွာက ကိုယ်ပေါ်မှာ ညပေါင်းများစွာ သန်းဂျီးမတွေ တွားသွားခဲ့တဲ့ နေရာတွေက ယားလာပါတယ်။ အခုတခါ ယားလာတာကတော့ သန်းဂျီးမတွေကြောင့် မဟုတ်ပါဘူး။
နိုင်ငံအတွက် စွန့်လွှတ်ရင်း အသက်ပေးခဲ့ရတဲ့ ကိုထွန်းအောင်ကျော် အပါအ၀င် ကျောင်းသား ခေါင်းဆောင် ရဲဘော်ပေါင်း ၃၀ ကျော်ရဲ့ အဖြစ်အပျက်ထဲမှာ ကိုယ်တိုင်လည်း သားကောင်တစ်ဦးအဖြစ် ပါဝင်ခဲ့ပါလျက်နဲ့ နှောင်းလူတို့ သိဘို့ တစိုးတစိမှ မတို့ မထိခဲ့ပဲ၊ ရေငုံနေခဲ့တဲ့ မိမိကိုယ် မိမိကြည့်မိတဲ့ အခါ အပြစ်မကင်းသလို ခံစားရတဲ့ စိတ်က တရွရွ ကိုယ်ပေါ် ပြေးလွားနေတာမို့ တခါက တရွရွ ပြေးလွှားခဲ့ဘူးတဲ့ သန်းဂျီးမတွေ အကြောင်းကို ခုလို ချရေးမိတာ ဖြစ်ပါကြောင်း ၀န်ခံချက် ပေးပါတယ်။
တကယ်တော့လည်း အစ မထင် သံသရာအစဉ်က ကျွန်တော်တို့ ခန္ဓာမှာ ကပ်ညှိ လိုက်ပါ တွားသွားနေတဲ့ သာမာန်မျက်စိနဲ့ မမြင်သာတဲ့ သန်းဂျီးမတွေက အချိန်တိုင်းမှာ လိုက်ပါ ပြေးလွား ကိုက်ဖဲ့ သွေးစုတ်နေခဲ့တာက …ဘ၀များစွာ၊နှစ်များစွာ၊

လများစွာ၊ ရက်များစွာ၊
နာရီများစွာ ။
မိနစ်များစွာ၊
စက္ကန့်များစွာ မဟုတ်ပါလားခင်ဗျာ။

(ပါဂျောင်ဒေသတွင် ကျဆုံးခဲ့ရသော ကိုထွန်းအောင်ကျော်နှင့် ရဲဘော်များသို့ ဦးညွတ်လျက်)
ပန်းချီထိန်လင်း
မြောက်ပိုင်းဒေသ မှ အရိုးတွန်သံများ ( အပိုင်း - ၁ ) (အောင်မိုးဝင်း)




(၁)


ကျောင်းသားတပ်မတော်(မြောက်ပိုင်း)ရဲ့တိုက်ပွဲဝင်ခွပ်ဒေါင်းအလံကို မြတ်မြတ်နိုးနိုးလွှင့်ထူခဲ့တဲ့ ရဲဘော်တွေအားလုံးကို မင်္ဂလာနှစ်သစ်ဖြစ်ပါစေ လို့ နှုတ်ဆက်လိုက်ပါရစေ။ နှစ်သစ်မှာ အနာဂတ်အတွက် တက်ကြွလန်းဆန်းတဲ့ခြေလှမ်းတွေနဲ့ ရှေ့ခရီးဆက်ကြမယ်။ မကောင်းဆိုးဝါးတွေ ပူးကပ်နေတဲ့ပတ်ဝန်းကျင် ကို ရှင်းထုတ်ကြမယ်။ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ( အထက်ဗမာပြည်) ရဲဘော်တယောက်အနေနဲ့၊ ၁၉၉၀ မန္တလေးညီလာခံကို လာရောက်တက်ခဲ့ကြတဲ့ မိုးညှင်းဒေသ က ကျောင်းသားတပ်မတော် ရဲဘော်တွေကို အထူးတလည် နှုတ်ခွန်းဆက်သ ချင်သလို၊ ကျောင်းသား တပ်မတော် ( မြောက်ပိုင်း) ရဲ့ တော်လှန်ရေးသမိုင်းဂုဏ်သိက္ခာကို သွေးစီးချောင်းတွေပေါ်မှာ မျှောချ၊ အဖွဲ့ဖျက်ပစ်သည်အထိ သေးသိမ်အောင်လုပ်ခဲ့ကြတဲ့၊ သူ့လူကိုယ့်ဘက်သား လူသတ်သမားများကိုတော့ သမိုင်းစာရင်းရှင်းတမ်းအဖြစ် ဆက်လက်လုပ်ဆောင်သွားကြပါမယ်။


ကျောင်းသားတပ်မတော် နဲ့ တော်လှန်ရေးကို အသက်စွန့်ပြီး ချစ်ခဲ့ကြပေမဲ့၊ ကျဆုံးစာရင်းမှာ အသိအမှတ်ပြု မခံရတဲ့ ရဲဘော်တွေအတွက် ဆက်လက်မေးခွန်းထုတ် ကြရပါလိမ့်မယ်။ စိန်ခေါ်တောင်းဆိုကြရပါလိမ့်မယ်။ ဒါပေမဲ့ ကျနော်တို့ဟာ ဗုဒ္ဓဘာသာတွေပါ။ သူတပါးကျူးလွန်ခဲ့တဲ့ အကုသိုလ်ကံတွေကို ကျနော်တို့ ဆီ လောင်မြိုက်ကူးစက်မှုတွေ မရှိစေချင်ပါဘူး။ ပြဿနာတွေကို စိတ်အေးအေးထားပြီး ဖြေရှင်းကြရပါ လိမ့်မယ်။


လူပုဂ္ဂိုလ်တစုံတယောက်အပေါ်မှာ မုန်းတီးခြင်းမျိုး၊ တဖွဲ့နဲ့တဖွဲအုပ်စုဖွဲ့ သိက္ခာချတိုက်ခြင်းမျိုး ကို ရှောင်ရှားပြီး၊ ဒီမိုကရေစီအရေးတော်ပုံရုန်းကန်မှုရဲ့ အားနည်းချက်တွေကို သင်ခန်းစာယူကြသင့်ပါတယ်။ မှတ်တမ်းအဖြစ်လောက်သာ ထားရှိခြင်းမပြုလုပ်ပဲ၊ ဆက်လက် အရေးယူဆောင်ရွက်ရပါမယ်။


တကယ်တော့ ဒီအကြောင်းအရာတွေကို ဒီမိုကရေစီအရေးတော်ပုံအောင်မြင်ဆုံးခန်း တိုင်တဲ့အချိန်ကျမှ ဖွင့်ပြောဖို့ မြိုသိပ်ခဲ့ကြပါတယ်။ ဒီမိုကရေစီအရေးတော်ပုံကို လေးမြတ်စွာလုပ်ကိုင်နေကြတဲ့ ကျောင်းသားတပ်မတော်ရဲဘော်တွေ နဲ့ လှုပ်ရှားမှု သမိုင်းကို မထိခိုက်စေချင်တာတကြောင်း၊ ကျန်တဲ့ မျိုးဆက်သစ်လူငယ်တွေ ဟာ ဒီအကြောင်း အရာတွေကို ဖတ်ပြီး နိုင်ငံရေးအပေါ် စိတ်ပျက်သွားမှာ တကြောင်းကြောင့် ဖွင့်မပြောချင်ခဲ့ပါဘူး။ ဒါပေမဲ့ အစုလိုက်အပြုံလိုက်၊ လူသတ်မှုမှာပါဝင်ပတ်သက်နေခဲ့တဲ့သူတွေ ဟာ၊ ကျောင်းသား တပ်မတော် (မြောက်ပိုင်း) ကို စံနစ်တကျဖျက်ဆီးသွားပြီး နောက်၊ ထိုင်းနယ်စပ်မှာ အကျင့်ပျက်ခြစားမှုတွေကို အုပ်စုလိုက်ကျူးလွန်ပြီး၊ နိုင်ငံတကာက ထောက်ပံ့တဲ့ငွေတွေကို အောင်သေအောင်စား စည်းဇိမ် ခံ ပျော်မြူးခဲ့ကြတယ်။


ပြည်ပ ဒီမိုကရေစီအရေးတော်ပုံလှုပ်ရှားမှုကို နာမည်ပျက်အောင်လုပ်ခဲ့ကြတယ်။ နိုင်ငံတကာက ယုံကြည်မှုမဲ့လာပြီး NGOs တွေနဲ့ ငွေထောက်ပံ့သူတွေက ပြည်တွင်းကိုအာရုံရွေ့သွားတဲ့အခါမှာတော့ ပြည်တွင်းနိုင်ငံရေးကို ဝင်ရောက်ရှုပ်ကြဖို့ ခြေလှမ်းပြင်နေကြတယ်။ ဒီတခါတော့ မရတော့ပါဘူး။


(၂)


ဒီနေရာမှာ KIA နဲ့ ပတ်သက်လို့ ပြောစရာတခုရှိပါတယ်။ ကျောင်းသားတွေ အယောက်(၉၀) ကျော် ဖမ်းထားတာကို ကြားတော့ KIA ဗိုလ်မှူးတွေက လာရောက်မေးပါတယ်။ ( ထုံးစံအားဖြင့်တော့ KIA က ကျောင်းသားတပ်မတော်အပေါ်မှာ ဝင်ရောက်စွက်ဖက်လေ့မရှိပါဘူး)၊“


ငါတို့မှာ ဘရန်ဆိုင်းလက်ထက်ကတည်းက ရန်သူ့ထောက်လှမ်းရေးဆိုလို့ (၅) ယောက်လောက်သာ မိဘူးပါတယ်။ မင်းတို့ဟာက များလှချည်းလား။ ဟုတ်လို့လား” ဆိုတော့ “ ရော်နယ်အောင်နိုင် က အော် - ဗိုလ်မှူးတို့ကလည်း ကျားကိုက်ပါတယ် ဆိုမှ အပေါက်နဲ့လား လို့ မေးနေရသေးတယ်။


ဗိုလ်မှူးတို့က ငါးယောက်ပဲ မိတယ်ဆိုတော့ ညံ့တာပေါ့” လို့ ရယ်မောပြီးဖြေတယ်လို့သိရ ပါတယ်။


ရော်နယ်အောင်နိုင် ရဲ့ “ All the Wars are Dirty” အင်တာဗျူးမှာ ကေအိုင်အေ အပေါ်အပြစ်တွန်းချ ထားတဲ့ စကားတွေကို ပြုံးမိပါတယ်။ လူသတ်တာတွေကြားတော့ ဖုံးမရဖိမရ အနံ့တွေထွက်လာတဲ့အခါ ကျတော့ ကေအိုင်အေ က စစ်ခေါင်းဆောင်တွေ ဇွတ်အတင်းဝင်ရောက်လာပြီး ရပ်ခိုင်းတော့တယ်။ နန်းအောင်ထွေးကြည် ကို ခေါ်ထုတ်သွားတယ်။


တကယ်တော့ လူသတ်မှုအပြင် နောက်ထပ်မေးရမဲ့ မေးခွန်းတခုကတော့ အေဘီ ( မြောက်ပိုင်း) ဟာ ဗဟိုလို မဟုတ်ပါဘူး။ ဗဟိုကော်မတီတွေက ချမ်းသာကြပါတယ်။ ကေအိုင်အေ ဆီက ကျောက်စိမ်းတွင်းတွေ အပါအဝင် အထောက်အပံ့တွေရထားကြပါတယ်။ အဲ့ဒီ ရံပုံတွေတွေ ဘယ်ရောက်သွားသလဲ ဆိုတာကလည်း စိတ်ဝင်စားစရာပါ။ ကာယကံရှင်တွေဖြေဆိုနိုင်ကြပါလိမ့်မယ်။


(၃)


ပထမပိုင်းအနေနဲ့ မြောက်ပိုင်းဒေသမှာ အသတ်ခံခဲ့ရတဲ့ ကျောင်းသားရဲဘော်တွေရဲ့ စာရင်း ကို ပေးပို့ လိုက်ပါတယ်။ လူနှစ်ယောက်အကြောင်းကိုတော့ အထူးပြောချင်ပါတယ်။တဦးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် ရဲမေ မခင်ချိုဦး အကြောင်းပါ။ သူမ နဲ့ စွပ်စွဲခံရတဲ့ ပြည်စိုးနိုင် (ရန်ကုန်) ကို လိုင်စင်လို အေးခဲတဲ့ရာသီအောက်မှာ မြေမြှုပ်ပြီး၊ ခေါင်းကိုသာမြေပေါ်ဖေါ် ထားခဲ့တယ်။နှိပ်စက်မှုဒဏ်ကြောင့် သေဆုံးသွားတဲ့အခါ၊ မခင်ချိုဦး ကို အေးခဲနေတဲ့ ရုပ်အလောင်းအား Oral Sex လုပ်ခိုင်းတယ်။မျိုးဝင်းတို့ အုပ်စုတစုလုံးက မုဒိမ်းကျင့်ပြီး ခေါင်းဖြတ်သတ်ဖို့ လုပ်တဲ့အခါ၊ “ နောင်ဘဝမှာ ခုလို ခေါင်းပြတ်ကြီးနဲ့ မသေပါရစေနဲ့၊ သေနတ်နဲ့ပစ်သတ်ပေးပါ” လို့ တောင်းဆိုတဲ့အတွက် သံချောင်းက သေနတ်နဲ့ဝင်ပစ်ပေးခဲ့တယ်။


ဒုတိယတဦးကတော့ ကိုကျော်ဝေ ပါ။ သူ့ကို ပျော့မိုင်းနဲ့ချည်ပြီး ဘောလုံးကွင်းထဲပတ်ပြေးခိုင်းတယ်။ ပျော့မိုင်းကွဲသွားခဲ့တဲ့အတွက် လက် ပြတ်သွားတယ်။ အဲ့ဒီ လက်ပြတ်ကြီးနဲ့ပဲ အချုပ်ထဲမှာ ဆက်လက်ချုပ်နှောင်ထားခဲ့တယ်။ သူ့လိုပဲ စစ်ကြေရေးကာလမှာ မိုင်းခွဲခံရတဲ့သူတွေရှိပါတယ်။အောက်ဖေါ်ပြပါသူတွေက ဖေဖေါ်ဝါရီ (၁၂) ရက်နေ့မှာ ခေါင်းဖြတ် အသတ်ခံရသူတွေဖြစ်တယ်။ ရဲဘော်၊ တပ်ကြပ်ကြီး၊ ဗိုလ်ကြီး ဆိုတဲ့ အမည်တွေဟာ အဲ့ဒီကာလက ကျောင်းသားတပ်မတော်ရဲ့ ရာထူးတွေအဖြစ်အသုံးပြုထားခြင်းဖြစ်ပါတယ်။


(၁) ကိုထွန်းအောင်ကျော် ( ကျောင်းသားတပ်မတော်ဥက္ကဋ္ဌ၊ မန္တလေး)သံပြားအားမီးဖုတ်ပြီး ပေါင်ခြေသလုံးထံ ကပ်ထားခြင်း၊ ဗိုက်ပေါ်သို့ ကတ္တရာစီးပြားများကို မီးရှို့၊ အစက်ချ မီးမွှေးခြင်း၊ သံချောင်းများကို မီးဖုတ်ခါ၊ ပေါင်အတွင်းသို့ ထိုးသွင်းခြင်း၊ စိတ်ဓါတ်ပျက်ပြားခြောက်ခြားစေရန်၊ ကိုကျော်ဝေကို ထင်းတုံးပေါ်တင်ပြီး ခေါင်းဖြတ်သတ်ထားခါ၊ ထိုခေါင်းပြတ်မှ၊ ပန်းထွက်နေသော သွေးများ ကို၊ သောက်ခိုင်းခြင်း၊ ကိုချိုကြီး၏ လက် ကို လက်ကောက်ဝတ်မှ ခုတ်ပြတ်သော်လည်း၊ ခုတ်ချက်မမှန်ကာ၊ လက်ဝါးအရင်းပိုင်းမှ ပြတ်ထွက်ခါ၊ ( လက်မ တချောင်းထဲပင် ကျန်ထားပါသည်)၊ ထိုလက်ပြတ်အား ကိုက်ထားခိုင်းခြင်း၊ ခေါင်းဖြတ်သတ်ခံရချိန်ထိ၊ ဒုတ်ကောက်ဖြင့်သာလမ်းလျှောက်နိုင်ပြီး၊ အသတ်ခံ လိုက်ရချိန်တွင်၊ ခေါင်းမပြတ်သဖြင့်၊ ပြန်ထလာသည်ကို၊ ပေါက်ပြားနောက်ဖင်ဖြင့်၊ ရိုက်ချ သတ်ခံရပါသည်။


(၂) ကိုချိုကြီး ( မန္တလေး)စစ်ဆေးရေးကာလတွင် ဗိုက်ပေါ်တွင် မီးရှို့ခံရခြင်း၊ လက်ဝါးကပ်တိုင်တွင် လက်များကို သံချောင်းဖြင့် ရိုက်နှက်စစ်ဆေးခံရခြင်း၊ ကိုကျော်ဝေအား ခေါင်းဖြတ်သည့်နေ့တွင် လက်ဝါးအရင်းပိုင်းမှ ခုတ်ဖြတ်ခံရခြင်း၊ ခေါင်းဖြတ်သည့်အခါတွင်၊ ထူးခြားစွာဖြင့် တည်ငြိမ်စွာ ခုတ်ဖြတ်ခံသွားပါသည်။


(၃) ရဲဘော် ကျော်ဝေ ( မန္တလေး)ဦးခေါင်းအား ထင်းတုံးပေါ်တင်ပြီး၊ ကိုမျိုးဝင်းမှ ခေါင်းဖြတ်သတ်ခဲ့ပါသည်။ အသတ်မခံရသေးချိန် တွင်၊ တောင်းပန်သေးသော်လည်း အသတ်ခံရမည်ကို သိသောအခါ၊ ဓမ္မစစ် ကျောင်းသားကွ၊ မင်းတို့ သတ်လို့ ငါသေပေမဲ့၊ ငါ့ဝိညာဉ်မသေဘူးကွ၊ ကျော်ဝေ- ဓမ္မစစ် ကျောင်းသားကွ၊ သတ်လိုက် ရတယ် လို့ အော်ဟစ်သွားခဲ့ပါသည်။ စစ်ကြောရေးကာလတွင်လည်း မိုင်းခွဲပွဲတွင် လက်ကို မိုင်းခွဲခံရခါ လက်ဖြတ်ပစ်ရသူဖြစ်ပါသည်။


(၄) ရဲဘော် အောင်ဖိုး ( ရန်ကုန်)ကိုသံချောင်း၊ ကိုမျိုးဝင်း၊ ကိုအောင်နိုင်တို့မှ ကော်မတီဝင်များနေထိုင်ရာ တည်းစခန်းရှေ့သို့ခေါ် ယူပြီး ခြေထောက်တွင် မိုင်းအပျော့စားကပ်ပြီး၊ မိုင်းခွဲခါ ခြေဖြတ်ခံရ၊ ( ထိုမိုင်းခွဲပွဲတွင်) မငယ် ( နန်းအောင်ထွေးကြည်) အပါအဝင် နှိပ်စက်ခံခဲ့ရသော်လည်း၊ ကံကောင်းထောက်မစွာ၊ လက်မိုင်းခွဲမခံခဲ့ရ၊ နောက်ပိုင်းတွင် ထိုခြေပြတ်ဘဝနှင့်ပင်၊ ခေါင်းဖြတ်သတ်ခံရပါသည်။


(၅) ရဲဘော် ကျော်ကျော်မင်း (မုံရွာ)သေဒဏ်ချမှတ်လိုက်သည်ဟု အမိန့်စာပြန်သောအခါတွင်၊ အောက်ပိုင်း ရုတ်တရက်သေ၊ မိမိကိုယ်မှ သေးထွက်မှန်းကို မိမိမသိသည်အထိ၊ ထိတ်လန့်ခါ၊ ခေါင်းဖြတ်မည့်နေရာသို့ တွဲခေါ်ယူခဲ့ရပါသည်။


(၆) ရဲဘော် မောင်မောင်ကြွယ် ( ရန်ကုန်)ဒေါ်ချိုချိုကျော်ငြိမ်း၏ မွေးစားသားဟုဆိုသည်။ အပတ်စဉ် (၅) ကာလတွင်၊ ကိုမျိုးဝင်းအား အများဆုံးဝေဖန်ခဲ့သူဖြစ်သည်။ မိမိ၏ပါးစပ်အား တိတ်ဖြင့်ကပ်ခါ၊ ကိုမျိုးဝင်း ကို အသံတိတ် ဆန္ဒပြခဲ့သည်။ ကျောင်းသားတပ်ထောက်လှမ်းရေးများ၏ ( အထူးသဖြင့် ကိုမျိုးဝင်းမှ ညှင်းပမ်းနှိပ်စက်ခဲ့) ခေါင်းဖြတ်သတ်ခံခဲ့ရပါသည်။


(၇) တပ်ကြပ်ကြီး တူးတူး ( မြစ်ကြီးနား) ခေါင်းဖြတ်ခံနီးတွင် ဆုတောင်းခိုင်းသောအခါ၊ မည်သည့်စကားတလုံးမှ မဆိုပဲ၊ ခေါင်းဖြတ်သတ်ခံရ၊


(၈) ကိုလှမြင့် ( တပ်ကုန်း)ခေါင်းဖြတ်သတ်ခံရချိန်ထိ၊ မိမိမှာ ထောက်လှမ်းရေး မဟုတ်ကြောင်း၊ ပြင်းထန်စွာငြင်းဆန်သွားပါသည်။


(၉) ရဲဘော် ရန်အောင် ( ရန်ကုန်)ခေါင်းဖြတ်သောအခါ ပြန်ထလာသဖြင့်၊ ရင်ဘတ်အား သေနတ်ဘက်နက် ဖြင့် ထိုးသတ်ခံရ၊


(၁၀) တပ်ကြပ်ဋ္ဌေးမြင့်ဝင်း ( ရန်ကုန်)အပတ်စဉ် (၅) သင်တန်းကာလ၊ တပ်တွင်းဆွေးနွေးပွဲတွင်၊ ကိုမျိုးဝင်းအား ပြင်းထန်စွာ ဝေဖန်ခဲ့ သဖြင့်၊ ခေါင်းဖြတ်သတ်ခါနီးတွင်၊ ကိုမျိုးဝင်းမှ၊ “ ဟေ့ကောင် မင်း ငါ့ကို အပတ်စဉ် (၅) တုံးက ပြော သလို ပြောနိုင်သေးလားဟု အငြိုးကြီးစွာ မေးခဲ့သည်ကို ကျနော်ကိုယ်တိုင်နားဖြင့်ကြား ရပြီး၊ ဋ္ဌေးမြင့်ဝင်းမှ သေနတ်နှင့် ပစ်သတ်ပေးရန်တောင်းဆိုသဖြင့်၊ သေနတ်ဖြင့် ပစ်သတ်ခံရပါသည်။


(၁၁) ရဲမေ မခင်ချိုဦး ( ရန်ကုန်)အသတ်ခံရခါနီးတွင်၊ ငိုယိုရှစ်ခိုးတောင်းပန်သော်လည်း၊ ရဲဘော်များအားလုံးရှေ့တွင် ကိုယ်တုံးလုံး ချွတ်ပြီး၊ သေနတ်ဖြင့် ပစ်သတ်ခံရပါသည်။


(၁၂) ဗိုလ်သာဓု ( ရန်ကုန်)ခေါင်းဖြတ်သတ်ခံခဲ့ရ


( ၁၃) ရဲဘော်အောင်အောင် ( ကသာ)ခေါင်းဖြတ်သတ်ခံရသည်


(၁၄) ရဲဘော်အေးမြင့် ( ကသာ) ခေါင်းဖြတ်သတ်ခံရသည်


(၁၅) တပ်ကြပ်ကြီး သောင်းမြင့် ( စစ်ကိုင်းတိုင်း)ခေါင်းဖြတ်သတ်ခံခဲ့ရသည်


(၁၆) ရဲဘော် သက်နိုင် ( ရန်ကုန်)ခေါင်းဖြတ်သတ်ခံရ


(၁၇) ပြည်စိုးနိုင် ( ရန်ကုန်)ညတွင်းချင်းပင် ဖမ်းဆီးခံရခါ၊ လိုင်စင် ကဲ့သို့ ရေခဲသောအရပ်တွင် မြေကြီးထဲတွင် ကိုယ်ကို မြှုပ်ခါ၊ ခေါင်းလေးသာ ဖေါ်ထားပြီး နှိပ်စက်ခဲ့ပါသည်။ ဘုန်းနှိမ့်စေရန် မခင်ချိုဦးအား ခေါင်းပေါ်သို့ ကျော်ခွ ခိုင်းခဲ့ကြသည်။ ထို့နောက် ဥနှောက်အမြေးပါးယောင် ရောဂါအခံရှိသော ပြည်စိုးနိုင် သည် ဦးခေါင်းကို ရိုက်နှက်ပါ များသည့်အတွက်၊ မနက်ရောက်သောအခါ၊ စစ်ဆေးရင်းသေဆုံးသွားခဲ့ရပါသည်။ မခင်ချိုဦးနှင့်လည်းဖောက်ပြန်နေသည် ဟု စွပ်စွဲခံခဲ့ရပါသည်။


အထက်ပါစာရင်းထဲမှာ ကိုကျော်ဝေ ( မန္တလေး) နဲ့ ပြည်စိုးနိုင် တို့က ဖေဖေါ်ဝါရီ (၁၅) ရက်သတ်ဖြတ်ခံရမှု ထဲမှာ စာရင်းမကြေငြာခဲ့ပါဘူး။ စာရင်းမကြေငြာပဲ အသတ်ခံရသူတွေက(၁) ကိုကျော်ဝေ ( မန္တလေး)(၂) ကိုစိုးဝင်းသန်း ( မန္တလေး)- KIA ဆေးရုံမှာတက်နေစဉ်၊ သန်းဇော် နှင့် လူတစုမှလာရောက်ခေါ်ဆောင် သွားခါ အာသံကုန်းတွင် သတ်ဖြတ်ခဲ့သည်။(၃) ကိုဝင်းနောင် (ရန်ကုန်) ဧပြီလဆန်းပိုင်းအတွင်း ဗန်းမော်ခရိုင်မှာ အသတ်ခံရ၊(၄)ကိုရန်ရှင်း (ရန်ကုန်)- ရက်စက်စွာနှိပ်စက်ခံခဲ့ရပြီး ခုတ်ထစ် သတ်ဖြတ်ခံခဲ့ရသည်(၅) ဦးကျော်ကျော်ဘုန်း ( ခရိုင်မှူး) - ရှေ့တန်းမှာ လူမဆန်စွာ ညှင်းပမ်းနှိပ်စက် သတ်ဖြတ်ခံခဲ့ရသည်ဒုတိယပိုင်းမှာ စစ်ကြောရေးစခန်းတွင် သေဆုံးခဲ့သူ (၁၄) ယောက်နှင့် ကျောင်းသားတပ်မတော် ( မြောက်ပိုင်း) စစ်ကြောရေးစခန်းနှင့်အကျဉ်းထောင်မှာ တာဝန်ယူခဲ့သူများရဲ့နာမည်စာရင်းတွေ၊ အဖြစ်အပျက်တွေကို တင်ပြသွားပါမယ်။

ပြည်တွင်း ပြည်ပမှာ ကျင်းပကြသော အနှစ် ၂၀ မြောက် အမှတ်တရပွဲများ

ကြွေလွင့်သွားသောကျောင်းသားများအမှတ်တရပွဲမှာ ကိုယ်တွေ့ ပြောပြခြင်းများ။

ကြွေလွင့်သွားသောကျောင်းသားများအမှတ်တရ.အပိုင်း ၂

မန္တလေး အမှတ်တရပွဲမှာ ပြသသော သရုပ်ဖေါ်ပြကွက်

မန္တလေး အမှတ်တရပွဲမှာ ကိုရဲလင်းအားမေးမြန်းခြင်း



http://facebook.com/khudaun

http://facebook.com/khudaun



ထပ်ဆင့်နှိုးဆော်အပ်ခြင်း

ထပ်ဆင့်နှိုးဆော်အပ်ခြင်း

မြောက်ပိုင်း လူသတ်မှု့ကိစ္စအတွက် တပ်ရင်းမှူးကိုသိုက်ထွန်းဦးနဲ့ ထိန်လင်း ဆွေးနွေးခြင်း..


88KhuDaun88 ©

TOP